ရခိုင်ပြည်နယ်အရေး ဘက်မလိုက်ဘဲအစီရင်ခံမည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

ဓာတ်ပုံ-မိုးကျော်လွင်

ရန်ကုန်၊ ဇူလိုင် ၁၁

ကုလသမဂ္ဂအထွေထွေညီလာခံသို့တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဘက်မလိုက်ဘဲရေးသားမည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂနာက ကတိပေးကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ထံမှသိရသည်။

အဆိုပါအထူးကိုယ်စားလှယ်သည် ဇူလိုင်လ ၁၀ ရက်နေ့နံနက်က စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ANP ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးစဉ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း  ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်ဒေါ်အေးနုစိန်က ပြောကြားသည်။

“ဘင်္ဂါလီတွေပြန်လာမယ့်ကိစ္စမှာ တရုတ်အစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပြောဆိုချက်တွေမှာ ဘယ်လိုသဘောထားလဲဆိုတဲ့ကိစ္စတွေပါတယ်။ ပြီးရင်သူရေးမယ့် အစီရင်ခံစာဟာ ဘင်္ဂါလီဘက်သက်သက်မဟုတ်ဘဲနဲ့ မျှတစွာဆောင်ရွက်ပေးမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းတွေပါတယ်” ဟု၎င်းကဆိုသည်။

ANP ပါတီ တွဲဖက်အတွင်းရေးမှူး (၁) ဦးအောင်မြကျော်ကမူ အဆိုပါအထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင်ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာကိုတင်သွင်းခဲ့ရာတွင် ဘင်္ဂါလီကိစ္စသာအများဆုံးပြောဆိုသွားသည်ကိုတွေ့ရပြီး ရခိုင်လူထု၏လူ့အခွင့်အရေး ချိုးဖောက်ခံရသည့်ကိစ္စများ မပါဝင်ခဲ့ကြောင်း ပြောဆိုသည်။

“ဇူလိုင် ၁ ရက်ကနေ နောက်ခြောက်လဆို သူတို့အစည်းအဝေးခေါ်မယ်လေ။ ကျွန်တော်တို့က အဲဒါကိုပြောလိုက်တာ။ နောက်ခြောက်လ အစီရင်ခံစာတင်တဲ့အခါမှာ ရခိုင်လူထုက လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အပိုင်းတွေကိုလည်း အစီရင်ခံစာထဲမှာပါနိုင်အောင် မျှမျှတတဖြစ်အောင်ထည့်ပေးပါလို့ပြောခဲ့တာပေါ့။  သူကတော့တာဝန်ခံသွားတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့ပြင်မစ္စခရစ်စတင်းက ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများကြောင့် အရပ်သားများ ထိခိုက်နစ်နာနေမှုအပါအဝင်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ANP ပါတီ မည်သို့ပြင်ဆင်ထားသည်တို့ကို မေးမြန်းခဲ့ကြောင်း ယင်းပါတီထံမှသိရသည်။

ANP ပါတီဘက်ကမူ ရခိုင်ပြည်နယ်ရှိ မြို့ရှစ်မြို့တွင် အစိုးရ၏အင်တာနက်ဖြတ်တောက်ထားမှုသည် သတင်းအမှောင်ချသည့်သဘောဖြစ်နေကြောင်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ခေါင်းဆောင်များကို အကြမ်းဖက်မှုဖြင့် အစိုးရကတရားစွဲဆိုထားခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုအလှမ်းဝေးစေသည် ဟုတင်ပြခဲ့ကြောင်း ဒေါ်အေးနုစိန်ကပြောသည်။

“ကျွန်မတို့ပါတီရဲ့ ရပ်တည်ချက်ကတော့ ဘင်္ဂါလီတွေကိုလက်ခံမယ့်ကိစ္စက အရင်ကတည်းကတင်ပြတဲ့အတိုင်း နိုင်ငံသားဥပဒေနဲ့စိစစ်ပြီးလက်ခံဖို့ဆိုတဲ့ရပ်တည်ချက်ကိုပဲ ဆုပ်ကိုင်ထားတယ်ဆိုတာ ပြောခဲ့ပါတယ်”ဟု ၎င်းကပြောဆိုသည်။

မစ္စခရစ်စတင်းကလည်း ANP ပါတီ၏ သဘောထားများကို မြန်မာအစိုးရ၊ တပ်မတော်၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နှင့်တွေ့ဆုံစဉ်တွင် ပြန်လည်တင်ပြပေးမည်ဟုပြောဆိုခဲ့ကြောင်း ဒေါ်အေးနုစိန်ကပြောဆိုသည်။

အထူးကိုယ်စားလှယ်သည် ဇူလိုင်၁၁ ရက်တွင် မြေပုံမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ သွားရောက်မည်ဟုသိရကြောင်း ၎င်းကဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *