ခဲရာခဲဆစ်ရထားသည့် ကမ္ဘာ့အမွေ ပုဂံ

ဓာတ်ပုံ - မိုးကျော်လွင်

မြန်မာနိုင်ငံတွင် ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနေရာအဖြစ် ပုဂံကို သတ်မှတ်လိုက်ပြီ ဖြစ်သည်။ အကျယ်အဝန်းဟက်တာ လေးသောင်းကျော်ရှိသော နေရာကို ကမ္ဘာ့က ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြမည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းကြောင့် ဖြစ်သည်။

အေဒီ ၁၁ ရာစုမှ ၁၄ ရာစုအတွင်း တည်ထောင်ခဲ့သည့် ပုဂံဒေသကို ၂၀၁၉ ခုနှစ်တွင် UNESCO ၏ အသိမှတ်ပြုခံရသည့် အတွက်ကြောင့် အမွေအနှစ်ထိန်းသိမ်းရေးကို ယခုမှစတင်ကာ အသေးစိတ်ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ၁၉၉၅ ခုနှစ်မှ စတင်ကာ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၄ နှစ် အကြာတွင် ပန်းတိုင်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရရန် မည်ကဲ့သို့ကြိုးပမ်းခဲ့ရခြင်း ဖြစ်သနည်း။  အသိမှတ်ပြုခံရပြီးမှ ပြန်လည်ဖျက်သိမ်းမခံရရေးအတွက် မည်သို့လုပ်ဆောင်ကြရမည်နည်းဆိုသည့် မေးခွန်းများလည်း ရှိသည်။

အသိမှတ်ပြုခံရခြင်း  ကောင်းကျိုး

မြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးမြို့ဖြစ်သည့် သရေခတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ကို သတ်မှတ်ထားသည်။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံကို ဇူလိုင်လ ၆ ရက်နေ့တွင် အသိအမှတ်ပြုခံရသည်။

ဥမ္မာလွင်

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ဇူလိုင် ၆ ရက်နေ့က ကျင်းပသည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ရာတွင် ပြဿဒ်ကြီး၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလိုကဲ့သို့ နာမည်ကြီး စေတီဘုရားများအပါအဝင် ဘုရား၊ ဂူ၊ ပုထိုးများနှင့် အဆောက်အအုံ စုစုပေါင်း ၃,၈၂၂ ခု (လေးထောင်နီးပါး) ပါဝင်သည်။

“ပုဂံရှေးဟောင်း ပုထိုးတွေကို ထိန်းသိမ်းတဲ့အခါမှာ ပိုပြီးစနစ်ကျလာမယ်။ အမွေအနှစ်တွေ ကာကွယ်မှုရဖို့အတွက် စစ်တောင်ဖြစ်လို့ မရတဲ့ ကာကွယ်မှုမျိုး။ စစ်မဲ့ဇုန်။ ဒီနေရာမှာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ စိတ်ဝင်စားလာပြီးတော့ ထိန်းသိမ်းရေးလုပ်ဖို့ အကူအညီတွေ ပိုရလာနိုင်တယ်”ဟု ယူနက်စကို မြန်မာ၏ နိုင်ငံတကာဆက်သွယ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက မှတ်ချက်ပေးသည်။ 

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ပုဂံရှိ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော ရှေးဟောင်းပုထိုးများ၊ ဂူဘုရားများကို နည်းပညာဖြင့် ထိန်းသိမ်းနိုင်မည်ဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ထိခိုက်ပါက နိုင်ငံတကာက အကူညီများ ချက်ချင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု အစဉ်အလာကြီးမားသည့် ပုဂံဒေသကို ကမ္ဘာ့က ပိုမိုသိရှိကာ ခရီးသွား လည်ပတ်မှု များလည်း တိုးလာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

မြန်မာနိုင်ငံရှေးဟောင်းသုတေသနပညာအသင်းအတွင်းရေးမှူး ဦးသူရအောင်ကလည်း ကမ္ဘာ့အမွေအနှစ် သတ်မှတ်ခံရသဖြင့် ကမ္ဘာ့ခရီးသွားများ ပိုမိုအာရုံစိုက်လာပြီး မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ကာ တိုင်းပြည်ဝင်ငွေ ပိုရလာနိုင်ကြောင်း သုံးသပ်သည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သောကြောင့်  ရှေးဟောင်းစေတီ ပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် UNESCO အဖွဲ့၏ အကူအညီ အထောက်အပံ့များ တိုးမြင့်ရရှိလာမည် ဖြစ်သည်။

လက်ရှိတွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံဒေသကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် နှစ်များစွာထိန်းသိမ်းရေးလုပ်ခဲ့ရာမှ ကမ္ဘာက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည့် အဆင့်သို့ တိုးတက်လာခြင်း ဖြစ်သည်။ UNESCO က နည်းပညာနှင့် ကူညီပံ့ပိုးမှုများစွာရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆိုသည်။

“နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး အသိပညာပေးတာရှိတယ်။ လမ်းကြောင်းတစ်ခု ပွင့်သွားတာ။ အထောက်အပံ့ ပိုရလာမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းကြောင့် ထိန်းသိမ်းရေးပိုကောင်းလာမည့်အပြင် ခရီးသွားလုပ်ငန်းလည်း တိုးတက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ကမ္ဘာ့အမွေအနှစ် ခရီးကြမ်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံယဉ်ကျေးမှုဇုန်နယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန်အတွက် ၁၉၉၆ ခုနှစ်တွင် UNESCO ထံ အဆိုပြုစာရင်းတင်သွင်းခဲ့သည်။ သို့သော်လည်း ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသည့် ဥပဒေ မရှိခြင်း၊ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်း မဝင်ခဲ့ပေ။

ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ၁၉၇၂ ခုနှစ် ပဋိညာဉ်စာချုပ်၌ မြန်မာနိုင်ငံက ၁၉၉၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် အဆိုပြုစာရင်း (Tentative List) ကို တင်သွင်းခဲ့သည်။

ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ဖြစ်ရန် UNESCO က သတ်မှတ်ထားသည့် စံနှုန်း ၁၀ ချက်ရှိကာ ခြောက်ချက်က ဒြပ်ရှိယဉ်ကျေးမှုနှင့် သက်ဆိုင်ပြီး သုံးချက်မှာမူ ဒြပ်မဲ့ယဉ်ကျေးမှုဖြင့် သက်ဆိုင်သည်။

၁၉၉၀ ပြည့်နှစ်တွင် ပုဂံယဉ်ကျေးမှုဒေသ ရှေးဟောင်းဇုန်အဖြစ် တပ်မတော်အစိုးရက သတ်မှတ်ထားပြီး ၁၉၉၆ ခုနှစ်က UNESCO သို့ တင်ရာတွင် အထောက်အထားခိုင်လုံကြောင်း စာပေ၊ အမွေအနှစ် ခွဲခြားသတ်မှတ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်သိမ်းရေးဥပဒေ၊ စီမံခန့်ခွဲမှုအစီအစဉ်၊ စောင့်ကြည့်စစ်ဆေးမှု အခြေအနေ အစရှိသည့် အကြောင်းများ ပါဝင်ရမည်ဖြစ်သည်။ ထိုအချိန်က ယင်းစီမံချက်များမရှိခဲ့၍ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုမခံရခြင်း ဖြစ်သည်။

ယင်းကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်တွင် ခရီးသွားလုပ်ငန်းဖွံဖြိုးစချိန်လည်းဖြစ်ရာ ဟိုတယ်အများအပြားတည်ဆောက်ခဲ့သည်။ ပုဂံဒေသအတွင်း ခေတ်မီအဆောက်အအုံများ တည်ဆောက်လာကြသည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်း အသိပညာနည်းပါးခဲ့သည်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ် သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် UNESCO အဖွဲ့တို့ ပူးပေါင်းလုပ်ငန်းစတင်ခဲ့သည်။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းများဖြစ်သည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အစည်းအဝေးများ၊ စာတွဲပြုစုရေးသား ရေးဆိုင်ရာ အစည်းအဝေးများ၊ GIS Data ကောက်ယူရေးလုပ်ငန်းများ၊ သုတေသနဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ ပြတိုက်သုတေသနပိုင်းဆိုင်ရာ အချက်အလက်များကောက်ယူခြင်း လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှသိရသည်။

ပုဂံယဉ်ကျေးမှုဇုန်နှင့် ပတ်သက်၍ အချက်အလက်များ စုစည်းပြီးနောက်ပိုင်း တွေ့ရသည့် အဓိကပြဿနာတစ်ခုမှာ ရှေးဟောင်းဇုန်ထဲတွင် ဟိုတယ်များတည်ဆောက်ထားခြင်း ဖြစ်သည်။ နိုင်ငံခြားသား တည်းခိုခွင့်ရသည့် ဟိုတယ် ၈၀ ကျော် ရှိပြီး စည်ပင်သာယာရေးကော်မတီက ခွင့်ပြုထားသည့် တည်းခိုခန်း ၅၀ ကျော်၊ တရားမဝင်ဟိုတယ်က ၇၀ ခန့်ရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါဟိုတယ်များ ရှိခြင်းကြောင့် ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေးအခက်အခဲများစွာ ရှိသည်။ ယင်းကြောင့် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ် မပြုခံရမည်စိုးရိမ်၍ ဟိုတယ်အခက်အခဲအကြောင်းကို အပြည်ပြည်ဆိုင်ရာအဆောက်အအုံနှင့် ရှေးဟောင်းနေရာဒေသများကောင်စီ (ICOMOS) နှင့် မြန်မာအစိုးရက အကျေအလည် ဆွေးနွေးကြသည်။

ယင်းသို့ ဆွေးနွေးပြီးနောက် ယဉ်ကျေးမှုဒေသတွင် ရှိနေသည့် ဟိုတယ်များကို စီမံခန့်ခွဲသွားမည့် အစီရင်ခံစာကို UNESCO ကို တင်သွင်းခဲ့ရသည်။

ယင်းအပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ၁၉၉၈ က ပြဋ္ဌာန်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။

အဆိုပါဥပဒေအသစ်အရ အမွေအနှစ်ဇုန်အဖြစ် ၄,၈၇၇ ဒသမ ၈၉ ဟက်တာ သတ်မှတ်ထားပြီး မည်သည့် စီးပွားရေးလုပ်ငန်းမျှ မလုပ်ရပေ။ ယင်းသို့ ဆိုရာတွင် အဆောက်အအုံအသစ်များဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ လမ်းများတိုးချဲ့ခြင်း၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်း ဆိုင်များလည်း ဖွင့်ခွင့် မရှိပေ။ ရှိပြီးသားဖြစ်သည် ဟိုတယ်၊ မိုတယ်၊ တည်ခိုးခန်းများကိုလည်း ပြင်ဆင်ခွင့် မရှိပေ။

ကြားခံနယ်မြေအဖြစ် သတ်မှတ်ထားသည့် ၁၄,၈၂၇ ဒသမ ၃၅ ဟက်တာတွင်သာ အဆိုပါလုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။ ကြားခံနယ်မြေမှာ ရှေးဟောင်းအမွေအနစ်ဒေသကို မထိခိုက်စေရန် သတ်မှတ်ပေးထားသည့် နေရာ ဖြစ်သည်။

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသွင်းနိုင်ရေးအတွက် ရေးသားပြုစုထားသည့် အဆိုပြုစာတွဲ (မူကြမ်း) နှင့် နောက်ဆက်တွဲများ (မူကြမ်း) တို့ကို ၂၀၁၇ ခုနှစ်၊ ပုဂံဒေသ၌ ဆောင်ရွက်မည့် ဖွံဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာ အချက်အလက်များကို ICOMOS ၏ ညွှန်ကြားရေးမှူးထံသို့ ၂၀၁၈ ခုနှစ်တွင် တင်ပြခဲ့သည်။

ယင်းအပြင် ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ကြားဖြတ်အစီရင်ခံစာနှင့် ထပ်မံပေးပို့ရမည့် သတင်းအချက်အလက်များကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပေးပို့ခဲ့သည်။ ယင်းနောက် အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

UNESCO အဖွဲ့ဝင်နိုင်ငံ ၁၆၇ နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ တစ်ထောင်ကျော် (၁,၀၇၃ ခု)ရှိပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (World Heritage Cultural Site) နေရာ ၈၃၂ ခု၊ ကမ္ဘာ့သဘာဝအမွေအနှစ် (World Heritage Natural Site) နေရာ ၂၀၆ ခုနှင့် ယဉ်ကျေးမှုနှင့် သဘာဝ နှစ်ခုပေါင်းနေရာ ၃၅ ခုရှိသည်။

ပြန်ဆုံးရှုံး မသွားရေး

ကမ္ဘာက ထိန်းသိမ်းစောင့်ရှောက်တော့မည်ဖြစ်သဖြင့် ပုဂံဒေသကို ပြုပြင်မွမ်းမံပြင်ဆင်မှုများ စိတ်ကြိုက် ပြင်ဆင်ခွင့် မရှိတော့ပေ။ UNESCO ၏ သတ်မှတ်ထားသည့် စံနှုန်းများကို လိုက်နာရတော့မည်ဖြစ်သည်။

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် အာနန္ဒာဘုရားရှေ့အတွင်း ကွန်ကရစ်လမ်းခင်းခြင်းကဲ့သို့ လုပ်ရပ်မျိုး လုပ်ဆောင်၍ မရတော့ကြောင်း ထောက်ပြကြသည်။ ယင်းအပြင် ပုဂံဇုန်အတွင်းကျရောက်နေသည့် ဟိုတယ်များကိုလည်း ကာလအပိုင်းအခြားလိုက် လျှော့ချရတော့မည် ဖြစ်သည်။

အဆိုပါ လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေလျှင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်မှ ပယ်ဖျက်ခံရနိုင်ကြောင်း သတိပေးမှုများလည်းရှိသည်။ ယင်းကြောင့် အမွေအနှစ်များထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်သူများ အားလုံးက ရေရှည်တည်မြဲရန် ဝိုင်းဝန်းထိမ်းသိမ်းရမည်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းလည်း တိုးတက်လာနိုင်သော်လည်း ခရီးသွားလုပ်ငန်းဖွံဖြိုးမှုကြောင့် ဆိုးကျိုးလည်းရှိလာနိုင်သည်။

“နံရံပန်းချီတွေကို လာကြည်တဲ့ သူတွေရဲ့ အသက်ရှုတာကအစ နံရံပန်းချီ တွေမှာ ရိုက်ခတ်မှုရှိတယ်။ အဲဒါတွေကိုလည်း စနစ်တကျ စီမံခန့်ခွဲဖို့လိုသေးတယ်။ နံရံဆေးရေးပန်းချီရှိတဲ့ ဂူတွေကို လူအရမ်းများလာရင် ဘယ်နှယောက်ပဲ ဝင်ရမယ်။ သတ်မှတ်ရမယ်”ဟု UNESCO မြန်မာ၏ နိုင်ငံတကာဆက်သွယ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက မှတ်ချက်ပြုသည်။

ကမ္ဘာ့လှည့်ခရီးသွားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ပျက်စီးမှုများကာကွယ်နိုင်ရန် စည်းကမ်းများချမှတ်ရမည် ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများဝင်ခြင်းကြောင့် ဒေသခံများ ဝင်ငွေတိုးစေသည်။ သို့ရာတွင် အမှိုက်များ၊ ဓာတုဆိုးဆေးသုံးစွဲမှုများ ပိုများလာနိုင်သည်။

ကမ္ဘာ့အနှစ်စာရင်းက ပယ်ဖျက်မခံရရေးတွင် ဟိုတယ်များကို စီမံခန့်ခွဲရေးမှာလည်း အရေးပါသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထားပြီဖြစ်၍ ရှေးဟောင်းဇုန်ထဲတည်ရှိနေသည့် ဟိုတယ်များကို ၂၀၂၈ ခုနှစ်တွင် သက်တမ်းကုန်ဆုံးရမည်ဖြစ်ပြီး ဟိုတယ်အသစ်ဆောက်လုပ်ခွင့်လည်း မရှိတော့ချေ။ အဆိုပါအချက်များကို UNESCO တွင် ကတိကဝတ်ပြုထားသည့်အတွက်ကြောင့် အစိုးရက ကတိကဝတ်အတိုင်း လုပ်ဆောင်ရတော့မည် ဖြစ်သည်။

ရှေးဟောင်းနယ်မြေအတွင်းရှိ ဟိုတယ်များကို အရင်းကြေကာလသတ်မှတ်ကာ ၁၅ နှစ်၊ ၂၀နှစ်ဖြင့် တဖြည်းဖြည်း လျှော့ချပြီး ၂၀၂၈ ခုနှစ် အရောက်တွင် လုပ်ငန်းများကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ဆိုသည်။

မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်း အတွင်းရေးမှူး ဦးသူရအောင် ကမူ  “သူ (အစိုးရ) ပေးထားတဲ့  ကတိတွေအရ ဟိုတယ်တွေ ထွက်ကို ထွက်ရမယ်” ဟု မှတ်ချက်ပေးသည်။

ယင်းအပြင် UNESCO ကို တင်သွင်းသည့် သဘောတူချက်များအရ ရှေးဟောင်းဇုန်ထဲတွင် ဟိုတယ်များ တည်ရှိနေခြင်း၊ အသစ်ဆောက်ခြင်းများကို လက်မခံပေ။ ပြည်တွင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်လည်း ငြိစွန်းကြောင်း ဦးသူရအောင်က ဆိုသည်။

ဟိုတယ်များကို သတ်မှတ်ထားသည့် ကာလအတွင်း ဖယ်ရှားနိုင်ခြင်းမရှိပါက ကမ္ဘာ့အမွေအနှစ်စာရင်းမှ ပြန်လည်ရုပ်သိမ်းခံရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်လျှင် ပြန်လည်ရုပ်သိမ်းခံရမည့်အရေးမှာ ခက်ခဲကြောင်း ဒေါ်ဥမ္မာမျိုးက ပြောဆိုသည်။

“အဲဒီလိုဖြစ်ဖို့က ခဲယဉ်းပါတယ်။ အဓိကကတော့ အမွေအနှစ်ကို ထိန်းသိမ်းတာဖြစ်တဲ့အတွက် အမွေအနှစ်ကို ဖျက်ဆီးတာမျိုး မလုပ်ဖို့အတွက်၊ ကာကွယ်ဖို့ အမွေအနှစ်တွေကို မပျက်စီးစေဖို့ပေါ့” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်သောကြောင့် အမွေအနှစ်ထိန်းသိမ်းရေးကို ပိုမိုလုပ်ဆောင်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်များ၏ တန်ဖိုးကို နားလည်ခြင်းအားနည်းပြီး ဂူပုထိုးများ၊ နံရံ ဆေးရေးပန်းချီများ တန်ဖိုးကြီးသည်ကို လူတိုင်းနားလည်ရန်လိုအပ်ကြောင်း ဒေါ်ဥမ္မာမျိုးက တိုက်တွန်းသည်။

“တန်ဖိုးနားလည်အောင်။ အသိညာပေးလုပ်ပေးရမယ်။ ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုတာပေါ့ ။ ဥပဒေနဲ့ လုပ်ရတာ မကြိုက်ပါဘူး။ ချစ်လို့ အမွေအနှစ်ထိန်းသိမ်းတာ လုပ်ရမယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *