ဟောပြောခ တစ်နာရီ ဒေါ်လာ ၅ ထောင်ရသူရဲ့ ဖွင့်ဟဝန်ခံချက်

လူအတော်များများဟာ လူရှေ့ထွက် ဟောရပြောရမှာ ကြောက်တတ်ကြပေမယ့် ကနေ့ခေတ်မှာ အောင်မြင်ချင်ရင် မဟောမပြောတတ်လို့ မရတော့ပါဘူး။ ရုံးမှာ၊ ရပ်ကွက်ထဲမှာ ဟောဖို့ပြောဖို့ ရှောင်လွှဲလို့ မရတဲ့အတွက် အဟောအပြောတတ်ထားမှကို ဖြစ်ပါမယ်။ မဟောနိုင် မပြောနိုင်လို့ ရာထူး မတက်၊ နေရာမရ၊ လူမသိဘူးလို့ ခံစားနေရသူတွေ ဒီစာအုပ်ဖတ်သင့်တယ်။ ရုပ်မြင်သံကြားမှာ၊ အစည်းအဝေးခန်းမတွေမှာ ရုပ်မြင်သံကြားမှာ လူအများရှေ့ဟောပြောတဲ့ အတွေ့အကြုံ ၁၅ နှစ်ရှိသူ၊ ဟောပြောခ တစ်နာရီ ဒေါ်လာ ၅၀၀၀ ရသူ Scott Berkun ရဲ့ ဖွင့်ဟဝန်ခံချက်ပါ။

သူ ငြခမသျသ်အ လို ကမ္ဘာကျော်ကုမ္ပဏီကြီးတွေ၊ MIT လို ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ ဟောပြောခဲ့တာတွေ အပါအဝင် CNBC တို့ NPR တို့ ကမ္ဘာကျော်ရုပ်မြင်သံကြားနဲ့ ရေဒီယိုသတင်းဌာနတွေမှာ ဟောပြောခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးကို အနှစ်ချုပ်ပြီး ရေးသားထားတဲ့အတွက် လူအများရှေ့မှာ လက်ရှိစကားထွက်ပြောနေသူတွေလည်း အကျိုးရှိမယ်၊ စကားထွက်မပြောရဲသေးသူတွေအတွက်လည်း အကျိုးရှိမယ့် စာအုပ် ဖြစ်တယ်။ ဖွင့်ဟဝန်ခံချက်ဆိုတဲ့အတိုင်း သူစင်ပေါ်မှာ အယောင်ယောင်အမှားမှား အိုးနင်းခွက်နင်း ဖြစ်ခဲ့တာတွေကိုပါ ဖွင့်ချပြီး ဒါတွေကြုံရင် ဘယ်လိုလုပ်ရမလဲ၊ မကြုံအောင် ဘယ်လိုရှောင်မလဲဆိုတာတွေကို ဟာသလေးတွေနဲ့ ရေးပြထားတယ်။ လက်တွေ့ကျပြီး ဖတ်ရတာ ပျော်စရာကောင်းတဲ့ စာအုပ်ပါ။ အညွှန်းရေးသူ ကျွန်တော်ကိုယ်တိုင်လည်း ဟောရ ပြောရတာ  အတွေ့အကြုံများလာပြီဖြစ်တဲ့အတွက် စာရေးသူ Scott Berkun ပြောတာတွေကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ဖတ်မိပါတယ်။ သူနဲ့ ကျွန်တော်ဟောရပြောရတဲ့ ရေမြေချင်းကွာခြားပေမယ့် ကျွန်တော်တို့ ရင်ဆိုင်ရတာတွေ တူတာကို  သတိထားမိတယ်။

လူရှေ့ထွက်ပြီး ဟောပြောရမှာ မကြောက်ပါနဲ့တဲ့။  သတ္တဝါတွေ အများကြီးက ကိုယ့်ကို စူးစိုက်ကြည့်နေချိန်မှာ သူတို့ရှေ့ ပြန့်ပြူးတဲ့နေရာမှာ တစ်ယောက်တည်း ထွက်ရပ်ရမှာကို လူသားတွေရဲ့ မျိုးရိုးဗီဇအရ ကြောက်ကြတယ်။ ဝံပုလွေတစ်အုပ်ရှေ့မှာ တစ်ယောက်တည်း ရပ်နေတဲ့လူကို မြင်ယောင်ကြည့်ပါ။ ဟောပြောပွဲတွေဟာလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ ဟိုးနှစ်သောင်းဂဏန်းလောက်က သားရဲပေါတဲ့ တောကြီးမျက်မည်းမှာ လူတွေ အသက်ရှင်ကျန်ရစ်အောင်လို့ သဘာဝက ဖန်တီးထားတဲ့ ကြောက်စိတ်ဟာ ဒီဘက်ခေတ်မှာ သိပ်အသုံးမဝင်တော့ဘူး။ သားရဲတွေလည်း မရှိတော့ဘူး။ ဟောပြောပွဲမှာ ကိုယ်အသုံး မကျရင်လည်း ကိုယ့်ကို သတ်မယ့်သူ မရှိပါဘူး ဒါကြောင့် ကြောက်စိတ်ကို ဖျောက်လိုက်ပါ။ ကိုယ်ဟောပြောတာ ညံ့သွားရင်တောင် စိတ်မပျက်ပါနဲ့။ အဲဒီကိစ္စကို ကာယကံရှင်ဟောပြောသူကလွဲရင် ဘယ်သူမှ သိပ်မမှတ်မိပါဘူး။ ဒါ့ကြောင့် ကိုယ်ပြောတာဟောတာ ညံ့သွားရင် နောက်တစ်ခေါက်ကျ ဒီ့ထက် ကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားပါတဲ့။

‘ပွဲမဝင်ခင် အပြင်က ကျင်းပ’ ဖို့ လိုတယ်။ ကိုယ်ပြောမယ့်  ဘာသာရပ်ကို ကျွမ်းကျင်တိုင်း ဟောပြောတာ အလိုအလျောက် ကောင်းမသွားနိုင်ပါဘူး။ ပြောရမယ့်အချိန် ဆယ်မိနစ်ဆို  ဆယ်မိနစ်အတွက် ပြင်ဆင်လေ့ကျင့်ထားရမယ်။ Powerpoint နဲ့ ပြင်ဆင်ထားပြီး ‘ပါတာဖတ်’ မယ်ဆိုရင် ပရိသတ်နဲ့ စကားပြောနေတဲ့ ပုံစံ မဖြစ်နိုင်တော့ပါဘူး။ နဂိုထဲက ပြောမယ့်အချက်တွေကို စိတ်ထဲ ၃၊ ၄ ခါ အနည်းဆုံးစဉ်းစားထားမှ သဘာဝကျမယ်။ ကသောင်းကနင်း ဖြစ်တတ်တာတွေအတွက်လည်း  စာရေးသူက ဆောင်ရန်ရှောင်ရန်တွေ ဝေမျှထားတယ်။ ပြောမယ့် အကြောင်းအရာတွေကို ခေါင်းထဲက စီထားရင်တောင် ပြောရင်းပြောရင်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတတ်တယ်။ ကိုယ်ပြောချင်တဲ့ အဓိက ၄၊ ၅ ချက်ကို လက်တစ်ဝါးစာလောက် စာရွက်လေးနဲ့ ချရေးပြီး ကိုင်ထားပါ။ ဒါမှ မေ့သွားရင်  စာရွက်ပြန်ကြည့်လို့ရမယ်။ စာရွက်ပြန်ကြည့်ရုံနဲ့ ဆက်ပြောနိုင်ဖို့အတွက် အရင်ကတည်းက အကြိမ်ကြိမ်လေ့ကျင့်ထားဖို့တော့ လိုသပေါ့။ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေမှာ ကြုံရနိုင်တဲ့ ပြဿနာတွေကို ကြိုစဉ်းစား ပြင်ဆင်ထားဖို့လည်း Scott Berkun က အကြံပြုထားတယ်။ ဗီဒီယိုတွေပြချင်ရင် ဟောပြောပွဲထဲက ကွန်ပျူတာကို စစ်ဆေးထားရမယ်။ ကိုယ့်ကွန်ပျူတာက ကိုယ်နဲ့အရင်းနှီးဆုံးဖြစ်တာကြောင့် တတ်နိုင်ရင် ကိုယ့်ကွန်ပျူတာနဲ့ ကိုယ်ပြပါ။ ကိုယ့် ကွန်ပျူတာက Mac ဖြစ်ရင် သူနဲ့ ဆိုင်တဲ့ ကိရိယာတွေ ဆောင်သွားဖို့လိုမယ်။ မြန်မာနိုင်ငံဆိုရင်တော့ ကိုယ် ပြောနေတုန်း မီးပျက်သွားတာမျိုးကို ကြိုတွေးကို တွေးထားရမယ်။ Powerpoint နဲ့ ဗီဒီယိုပြချင်ရင် မီးပျက်ရင် ဘယ်လိုလုပ်မလဲ။ စောင့်နေမလား၊ ဒီတိုင်း ဆက်ပြောမလား။ အဓိကအားဖြင့်တော့ ကိုယ်ဟောပြောမယ့်  နေရာနဲ့ ရင်းနှီးအောင် စောစောသွားရမယ်။ ကားပိတ်လို့၊ နေရာပျောက်နေလို့ စိုးရိမ်သောကဖြစ်ပြီး ပြောမယ့်အကြောင်း အရာတွေ မေ့သွားတာမျိုး မဖြစ်တော့ဘူး။ ပွဲက လူတွေ တစ်ယောက်ပြီး တစ်ယောက်ပြောတဲ့ Conference လိုဖြစ်နေရင် ကိုယ့်ရှေ့က ဟောပြောသူအမီ ရောက်အောင်သွားပါ။ ဒါမှ ပရိသတ်အခြေအနေ အကဲခတ်နိုင်မယ်၊  ကိုယ့်အလှည့်အတွက် ကြိုပြင်လို့ရမယ်။ ဘာနဲ့ စဖွင့်မလဲ၊ ဘာဟာသတွေ ပြောမလဲ စသည်ပေါ့။ ကိုယ့်ဘေးနားက လူတွေနဲ့ စကားပြောထားရင် ကိုယ့်ကြောက်စိတ်တွေ လျော့ပါးသွားမယ်။ သူတို့ဟာ ကိုယ် စကားပြောချိန်ကျရင် ကိုယ့်ရဲ့အမာခံပရိသတ် ဖြစ်လာနိုင်တယ်။  ပွဲကို စောရောက်အောင်သွားပါ။

ဟောပြောတဲ့အခါကျရင် ပရိသတ်နေရာကနေ မြင်ယောင်ခံစားကြည့်ပါ။ ဟိုးနောက်ဆုံးက ပရိသတ်အနေနဲ့ ကိုယ့်ကို  မြင်ရကြားရဖို့ ခက်နိုင်တယ်။ ဒါဆို ကိုယ်ဘာပြောပြော သူစိတ်ဝင်စားမှာ မဟုတ်ဘူး။ သူကိုယ့်ကို မြင်နိုင်ကြားနိုင်သလား၊  ဖြစ်နိုင်ရင် နောက်ဆုံးခုံမှာ သွားထိုင်ကြည့်ထား။ ကနေ့ခေတ်မှာ ဟောပြောသူတွေ ရင်ဆိုင်ရတဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာ အန္တရာယ်တွေရှိတယ်။ ပရိသတ်ရဲ့ လက်ထဲက ဖုန်းထဲက Facebook Post တွေနဲ့ ဟောပြောတဲ့ ကိုယ်နဲ့ ပြိုင်နေရတယ်။  ဒါပေမဲ့ ပရိသတ်က ဖုန်းတွေပဲ ကြည့်နေလို့၊ ကွန်ပျူတာပဲ ကြည့်နေလို့ စိတ်မပျက်ပါနဲ့။ ကိုယ်ပြောတာတွေကို ကွန်ပျူတာနဲ့ လိုက်ရိုက်နေသူ၊ ဖုန်းနဲ့ လိုက်မှတ်နေတာတွေလည်း ဖြစ်နိုင်တယ်။ ဒီလိုပြိုင်ဆိုင်မှုတွေကို ကျော်နိုင်ဖို့ ဟောပြောသူဟာ အကောင်အထည် ပိုကြီးလာဖို့ လိုတယ်။ ဆိုလိုတာက အသံက နိုးကြားတက်ကြွရမယ်၊ အားလုံးကြားနိုင်အောင် အသံကျယ်ရမယ်၊ လက်ဟန်ခြေဟန်နဲ့ မာန်ပါပါပြောရမယ်။ ကိုယ်ပြောတာကို စိတ်မဝင်စားဘဲ သန်းနေတဲ့ လူတွေ၊ အိပ်ပျော်နေသူတွေလည်း ရှိနိုင်တယ်။ ကိုယ်ပြောတာ မကောင်းလို့ ဖြစ်နိုင်ပေမယ့် ဒီလူတွေ ညက တစ်မှေးမှ အိပ်မထားရတာလည်း  ဖြစ်နိုင်တယ်။ သူတို့ကို သိပ်ကြည့်မနေပါနဲ့။ ကိုယ်ပါ စိတ်ဓာတ်ကျပြီး အယောင်ယောင် အမှားမှားတွေ ပြောမိနိုင်တယ်။  ကိုယ်ပြောတာကို ခေါင်းညိတ်နေသူတွေ၊ စိတ်ဝင်တစားနားထောင်နေသူတွေပေါ်ပဲ အာရုံစိုက်ထားပါ။ သူတို့ကို  အသိအမှတ်ပြုရာလည်း ရောက်တယ်။

လူရှေ့သူရှေ့ထွက် ဟောပြောသူတိုင်း အမြဲသတိထားရမယ့် အချက်က Energy ပါ။ ဟောပြောသူကနေ လွှတ်လိုက်တဲ့  စွမ်းအား Energy ဟာ နားထောင်သူ ပရိသတ်ကို ကူးစက်ပါတယ်။ ဟောပြောသူက အားနဲ့ မာန်နဲ့ ယုံယုံကြည်ကြည်ဟောပြောနေရင် ပရိသတ်မှာ နားထောင်ချင်စိတ် ပိုဖြစ်တယ်။ ဟောပြောသူ ကိုယ်တိုင်က မဝံ့မရဲ ဖြစ်နေရင် ပရိသတ်နားထောင်ဖို့ ဝေးပါတယ်။ ဘာသာရပ်ဘယ်လောက် ကျွမ်းကျွမ်း အားမပါဘဲ မယုံကြည်ဘဲ ဟောပြောနေရင်  သူပြောချင်တာ ပရိသတ်ဆီ မရောက်နိုင်ဘူး။ ဒါ့ကြောင့် ပြောမယ့် အကြောင်းအရာကို ကြာချိန်နဲ့တကွ ကြို လေ့ကျင့်ထား။ အနည်းဆုံးစိတ်ထဲမှာ ကြိုလေ့ကျင့်ထား။ ပြောမယ့်  ပွဲအခင်းအကျင်းကို လေ့လာရအောင် ပွဲနဲ့ရင်းနှီးအောင်  စောစောသွား။ ပြောတဲ့အခါ အားနဲ့မာန်နဲ့ လက်ဟန်ခြေဟန်နဲ့  ယုံယုံကြည်ကြည်ပြော။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *