ကမ္ဘာ့ကပြောသော မြန်မာ့အကြောင်း

Myanmore

ယခုဖော်ပြမည့် အကြောင်းအရာများမှာ မြန်မာ့ရေးရာကိစ္စများကို ကမ္ဘာ့သတင်းမီဒီယာ၊ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးလောက၊ ကမ္ဘာ့ပညာရှင်လောက စသည်တို့၌ မည်သို့ ရှုမြင်သုံးသပ်ကြသည်ဆိုသည့် အကြောင်းများ ဖြစ်သည်။ ဤနေရာတွင် ပြင်ပအမြင်များကို ဖော်ပြသည်ဆိုရာ၌ မူရင်းရေးသားဖော်ပြချက်နှင့် ပတ်သက်၍ The Voice Journal က ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း အလျဉ်းမရှိဘဲ စာဖတ်သူ၏ သိခွင့်ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးရန် ကြိုးစားကြည့်ခြင်းဖြစ်သည်။ ‘ကမ္ဘာကတော့ မြန်မာကို ဒီလိုအမြင်ရှိနေတယ်’ ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ပုံဂံ သို့မဟုတ် အမျိုးသားရေးအောင်ပွဲ

ယခုဆိုလျှင် မြန်မာ့ရှေးဟောင်းမြို့တစ်မြို့ဖြစ်သော ပုံဂံမှာ ကုလသမဂ္ဂယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စားရင်းကို သွင်းလိုက်ပါပြီ။ ပုဂံယူနက်စကို စာရင်းဝင် သွားခြင်းသည် မြန်မာနိုင်ငံကို ပြင်ပကမ္ဘာ့နှင့် ပိုမိုထိတွေဆက်ဆံမှုဖြစ်လာနိုင်သည်ဟု ယူဆလာသူမှာ မြန်မာ့ရေးရာကျွမ်းကျင်သူ တစ်ဦးဖြစ်သော Nehginpao Kipgen ပင်ဖြစ်သည်။

ပုဂံကို ယခုတစ်ကြိမ် ကမ္ဘာ့အမွေအနှစ်စားရင်းသွင်းခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။ ၁၉၉၅ ခုနှစ်က ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန်ကြိုးပမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ အကြောင်းရင်းမှာ ထိုအချိန် စာရင်းတင်သွင်းစဉ်က ပုဂံရှိ ရှေးဟောင်းအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ တာဝန်ရှိ သူများ၏အကြံဉာဏ်ကို မယူခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ယင်းအချိန်က တင်သွင်းသည့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်များမှာ ရှေးဟောင်းအမွေအနှစ်များ၏ ဗိသုကာလက်ရာများကို ထိခိုက်စေရုံမျှမက ရှေးဟောင်းယဉ်ကျေးမှုနှင့် လျော်ကန်သင့်မြတ်မှုမရှိသော စီးပွားရေးဖွံဖြိုးမှုအစီအစဉ်များကြောင့်လည်း ပယ်ချခံခဲ့ရခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ယူနက်စကိုဘုတ်အဖွဲ့ဝင်များ၏ အကြံဉာဏ်ကို လက်ခံဆောင်ရွက်ခံခြင်းကြောင့် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းလိုက်ခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် ယခုနှစ်ဖေဖော်ဝါရီလတွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေအရ ရှေးဟောင်းအဆောက်အအုံများ တည်ရှိရာနေရာတွင် ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်မှုကို ပိုမိုတင်းကျပ်ထားသည်။ ပုဂံဒေသဝန်းကျင်ရှိ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းများကြောင့် ဖြစ်လာမည့် ဆိုးကျိုးများကို လျှော့ချမည့် ရှင်းလင်းတိကျသောအစီအစဉ်များ ပါဝင်လာသည်။

ယူနက်စကို၏ အကြံပေးတစ်ဦး ဖြစ်သည့် Kai Weise ၏ ထောက်ပြချက်အရ မြန်မာအစိုးရသည် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းလိုသည့် ဆန္ဒရှိပါက တင်းကျပ်သောပြုပြင်ထိန်းသိမ်းရေးရည်မှန်းချက်များ ရှိရမည်။ ဘက်စုံစီမံခန့်ခွဲမှုအစီအစဉ်များပါသည့် လက်တွေ့အကောင်အထည်ဖော်မှုများ၊ ရှေးဟောင်းအဆောက်အအုံနေရာများတွင် တည်ရှိနေသည့် ဟိုတယ်များကို ဖယ်ရှားရေးတို့ ပါဝင်ရမည်ဟု ဆိုထားသည်။

ယခုပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း ထည့်သွင်းခံလိုက်ရသည့် အောင်ပွဲမှာ အမျိုးသားရေးဆိုင်ရာ ဂုဏ်ယူစရာကိစ္စပင်။ သမိုင်းအစဉ်အလာကြီးမားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ပြန်လည်ရပ်တည်လာနိုင်ပြီဖြစ်သည်။ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် အလားအလာကောင်းများ ရှိသွားစေသည်။

Art

ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှုများတည်ရှိရာနေရာများကို ကမ္ဘာ့အမွေအနှစ်စာရင်း ထည့်သွင်းခံရသည်မှာ နှစ်နေရာရှိသွားပါပြီ။ ပထမနေရာမှာ ရှေးဟောင်းပျူမြို့ပြများဖြစ်သည် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းတို့ဖြစ်သည်။ ယင်းမြို့သုံးမြို့ကို ၂၀၁၄ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထည့်သွင်းရာတွင် လက်မခံသူများလည်း ရှိသည်။ ၎င်းတို့၏အမြင်အရ မြန်မာနိုင်ငံမှာ ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေချိန်တွင် ယခုကဲ့သို့ ကုလသမဂ္ဂက အသိအမှတ်ပြုလိုက်ခြင်းကို လက်မခံကြခြင်းဖြစ်သည်။

သို့သော် ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန်ထိုက်တန်ကြောင်း ညွှန်ပြနေသည့် အကြောင်းအချက်သုံးချက်လည်း ရှိပါသည်။ ပုဂံဒေသ၏ ထူးခြားရေးသွင်ပြင် လက္ခဏာနှင့် သမိုင်းတန်ဖိုးကို ကမ္ဘာက သိအောင်မြှင့်တင်လိုက်နိုင်ခြင်း၊ ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရာတွင် နိုင်ငံတကာပညာရှင်များ၏ အကြံဉာဏ်နှင့် ငွေကြေးအထောက်အပံ့များရနိုင်ခြင်း၊ ကမ္ဘာလှည့်ခရီးသွားများတိုးလာခြင်းမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးမှုမြင့်လာကာ မြန်မာစီးပွားရေးတစ်ခုလုံးကို မြှင့်တင်နိုင်မည့် အကြောင်းအချက်များ ဖြစ်သည်။

အချုပ်ဆိုရပါမူ ယူနက်စကိုက ပေးသည့် ဆုလာဘ်မှာ မြန်မာအတွက်ရော ကုလသမဂ္ဂအတွက်ပါ ကောင်းသည်ဟု ဆိုရပါမည်။ ယခုလို ဆုပေးလိုက်ခြင်းဖြင့် ၁၁ ရာစုနှင့် ၁၃ ရာစုအတွင်းက တည်ဆောက်ခဲ့သည့် ၃,၅၀၀ ကျော်ခန့် ရှိသည့် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၏ အရေးပါမှုကို ကုလသမဂ္ဂက အသိအမှတ်ပြုလိုက်ခြင်းပင်။ ထို့ပြင် ယခုဆုလာဘ်ကြောင့် ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ) အရေးကိစ္စကြောင့် ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့သည့် မြန်မာနှင့် ကုလသမဂ္ဂအကြား ယုံကြည်မှုတည်ဆောက်နိုင်ခြင်းမှာလည်း အရေးကြီးသောအချက်ပင် ဖြစ်ပါတော့သည်။ 

စာညွှန်း။       ။ Commentary: Bagan’s UNESCO World Heritage a win for Myanmar in more than one way

ဧကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *