ပုသိမ်တွင် ငါးလုပ်ငန်းဦးစီးဌာနကို ဆန္ဒထုတ်ဖော်

ဆန္ဒဖော်ထုတ်ပွဲဓာတ်ပုံများ ဓာတ်ပုံ-ကာလုစိုး

ပုသိမ်၊ဇူလိုင်(၉)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးမှူးရုံးရှေ့တွင် ကျုံပျော်မြို့ နယ်မှ ဒေသခံရေလုပ်သား ၁၀၀ခန့်က ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေးတိုင်စနစ်နဲ့ အင်းလေလံမချဖို့ သတ်မှတ်ပေးခဲ့ပေမယ့် ငါးဦးစီးက အင်းသူကြီးတွေကို လေလံပေးလိုက်တဲ့အတွက် ရေလုပ်သားငယ်တွေ အခက်အခဲဖြစ်နေရပါတယ်၊ ဒါကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်”ဟု ရေလုပ်သားငယ်တစ်ဦးက ရှင်းပြသည်။

ကျုံပျော်မြို့နယ်၊ ပုသိမ်ခရိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးမှူးတို့က ကျုံပျော်မြို့နယ်ရှိ ရှားခဲကြီး ရှားခဲလေးအင်းကို လေလံချထားပေးရာတွင် မျှတမှုမရှိခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်ကို မလိုက်နာခြင်းတို့ကြောင့် ပုသိမ်မြို့သို့ လာရောက်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ ရှားခဲကြီးရှားခဲလေးအင်းကို ၂၀၁၆-၁၇ အင်းရာသီ ချိန်မှစ၍ ကြေးတိုင်စနစ်ကိုဖျက်သိမ်းခဲ့ကြောင်း၊ ကျုံပျော်မြို့နယ်တွင် ရှားခဲကြီး ရှားခဲလေးအင်း အပါအ၀င် အင်းပေါင်း ၃၀ ကျော်ရှိပြီး ယနေ့ဆန္ဒဖော်ထုတ်ခဲ့သည့် ရှားခဲကြီး ရှားခဲလေးအင်းတွင် ၂၀၁၂ ခုနှစ်က အင်း သူကြီးနှင့် ရေလုပ်သားငယ်များ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် ၃ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ဘူး ကြောင်း ဒေသခံများထံမှ သိရသည်။

*ZawG *

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *