ဦးဝီရသူကို ဆင့်ခေါ်သည့် တရားရုံးအမိန့်စာ မန္တလေး သုံးနေရာတွင် ကပ်

မန္တလေး၊ ဇူလိုင် ၁၁

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး ထွက်ပြေးတိမ်းရှောင် နေသည့် အမျိုးသားရေးဆရာတော် ဦးဝိစိတ္တာဘိဝံသ(ခ) ဦးဝီရသူကို တရားရုံးသို့ ဆင့်ခေါ်သည့် အမိန့်စာများကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ သုံးနေရာတွင် ကပ်ထားကြောင်း မဟာအောင်မြေမြို့နယ် သံဃနာယက အဖွဲ့ ဒုတိယဥက္ကဌ ဦးပညာသာမိက မိန့်ကြားသည်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာသင်ပုန်း၊ မစိုးရိမ်တိုက်သစ် ကြော်ငြာသင်ပုန်းနှင့် ဦးဝီရသူ သီတင်းသုံးခဲ့သည့် ဓမ္မသဟာယကျောင်းတိုက် ကြော်ငြာသင်ပုန်းတို့တွင် ကပ်ထားခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

မစိုးရိမ်တိုက်သစ် ကြော်ငြာသင်ပုန်းနှင့် ဓမ္မသဟာယကျောင်းတိုက် ကြော်ငြာသင်ပုန်းတို့တွင် ကပ်ထားသည့် အမိန့်ကြော်ငြာစာများကို ကပ်ပြီးမကြာမီတွင် ပြန်လည်ခွာထားသည်ကို တွေ့ရသည်။

ဦးဝီရသူသည် ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) / ကျင့် ၅၁၂ အရ ပြစ်ဒဏ်ထိုက်သင့်သည့် ယင်းပြစ်မှုကို ကျူးလွန်ကြောင်း၊ ဖမ်းဝရမ်းထုတ်ပေးရာ ဦးဝီရသူကို မတွေ့သဖြင့် ဝရမ်းပြန်သွင်းကြောင်း၊ ဦးဝီရသူသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း ပြဆိုထားသည်ဖြစ်၍ စွပ်စွဲချက်ကို ထုချေရှင်းလင်းရန် ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်၌ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း ယင်းအမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၉ ရက် နေ့စွဲဖြင့် ဖော်ပြထားသဖြင့် တစ်လအတွင်း လာရောက်ရင်ဆိုင်ရန် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူသည် အစိုးရကို မလိုမုန်းထားအောင်၊ မလေးစား မေတ္တာပျက်အောင် အားထုတ်လှုံ့ဆော်မှုများ ရှိသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အနောက်ပိုင်းခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်၍ မေလ ၂၈ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လျှောက်ထားရခြင်းမှာ နိုင်ငံတော်သမ္မတရုံး၏ အခွင့်အာဏာပေးအပ်မှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှုတို့ကြောင့်ဖြစ်ကြောင်းက တရားခွင်တွင် ထွက်ဆိုထားသည်။

ဦးဝီရသူ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ၎င်း၏ မျက်ကွယ်တွင် တရားလိုနှင့်တကွ သက်သေများ အားလုံးကို စစ်ဆေးပြီး ငြိစွန်းကြောင်း ပေါ်ပေါက်သဖြင့် စွပ်စွဲခံရသူ ဦးဝီရသူ တရားရုံးသို့ လာရောက်ဖြေရှင်းရန် တရားရုံးမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ ၁၂၄ (က) သည် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ငွေဒဏ်နှင့်အတူ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ကျခံနိုင်သည့် ပုဒ်မဖြစ်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဆိုထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *