မြန်မာများအတွက် မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ထိုင်းအစိုးရမူ

သန်းနှင့်ချီသော မြန်မာအလုပ်သမားထုအတွက် ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်မှာ အကောင်း၊အဆိုး ဒွန်တွဲပါလာသည်။

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးတော့မည့်  မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ဆုံးဖြတ်ချက်အသစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ မူလအစီအစဉ်အရဆိုလျှင် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်ပြီးမှသာ ထိုင်းသို့တစ်ကျော့ပြန်လာရမည်ဖြစ်သည်။

ယင်းနည်းလမ်းမှာ အခက်အခဲဒုက္ခများစွာ ကြုံရနိုင်သဖြင့် ထိုင်းနိုင်ငံထဲတွင်သာ သက်တမ်းတိုးပေးရန် အလုပ်သမားများ၊ အလုပ်သမားအရေးဆောင်ရွက်သူများ တောင်းဆိုမှုကြောင့် နှစ်နိုင်ငံအစိုးရအကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ထိုင်းဘက်က သဘောထားပြောင်းလာခြင်းဖြစ်သည်။

မြန်မာအလုပ်သမား သန်းနှင့်ချီကိုသက်ဆိုင်သည့် ယင်းဆုံးဖြတ်ချက်မှာ မြန်မာများအတွက်အကောင်း၊အဆိုး  မည်သို့သက်ရောက်မည်နည်း။

CI သက်တမ်းကုန်မည့်သူများ

ထိုင်းနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မြန်မာအစိုးရက CI ဟု အလွယ်ခေါ်ကြသည့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား (Certificate of Identity) ကို ထုတ်ပေးခဲ့သည်။

၂၀၁၉ ခုနှစ် မေလလယ်အထိဆိုလျှင် မြန်မာအလုပ်သမား ၁ ဒသမ ၆  သန်းကျော်ကို ထုတ်ပေးထားသည်။  ယင်းသို့ CI လက်မှတ်ကိုင်ဆောင်ထားသူများအနက် လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးမည့်သူ၊ ၂၀၂၀ ပြည့်နှစ် မတ်လကုန်တွင်သက်တမ်းကုန်ဆုံးမည်သူ နှစ်မျိုးရှိသည်။

သက်တမ်းကုန်ဆုံးသူများသည် မြန်မာနိုင်ငံသို့ပြန်ကာ MoU ဟုခေါ်သည့် မြန်မာ-ထိုင်းနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် အလုပ်သမား စေလွှတ်သည့်စနစ်ဖြင့် ပြန်လည်လာရောက်ရမည်ဖြစ်ရာ မြန်မာအလုပ်သမားများစိုးရိမ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရက် ၆၀ ကြာနေထိုင်ပြီးမှ ပြန်လာရမည်ဖြစ်သဖြင့် အချိန်၊ ငွေကြေးအခက်အခဲများစွာကြုံနိုင်သောကြောင့် ဖြစ်သည်။

“အိမ်ပြန်ရမယ်ဆိုတော့ အလုပ်သမားတွေတအားစိုးရိမ်ကြတယ်” ဟု ထိုင်းရောက်မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်လကြာနေထိုင်ရမည့်အချိန်တွင် ထိုင်းတွင်အလုပ်လုပ်လျှင် လစာအနည်းဆုံး ဘတ်နှစ်သောင်းကျော် မြန်မာငွေဖြင့်ဆိုလျှင် ကျပ် ၁၀ သိန်းဝန်းကျင်ရနိုင်ကြောင်း၊ ယင်းလစာဆုံးရှုံး နိုင်သည့်အပြင် မြန်မာနိုင်ငံပြန်မည့်ကုန်ကျစရိတ်၊ နှစ်လအတွင်း နေထိုင်စားသောက်စရိတ်နှင့်  MoU  လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်ဆိုလျှင် ကျပ်သိန်းဆယ်ချီကုန်ကျနိုင်သေးကြောင်း ၎င်းကတွက်ချက်ပြသည်။ထို့ကြောင့် အလုပ်သမားအရေးဆောင်ရွက်သူများက မြန်မာအစိုးရကိုဖိအားပေးခဲ့ကြပြီး မြန်မာအစိုးရက ထိုင်း အစိုးရကို ထပ်ဆင့်ဖိအားပေးသဖြင့် ထိုင်းနိုင်ငံထဲတွင် သက်တမ်းတိုးပေးတော့မည်ဆိုသည့် ဆုံးဖြတ်ချက်ဖြစ်လာကြောင်း ဦးအောင်ကျော်က ဆက်လက်ပြောဆိုသည်။

မြန်မာဘက်က တောင်းဆိုခြင်း

CI စာအုပ်ကိုင်ဆောင်ထားသူများ အလုပ်လုပ်ခွင့်သက်တမ်းကုန်လျှင် မြန်မာနိုင်ငံသို့ ပြန်ပြီး MoU စနစ်ဖြင့် မဖြစ်မနေလုပ်ဆောင်ရမည်ဆို၍ အလုပ်သမားများစိုးရိမ်ကြသဖြင့် မေလအတွင်းက ထိုင်းအစိုးရဘက်ကို တောင်းဆိုခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

မေလ ၁၃ ရက်နေ့က ထိုင်းအစိုးရတာဝန်ရှိသူများနှင့် အထူးအစည်းအဝေးကျင်းပကာ ဖြေလျှော့ပေးရန် တောင်းဆိုနိုင်ခဲ့ကြောင်း အဆိုပါရုံးထံမှသိရသည်။ယင်းသို့တောင်းဆိုခဲ့သဖြင့် ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလကုန်အထိ ကိုးလသက်တမ်းတိုးပေးမည်ဟု ကနဦးသဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာအစိုးရကထုတ်ပေးထားသည့် အထောက်အထားစာအုပ်တွင် သက်တမ်းရှိသည့်ကာလ အထိ သက်တမ်းတိုးနိုင်ရေးကို နှစ်နိုင်ငံညှိနှိုင်းမည်ဟုလည်း မြန်မာအလုပ်သမားသံအရာရှိရုံးက ဇွန်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါကိစ္စများကို ဇွန်လအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများတွင် မြန်မာဘက်က ထပ်မံတောင်းဆိုခဲ့သည်ဟု အဆိုပါရုံးထံမှသိရသည်။

ထိုင်းဆုံးဖြတ်ချက်

ယင်းသို့တောင်းဆိုမှုများပြီးနောက်  ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအရေးဆုံးဖြတ်ချက်သစ် ချမှတ်လိုက်သည်။

CI စာအုပ်ကိုင်ဆောင်သူများ၊ ထိုင်းအစိုးရကထုတ်ပေးသည့် ပန်းရောင်ဘတ် (ယာယီအလုပ်လုပ်ကိုင်ခွင့် လက်မှတ်) မှ မြန်မာနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲကိုင်ဆောင်သူများသည် နေရပ်ပြန်ရန် မလိုတော့ဘဲ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့မတိုင်ခင် ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးပေးမည်ဟု ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၈ ရက်နေ့ကပြုလုပ်သည့် နိုင်ငံခြားသားအလုပ်သမားရေးရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာဝစ်က ဆွေးနွေးဆုံးဖြတ်လိုက်ကြောင်း  MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်ကဆိုသည်။

“ထိုင်းနိုင်ငံအတွင်းမှာပဲ သက်တမ်း ပြန်တိုးပေးမယ်ဆိုတာကို ထိုင်းအစိုးရ ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် တရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါပြီ” ဟု ၎င်းကဆိုသည်။

သို့သော် သက်တမ်းတိုးပေးမည့်လုပ်ငန်းစဉ်အသေးစိတ်ကို ထိုင်းအစိုးရဘက်က ထပ်မံသတင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့ သက်တမ်းမတိုးပေးလျှင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမား ၂ ဒသမ ၃ သန်းခန့်သည် မူရင်းနိုင်ငံသို့ ပြန်ကြရမည်ဟု ထိုင်းအစိုးရကထုတ်ပြန်ကြောင်း ၎င်းကဆိုသည်။

“နှစ်သန်းတစ်သိန်းကျော်ဆိုတာက သုံးသပ်ရရင်အများစုက မြန်မာလို့ပဲပြောလို့ရပါတယ်။ ဘာလို့ဆိုတော့ လေးသန်း (ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား) ဆိုတာမှာလည်း သုံးသန်းကျော်က မြန်မာဖြစ်နေလို့ပါ။ ကမ္ဘောဒီးယား၊ လာအိုဆိုတာ အနည်းငယ်လောက်ပဲရှိတာကြောင့် အများစုကမြန်မာတွေပါပဲ”

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးရဲရန်အောင်ကမူ အဆိုပါဆုံးဖြတ်ချက်မှာ ထိုင်းအစိုးရအဖွဲ့ ၏ တရားဝင်ကြေညာချက်ဟုသတ်မှတ်၍ မရသေးကြောင်းပြောဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ယင်းလုပ်ငန်းစဉ်ကို နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီသို့တင်ပြပြီး ယင်းကော်မတီက အစိုးရအဖွဲ့ထံတင်ပြကာ ဆုံးဖြတ်ရယူရမည်ဖြစ်ကြောင်း၊ ယင်းသို့ တင်ပြထားသည့်လုပ်ငန်းစဉ်ကိုသာ ထုတ်ပြန်အသိပေးထားခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းကိစ္စကို ပိုမိုတိကျစွာသိရှိနိုင်ရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ထံ တွေ့ဆုံခွင့်တောင်းထားကြောင်း ၎င်းကဆိုသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနကို တရားဝင်မေးမြန်းထားပြီး ထိုင်းဘက်ကအကြောင်းပြန်မှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း  The Voice Journal သို့ ပြောဆိုသည်။

အကောင်းချည်းမဟုတ်

မြန်မာနိုင်ငံသို့ ပြန်ရန်မလိုတော့ဟုဆိုသော သတင်းကောင်းနှင့်အတူသတင်းဆိုးလည်း ပါလာသည်။

ယခင်က ဗီဇာသက်တမ်း တစ်ကြိမ်တိုးလျှင် ၂ နှစ် သက်တမ်းပေးပြီး ဗီဇာကြေးအဖြစ် ဘတ် ၅၀၀ ပေးသွင်းရသည်။ ယခုသက်တမ်းတိုးမည့် အစီအစဉ်တွင် ဗီဇာသက်တမ်းတစ်ကြိမ်လျှင် တစ်နှစ်ဖြင့်  နှစ်ကြိမ်တိုးရမည်ဖြစ်ကာ တစ်ကြိမ်တိုးလျှင် ဘတ် ၁၉၀၀ စီပေးသွင်းရမည်ဖြစ်သဖြင့် ဘတ် ၃၈၀၀ (ကျပ်နှစ်သိန်းခန့်) ပေးသွင်းရမည်ဖြစ်သည်။

ထို့ကြောင့် ဗီဇာသက်တမ်းကိုနှစ်ကြိမ်တိုးရတော့မည်အပြင် ဗီဇာကြေးမှာလည်း ခုနစ်ဆခွဲခန့် မြင့်တက်သွားသည့်အပေါ် မြန်မာအလုပ်သမားများကမူ လက်မခံလိုကြပေ။

“မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရကို အမြန်ဆုံးဆက်သွယ်ပြီး ယခင်လိုပဲဗီဇာကြေးကို ၂ နှစ် ဘတ် ၅၀၀ ပဲယူဖို့  တောင်းဆိုပေးဖို့လိုပါတယ်” ဟု အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)  မှ အတွင်းရေးမှူး ဦးစိန်ဌေးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် သက်တမ်းတိုးပေးမည်ဆိုသဖြင့် မြန်မာနိုင်ငံသို့နှစ်လကြာ ပြန်ရန်မလိုတော့သဖြင့် အချိန်ကုန်သက်သာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တချို့ငွေကြေးတွေ သက်သာသွားမယ်။ သို့သော်ဗီဇာကြေးက ခုနစ်ဆခွဲတက်သွားတော့ အများကြီးသက်သာတာမျိုးမဖြစ်ဘူး” ဟု ဦးစိန်ဌေးက ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေနှင့် ထိုင်းအစိုးရကို အမြန်ဆုံးကန့်ကွက်ပေးရန်  MWRN က တောင်းဆိုထားကြောင်း  ဦးအောင်ကျော်ကဆိုသည်။

“သံရုံးကိုတော့ ဒီကိစ္စကိုအမြန်ဆုံးကန့်ကွက်ပေးပါလို့ ပြောလိုက်ပြီ။ သံရုံးကတော့ သူလည်းလက်မခံဘူးပြောပါတယ်။ ရအောင်ဆွေးနွေးမယ် ပြောပါတယ်” ဟု ၎င်းကပြောဆိုသည်။

ယင်းအပြင်နောက်ထပ် စိုးရိမ်ချက်များလည်းရှိသေးသည်။

ထိုင်းနိုင်ငံတွင် သက်တမ်းတိုးနိုင်သည်ဆိုသော်လည်း အလုပ်သမားများသက်တမ်းတိုးရန် သွားလာရ လွယ်ကူနိုင်သည့် နေရာဖြစ်ရေး၊ လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်ပြီးစီးရေးဆောင်ရွက်ပေးသင့်ပြီး ကုန်ကျစရိတ်ကိုလည်း သင့်တော်သည့်နှုန်းထားဖြစ်ရန်လိုအပ်သည်ဟု အလုပ်သမားအချို့ကပြောဆိုသည်။

အစိုးရက သတ်မှတ်ထားသည့်နှုန်းထားထက် ပိုမိုမပေးဆောင်ရရေးမှာလည်းအရေးကြီးကြောင်း ထောက်ပြသူများရှိသည်။ မြန်မာအစိုးရက CI စာအုပ်ထုတ်ပေးရာတွင် သတ်မှတ်ထားသည့်နှုန်းထားထက် ပိုမိုပေးဆောင်ရသည်ဟုဆိုကာ တိုင်ကြားခံရခြင်းကြောင့်လည်း ယင်းသို့ဆိုကြခြင်းဖြစ်သည်။

“ CI Process တစ်ခုလုံးမှာလည်း အလုပ်သမားတွေဆီက သန်းပေါင်းထောင်နဲ့ချီပြီးတော့ ပွဲစားတွေနဲ့ အကျင့်ပျက် လာဘ်စားတဲ့အစိုးရဝန်ထမ်းတွေ စားသွားတာကို သိလိုက်ရတယ်” ဟု MWRN  ဥက္ကဋ္ဌ ဦးအောင်ကျော်က ဆိုသည်။

လက်ရှိစတင်မည့် လုပ်ငန်းစဉ်တွင်လည်း အလားတူမဖြစ်စေရန် နှစ်နိုင်ငံအစိုးရ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းပေးသင့်ကြောင်း ၎င်းကဆိုသည်။ သက်တမ်းတိုးပေးရေးလုပ်ငန်းစဉ်သည် ထိုင်းနိုင်ငံဘက်ကသာ လုပ်ဆောင်ပေးရမည်ဖြစ်သဖြင့် CI ကိစ္စကဲ့သို့ အခြေအနေမဆိုးနိုင်ကြောင်း ထောက်ပြသူလည်းရှိသည်။

“ခံတာတော့ခံရဦးမှာပဲ။ ပိုက်ဆံပိုတောင်းတာမျိုးပေါ့။ ဒါပေမဲ့ CI လုပ်တုန်းကလို အများကြီးပိုတောင်းခံရတာမျိုးတော့ မဖြစ်နိုင်ဘူး။အနည်းအကျဉ်းပိုတောင်းတာမျိုးလောက်ပဲ ဖြစ်နိုင်တယ်” ဟု ဦးစိန်ဌေးကသုံးသပ်သည်။

ထိုင်းနိုင်ငံထဲတွင် သက်တမ်းတိုးခွင့်အတည်ဖြစ်လျှင် မြန်မာအလုပ်သမားများအတွက် အဆင်ပြေသွားနိုင်ပြီး ဗီဇာကြေးမြင့်တက်မှု၊ ဗီဇာသက်တမ်းတစ်ကြိမ်လျှင် တစ်နှစ်သာပေးတော့မည့် အခြေအနေတို့ကို နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာန အချင်းချင်းညှိနှိုင်းကြရမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က  ဆိုသည်။

MoU ဖြစ်နိုင်လား

အဆိုပါသက်တမ်းတိုးရေးမှာ MoU စနစ်ထဲရောက်သွားနိုင်ခြေရှိသလော။

MoU စနစ်ဆိုလျှင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး လက်ရှိသက်တမ်းတိုးရေးမှာ ထိုင်းဘက်ကသာစီစဉ်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် MoU စနစ်ဆိုလျှင် မြန်မာနိုင်ငံသို့ အဝင်ပြရမည့် အနေအထားရှိကြောင်း ဦးရဲရန်အောင်ကဆိုသည်။

ထိုင်းတွင်သက်တမ်းတိုးပေးမည့်အစီအစဉ်မှာ MoU စနစ်ဖြင့် ဖြစ်လာနိုင်သလောဆိုသည့် မေးခွန်းအပေါ်

“အဲဒါတော့ ပြောလို့မရသေးဘူး” ဟု ၎င်းကဖြေကြားသည်။

ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေး ဥပဒေအရလည်း နိုင်ငံခြားသားတစ်ဦးကို လေးနှစ်ထက်ပို၍ တစ်ဆက်တည်း နေထိုင်ခွင့်လက်မခံဘဲ လေးနှစ်ပြည့်လျှင် မူရင်းနိုင်ငံသို့ တစ်ကြိမ်ပြန်ပြီးမှသာ ပြန်လာခွင့်ရှိသည်။

“မြန်မာပြည် နယ်စပ်တစ်ခေါက် ပြန်ရမယ့်အနေအထားရှိတယ်။ အထွက်လေးပြပြီး ပြန်ဝင်ရတာ။ အဲဒါကလည်း ညှိကြရဦးမှာပါ။ ဆက်စပ်ဌာနတွေညှိပြီးတော့ အကောင်းဆုံးအနေအထားဖြစ်အောင် လုပ်ရမယ်ပေါ့”ဟု ဦးရဲရန်အောင် ကဆိုသည်။

ထိုင်းနိုင်ငံ၌ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဥပဒေသစ်တွင် အထောက်ထားမဲ့၊ အထာက်အထားမစုံ၊ အထောက်အထားလွဲသည့် နိုင်ငံခြားသားအလုပ်သမားများကို ကြီးလေးသည့် ပြစ်ဒဏ်ထည့်သွင်းပြဋ္ဌာန်းပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် လိုက်လံဖမ်းဆီးသဖြင့် မြန်မာသိန်းနှင့်ချီ ပြည်တော်ပြန်ကြရသည်။ ယင်းအချိန်က ဖမ်းဆီးထောင်ချခြင်းမလုပ်ဘဲ ပြန်လွှဲပေးရန် မြန်မာအစိုးရက ညှိနှိုင်းနိုင်ခဲ့သည်။

ယခုတစ်ကြိမ်မှာ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမည့် မြန်မာအလုပ်သမားများအတွက် မြန်မာအစိုးရ မည်သည့် အတိုင်းအတာအထိ ကြိုးပမ်းပေးနိုင်မည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *