လမ်းကြောင်းနှစ်သွယ်၊ အကြောင်းနှင့် အကျိုး ဘာကိုရွေးလို့ ဘာကိုပြင်ကြမည်နည်း

ရန်သူမရှိ လမ်းကြောင်း

“ကျွန်တော်သည် ‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ’ ကဗျာစကားလုံးကို ရေးဖွဲ့ခဲ့သည်မှာ အနှစ် ၃၀ ခန့် ရှိပါပြီ။ တစ်ခါ တစ်ဆင့်တက်၍ ‘နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ’ ဟူသော စကားဖြင့် ဆက်ရေးခဲ့သည်။ မိမိဘက်မှ ရန်သူဟု သဘောမထားသည်ကို ဖော်ပြလိုရင်းဖြစ်သည်။

ကျွန်တော့်သမိုင်းဖြတ်သန်းမှုအဓိပ္ပာယ်များကိုယူ၍ ပြောလိုက်ခြင်းဖြစ်သည်။ သမိုင်းအတွေ့အကြုံမှာ အင်္ဂလိပ်ကိုလိုနီ ခေတ်၊ ဂျပန် ဖက်ဆစ်ခေတ်၊ ထို့နောက် လွတ်လပ်ရေးရပြီးစ ဒီမိုကရေစီပွင့်သစ်စ…၊ ထို့နောက် နောက်တစ်ခေတ်များကို ဖြတ်သန်းခဲ့ပြီးသော အတွေ့အကြုံကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာ့အတွေ့အကြုံ ဆိုပါတော့ …။

၁၉၄၈ တွင် ကျွန်တော်တို့ လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရပြီး လပိုင်းအတွင်း လက်နက်ဖြင့်ယှဉ်ပြိုင်သော ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။ ကျွန်တော် မကြိုက်။ သို့သော် ကျွန်တော် မတတ်နိုင်။ နှစ်ဖက်လုံးမှာ ကျွန်တော်၏ မိတ်ဆွေများ ဖြစ်ကြသည်။ ၁၉၄၈ တွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မှာ မဖြစ်ပွားသင့်သောကိစ္စဟု ကျွန်တော်က နားလည်ထားသည်။

နှစ်ပေါင်း ၄၀ ခန့်ကြာသောအခါ ကျွန်တော်သည် မိမိဖြတ်သန်းခဲ့သော သမိုင်း၏အတွေ့အကြုံကို ခံစားရင်း ‘ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ’ ဟူသောစကားကို တိုင်းပြည်ကို တင်ပြခဲ့သည်။ ငြိမ်းချမ်းရေးနည်းဖြင့်သာလျှင် မိမိတို့ရည်မှန်းသော နိုင်ငံရေးစနစ်များကို တည်ထောင်ရမည်ဟု ယူဆဆဲဖြစ်သည်။”

ဒဂုန်တာရာ
(၃-၉-၂၀၀၇)
ဒီဇင်ဘာ၊ အတွေးအမြင် – မှ

ရန် – ငါ လမ်းကြောင်း

ဆရာဒဂုန်တာရာကို စာပေနယ်မှ ထင်ရှားသော မာ့က္ခစ်ဝါဒီတစ်ဦးဟု တော်တော်များများက သိထားကြပါသည်။ သို့နှင့်တိုင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ နှောင်းပိုင်းခေါင်းဆောင်စုထဲမှ ဩဇာအကြီးဆုံးတစ်ယောက်ဟု ဆိုနိုင်သည့် ရဲဘော်ကြင်မောင် (ဦးထွန်း) ကား ဆရာတာရာ၏ အဆိုပါအယူအဆကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားသည်။ မြေပေါ်တွင် တရားဝင်ထုတ်ဝေသော ‘ပြည်သူ့အာဏာ – ဆောင်းပါးများ (၂၀၀၉-၂၀၁၃) စာအုပ် ‘ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ပေးရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ် (ဆွေးနွေးချက်)’ ဆောင်းပါး မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

“ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တဲ့ အတွေ့အကြုံတွေ မိမိတို့မှာလည်း ရှိပါတယ်။ ပြည်ပအတွေ့အကြုံတွေလည်း လေ့လာဖူးပါတယ်။ တွေ့ရှိရတာက မိမိတို့ရန်ပွဲထက် ပိုပြီးကြီးကျယ်တဲ့ ခြိမ်းခြောက်မှုကြီး၊ အန္တရာယ်ကြီးကို နှစ်ဖက်လုံးက မြင်ကြမှ၊ အသိအမှတ်ပြုကြမှ မိတ်ဆွေဖြစ်အောင်လုပ်ရေး အောင်မြင်တာပဲ …။”

ဤအတွက် အတွေ့အကြုံနှစ်ရပ်ကို ဖော်ပြပါသည်။ အင်္ဂလိပ်ထက် ပိုအန္တရာယ်ကြီးတဲ့ ဖက်ဆစ်ဝါဒကိုမြင်လို့ အင်္ဂလိပ်နဲ့ မိတ်ဆွေဖြစ်ရေး ကြိုးပမ်းရပုံ။ ရုရှားနဲ့ အင်္ဂလိပ်ရန်ဘက်ဖြစ်နေတာကနေ ဟစ်တလာနာဇီရဲ့ ခြိမ်းခြောက်မှုကြောင့် မိတ်ဆွေဖြစ်သွားကြပုံ …။ (ဆရာ တာရာကတော့ ‘မြန်မာ့အတွေ့အကြုံ’ ဟု ရှင်းရှင်းဆိုသည်။)

“သူ့ဘက်က မမြင်ရင်လည်း မြင်တဲ့ဘက်က လျှော့ပေးလိုက်လို့ ပြောရင်တော့ အဲဒါဟာ ‘မူ’ မဲ့တဲ့ ကျေအေးရေးပဲ။ သစ္စာဖောက်မှုပဲ ဖြစ်လိမ့်မယ်။ ‘မူ’ အပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်၊ နည်းနာမှာ ပျော့ပျောင်းဖို့ပဲလိုတယ် …။”

(ဆရာတာရာကတော့ ‘မိမိဘက်မှ ရန်သူဟု သဘောမထားသည်ကို ဖော်ပြလိုရင်း’ ဟု ရေးခဲ့သည်။ ရေရှည်တွင် ဤသဘောကို လူထုကိုယ်တိုင် နားလည်လာပါက တစ်ဖက်အုပ်စုတွင်လည်း ‘အမာဂိုဏ်း’၊ အပျော့ ‘ဂိုဏ်း’ ပေါ်လာနိုင်သည်။ အပျော့ဂိုဏ်း အပေါ်စီးရလာလျှင် ‘ရန်သူ’ ဆိုတာ မရှိတော့ပြီဟု နားလည်ရပါသည်။)

“လက်တွေ့ နိုင်ငံရေးထောင့်က ချဉ်းကပ်ပြီးတဲ့နောက်မှာ အတွေးအခေါ် (အဘိဓမ္မာ) ထောင့်က ချဉ်းကပ်ကြည့်ကြပါဦးစို့။ ကွန်မြူနစ်တွေ ယုံကြည်တာက ဆန့်ကျင်ဘက်ခြင်း ပေါင်းစည်းရေး (ညီညွတ်မှု) ဟာ အခြေအနေတစ်ခုမှာသာ ဖြစ်ပါတယ်။ ယာယီသာ ဖြစ်ပါတယ်။ နှိုင်းယှဉ်ချက်အရသာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်ချင်း တိုက်ခိုက်မှုကတော့ အကြွင်းမဲ့ဖြစ်တယ်လို့ ယုံကြည်ပါတယ် …။”

(ဆရာ တာရာကမူ သူ၏ ‘ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေး’ ဆောင်းပါးတွင် ယခုလိုရေးခဲ့ဖူးသည်။ ‘ဆန့်ကျင်ဘက်တို့၏ ညီညွတ်ရေးကို ရရှိအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံရေးဖြစ်သည်။ ကျွန်တော်ကား ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းသည် နိုင်ငံရေးအလုပ်ဟု ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းရေးဇာတ်ညွှန်းတွင် ယင်းသည် အခြေခံသဘောထားဟု ထင်သည်။)

အမှန်စင်စစ် ရဲဘော်ကြင်မောင်ပြောသည်မှာ ကွန်မြူနစ်တို့၏ စဉ်းစားတွေးခေါ်နည်း ‘ဒိုင်ယာလက်တစ်’ မှ ‘ဆန့်ကျင်ဘက်တို့၏ ပေါင်းစည်းမှုနှင့် ‘တိုက်ခိုက်မှု’ ဖြစ်ပါသည်။ အဆိုပါဒိုင်ယာလက်တစ်နည်းကို ဖြည့်ဆက်စဉ်းစားသော ‘ထွိုင်ယာလက်တစ်’ ကမူ တစ်မျိုးမြင်သည်။ ‘ဆန့်ကျင်ဘက်များမှာ အပေါ်ယံသဘောအရသာ ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း အမှန်မှာ အချင်းချင်းအပြန်အလှန်ဆက်စပ်ကျေးဇူးပြုပြီး အားမျှခြေတစ်ခုအဖြစ် စုဖွဲ့ထားခြင်းဖြစ်သည်။’

အကြောင်းနှင့် အကျိုး

ရယ်ဒီကယ်အစွဲနှင့် စစ်ဆန်သော နိုင်ငံရေးလွှမ်းမိုးသည့် မြန်မာ့နိုင်ငံရေးတွင် ဆရာတာရာ၏ ‘ရန်သူမရှိ လမ်းကြောင်း’ မှာ လူကြိုက်များနိုင်စရာမရှိပါ။ စာရေးသူ နားလည်ချက်အရဆိုရလျှင် ဆရာ့အမြင်တွင် မဟာဗျူဟာရော နည်းဗျူဟာပါ ပါဝင်ပြီးဖြစ်သည်ဟုထင်သည်။ ‘ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ’ မှာ မဟာဗျူဟာ ရည်မှန်းချက် …။ ‘နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ’ ဆိုသည်က နည်းဗျူဟာ …။ ဒီလိုပဲ သဘောပေါက်ထားသည်။ ‘ရန် – ငါ လမ်းကြောင်း’ ဖြင့် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်မှာ လွတ်လပ်ရေးသက်တမ်းနှင့်အမျှ ကြာမောခဲ့ပြီဖြစ်ရာ ဆရာတာရာ၏ ‘ရန်သူမရှိ လမ်းကြောင်း’ ကို စမ်းသပ်ကြည့်သင့်ပြီ ထင်သည်။

ယခုလောလောဆယ် မြန်မာ့နိုင်ငံရေးတွင် ‘အများကြိုက် ပေါ်ပြူလာနိုင်ငံရေးလမ်းကြောင်း’ (Popular Political Trend) ခေတ်စားနေသည်။ စဉ်းစားမိသည်။ တည့်တည့်ပြောရလျှင် တပ်မတော်ဆန့်ကျင်ရေးကို ကျယ်ကျယ်လောင်လောင်ပြောပြီး လက်ခုပ်သံခြူကြခြင်းဖြစ်သည်။ ဤနည်းဖြင့် လက်ခုပ်သံရနိုင်သည့်တိုင် အဖြေတော့ရမည် မထင်။ ထို့ထက် ‘စစ်ဘက်အာဏာပိုင်စနစ်’ နှင့် တပ်မတော်ကိုလည်း ခွဲခြားကြည့်မြင်ဖို့ လိုပါလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ‘စစ်ဘက် အာဏာပိုင်စနစ်သည် အကြောင်းတရားလား၊ အကျိုးဆက်လား’ ခွဲခွဲခြားခြား သိမြင်နိုင်ရေးပင်ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ ၇၁ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ စစ်ပွဲကို အကြောင်းခံ၍ စစ်ဘောင်ကျယ်လာရာမှ ဒီမိုကရေစီဘောင်ကျဉ်းလာပြီး နောက်ဆုံး တပ်မတော်မှာ နိုင်ငံရေးအာဏာရယူသည်အထိဖြစ်လာရသည်။ သည်တွင် ‘လော့ဒ် အက်တင်’ ပြောခဲ့သလို ‘အာဏာသည် အကျင့်ပျက်စေသည်။ အကြွင်းမဲ့အာဏာသည် အကြွင်းမဲ့အကျင့်ပျက်စေသည်’ ဆိုသော စကားအတိုင်း စစ်ဘက်အာဏာပိုင်စနစ် သန္ဓေတည်လာရတော့သည်။

ဤတွင် အကျိုးဆက်ကို ရန်လုပ်နေသည်ထက် အကြောင်းရင်း ပြည်တွင်းစစ်ရပ်စဲရေးကို အားထည့်ဆောင်ရွက်သည်ကသာ ပို၍အမြော်အမြင်ရှိရာ ရောက်လိမ့်မည်ထင်ပါသည်။ ‘ဘာကို ရွေးလို့ ဘာကို ပြင်ကြမည်နည်း’ …။ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ 

 

ကျော်ဝင်း
၃ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *