ဗြိတိန်ရေနံတင်သင်္ဘောကို တားဆီးသည့် အီရန်စစ်သင်္ဘောငယ်များကို ဗြိတိန်စစ်သင်္ဘောမောင်းထုတ်

လန်ဒန်၊ ဇူလိုင် ၁၁

ပါရှန်းပင်လယ်ကွေ့အနီး ဖြတ်သန်းခုတ်မောင်းသည့် ဗြိတိန်ရေနံတင်သင်္ဘောကို တားဆီးရန်ကြိုးပမ်းသည့် အီရန်စစသင်္ဘောငယ်သုံးစင်းကို ဗြိတိန်ရေတပ်သင်္ဘောက မောင်းထုတ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ရေနံတင်သင်္ဘော British Heritage သင်္ဘောဆီသို့ ခုတ်မောင်းလာသည့် အီရန်တော်လှန်ရေးတပ်ဖွဲ့ သင်္ဘောငယ်သုံးစင်းကို ဗြိတိန်တော်ဝင်ရေတပ်သင်္ဘော HMS Montrose က မောင်းထုတ်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အီရန်၏ယခုလုပ်ရပ်သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်ကြောင်း ၎င်းက ဆိုသည်။

ဗြိတိန်စစ်သင်္ဘော HMS  Montrose က အီရန်စစ်သင်္ဘောငယ်သုံးစင်းကို လက်နက်ဖြင့်ချိန်ရွယ်၍ ဗြိတိန်ရေနံတင်သင်္ဘောနှင့် ဝေးရာကို သွားရန်အမိန့်ပေးခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ယခုနှစ် ဇွန်လက ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုတွင် အီရန်၌တာဝန်ရှိကြောင်း ဗြိတိန်က ပြောကြားခဲ့ပြီးနောက် ဗြိတိန်နှင့် အီရန်တို့၏ ဆက်ဆံရေးမှာ ဆိုးဝါးလာခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်၍ ဆီးရီးယားနိုင်ငံသို့ အီရန် ရေနံများတင်ပို့နေသည့် သင်္ဘောတစ်စင်းကို ဖမ်းဆီးရာတွင် ဗြိတိန်တော်ဝင်ရေတပ်က အကူအညီပေးခဲ့သည့် ကိစ္စနှင့် ဗြိတိန်- အီရန်ဆက်ဆံရေးမှာ ပိုမိုဆိုးဝါးလာခဲ့သည်။

ဖမ်းဆီးထားသည့် ယင်းသင်္ဘောကို ပြန်မလွှတ်မချင်း ဗြိတိန်ရေနံတင်သင်္ဘော တစ်စင်းကို ဖမ်ဆီးသင့်ကြောင်း အီရန်အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် ယင်းကိစ္စနှင့်ပတ်သက်၍ အီရန်ရှိဗြိတိန်သံအမတ်ကို ခေါ်ယူတွေ့ဆုံ၍ သတိပေးစကား ပြောကြားခဲ့ကြောင်းလည်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *