Microfinance Success Asia ပွဲတွင် အာရှနှင့်ပြည်တွင်းမှ အသေးစားငွေကြေးလုပ်ငန်း ကျွမ်းကျင်သူများတွေ့ဆုံဆွေးနွေးမည်

ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင်ကျင်းပမည့် ပထမဆုံးအကြိမ်မြောက် Microfinance Success Asia အခမ်းအနားတွင် အာရှဒေသနှင့်ပြည်တွင်းမှ အတွေ့အကြုံရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကျွမ်းကျင်သူများက ဝင်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှသိရှိရသည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ အသေးစားငွေကြေးလုပ်ငန်းကူညီမှုအသင်း (MMFA)၏ လမ်းညွှန်မှုနှင့်အညီ စင်ကာပူအခြေစိုက် HBZ Events ကကြီးမှူးကာ ဇူလိုင်လ၂၃ ရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သည်။

HBZ Events ၏ အုပ်ချုပ်မှုဒါရိုက်တာ Herman Zaidin က “စီးပွားရေးအင်အား တောင့်တင်းခိုင်မာဖို့အတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်က အရေးပါတဲ့ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေတဲ့ မြန်မာနိုင်ငံအပါအဝင် ထွန်းသစ်စအာရှနိုင်ငံတွေအတွက်တော့ တကယ့်ကိုအချိန်ကောင်းမှာ ကျင်းပလိုက်တဲ့ အခမ်းအနားတစ်ခုပါ” ဟုဆိုသည်။

မြန်မာနိုင်ငံတွင်လူဦးရေ ၈ ဒသမ ၈ သန်းမှာ ကိုယ်ပိုင်စီးပွားရေးတစ်ခုစီ လုပ်ကိုင်လျက်ရှိကြပြီး အဆိုပါ  စီးပွားရေးလုပ်ငန်းများ၏ ၅၆ ရာခိုင်နှုန်းမှာ ငွေစု- ငွေသိမ်းငွေစာရင်းတစ်ခုပြုလုပ်ထားခြင်းမရှိဘဲ အသေးစား စီးပွားရေးလုပ်ငန်းများ၏ ၇ ရာခိုင်နှုန်းသာ ချေးငွေရယူနိုင်သည့် Credit Line တစ်ခုရှိထားသည်ကို တွေ့ရှိရကြောင်း အချက်အလက်များအရ သိရသည်။

“MFIs အဖွဲ့အစည်းတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ ဝန်ဆောင်မှုပေးနိုင်မယ့် နည်းလမ်းမျိုးစုံနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ စီစဉ်ထားပါတယ်။ပြီးတော့ Musoni အနေနဲ့ ပြည်တွင်းက မိတ်ဖက်လုပ်ငန်းဖြစ်တဲ့Thitsa Works နဲ့အတူ မြန်မာနိုင်ငံက MFIs အဖွဲ့အစည်းတချို့ကို ဘယ်လိုပံ့ပိုးကူညီပေးနေလဲဆိုတဲ့  အတွေ့အကြုံတွေကို အဓိကဝေမျှသွားမှာပါ” ဟု Musoni ၏ CEO ဖြစ်သူ Cameron Goldie –Scot ကဆိုသည်။

မြန်မာနိုင်ငံတွင် ၅၂ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းများမှာ ငွေကြေးဝန်ဆောင်မှုသည် ငွေရေးကြေးရေးအခက်အခဲဖြစ်သည့်အချိန်မှသာ ရယူနိုင်သည်ဟု သတ်မှတ်ထားကြကြောင်း United Nations Capital Development Fund (UNCDF) ၏ လေ့လာတွေ့ရှိချက်အရသိရသည်။

Microfinance Success Asia သို့ တက်ရောက်လိုပါက https://microfinancesuccess.com/register-now တွင် လေ့လာနိုင်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *