မိုးရာသီမှာဖြစ်တတ်တဲ့ အရေပြားပြဿနာ

မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ အရေပြားပြဿနာတွေဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိပေမယ့် စနစ်တကျ မကုသရင်တော့  ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအရေပြားပြဿနာတွေကို ကြိုတင်သိရှိကာကွယ်နိုင်ဖို့ အရေပြားပြဿနာနဲ့ စိုထိုင်းစကြောင့် ဆံသားပျက်စီးမှုက ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်း 

မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းတွေမှာ မှိုနဲ့ ဘက်တီးရီးယားတွေကြောင့် မျက်နှာပြင်  နီရဲရောင်ရမ်းတာတွေ၊ ဝက်ခြံနဲ့ ပွေးကွက်တွေ ဖြစ်စေပါတယ်။ ချွေးထွက်လွန်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ နေလောင်ဒဏ်ခံရခြင်းနဲ့  စိုထိုင်းခြင်းတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အတွက်တော့ ချွေးထွက်များမယ့် ကိစ္စတွေကို ရှောင်ရှားရပါမယ်၊ နေ့စဉ်ပုံမှန်ရေချိုးခြင်း၊ ရောဂါပိုးကူးစက်လွယ်တဲ့ အများသုံးအိမ်သာကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရမှာဖြစ်သလို တစ်နေ့ကို ရေဖန်ခွက် ၁၀ ခွက်ကနေ ၁၂ခွက်အထိ သောက်သုံးပြီး ကာကွယ်ရမှာဖြစ်ပါတယ်။

ချွေးထွက်လွန်ခြင်း

မိုးရာသီမှာ ခန္ဓာကိုယ်၊ ချိုင်း၊ လက်ဖဝါး၊ ခြေဖဝါး၊ ဦးရေပြားတို့မှာ  ချွေးထွက်များစေပြီးတော့ အနံ့အသက်ဆိုးရွားခြင်းနဲ့ ရောဂါပိုးကူးစက်လွယ်စေတဲ့ အခြေအနေတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်နည်းအောင် ဆင်ခြင်ရမှာဖြစ်ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ရပါမယ်။

အသားအရေ ညိုမည်းခြင်း

အသားအရေမှာရှိတဲ့ မယ်လနင် (Melanin) ဓာတ် ထုတ်လုပ်မှုဟာ မိုးရာသီမှာ ပိုမိုများပြားတာကြောင့် အသားအရေကို ညိုမည်းပြီး အကွက်ထစေပါတယ်။ နေရောင်ခြည်ကြောင့် မယ်လနင်ဓာတ် ပိုမိုထုတ်လုပ်နိုင်တဲ့အတွက် တတ်နိုင်သရွေ့ နေရောင်ခြည်ကို ရှောင်ရှားပြီး မဖြစ်မနေ တွေ့ကြုံရမယ် ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်မှုတွေ လုပ်သင့်ပါတယ်။

ဆံပင်များ ရှုပ်ပွပျက်စီးခြင်း

ဒါကတော့ ဦးရေပြားပြဿနာပါ။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဒီပြဿနာက လေထုစိုထိုင်းလို့ ဆံပင်တွေ ရှုပ်ပွပျက်စီးစေခြင်းပါ။ ဦးရေပြားက ချွေးနဲ့ ပြင်ပက လေထုစိုထိုင်းခြင်းတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ဆံသားကျွတ်ခြင်းနဲ့ ပျက်စီးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပန်းသီးဗီနီကာကို ရေနဲ့ရောပြီးတော့ ဆံသားတွေကို လိမ်းပေးမယ်ဆိုရင် အဆင်ပြေမှာပါ။  ခေါင်းလျှော်တဲ့အခါမှာလည်း ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုပြီးတော့  ဓာတုဗေဒပစ္စည်းတွေ ပမာဏများများပါတဲ့ ခေါင်းလျှော်ရည်မျိုးကို ရှောင်ရှားမယ်ဆိုရင်တော့ ဆံပင်ရှုပ်ပွပျက်စီးမှုတွေကို ကာကွယ်နိုင်မှာပါ။

အရေပြား အလာ့ဂျစ်ဖြစ်ခြင်း

လေထုညစ်ညမ်းမှုများတဲ့ ဒေသတွေမှာ ဒါက အဖြစ်များပါတယ်။ များသောအားဖြင့် လက်၊ ခြေထောက်၊ နောက်ကျောဘက်တွေမှာ ဒီလို အရေပြားပြဿနာ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ စနစ်တကျ  ကုသမှုပေးနိုင်မယ့် ဆရာဝန်ဆီကို အမြန်ဆုံးသွားရောက်ပြသခြင်းကသာ  အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

Reference: https://indianexpress.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *