Facebook ပိုက်ဆံနှင့် ၂၀၂၀ အချိန်ဇယား

Facebook က Libra အမည်ဖြင့် ပိုက်ဆံ Digital Currency ထုတ်မည်ဟု ကြေညာလိုက်သည်။ ကောင်းကျိုးဆိုးကျိုး မည်သို့သက်ရောက်နိုင်သနည်း။ မည်သို့ သက်ရောက်မည် မသေချာသော်လည်း ကြီးမားစွာသက်ရောက်မည်မှာသေချာသည်။

Fခေနဘသသု ပိုက်ဆံသည် လက်ရှိငွေကြေးသုံးစွဲသူ၊ ငွေလွှဲပို့သူများ ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်ချေရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲကမ္ဘာမှသူများ၏ ပြဿနာများ။ ဖွံ့ဖြိုးဆဲကမ္ဘာတွင် ဘဏ်စာရင်းရှိသူနည်းသည်။ ဘဏ်စာရင်းမရှိသော်လည်း Facebook Account မူရှိသည်။ ငွေပေးငွေယူ Facebook ငွေကြေးဖြင့် လုပ်၍ရနိုင်သည်။ နိုင်ငံခြားတွင် သွားအလုပ်လုပ်နေသူ သားသမီးထံမှ မိဘထံငွေလွှဲပို့ရန် တရားဝင်ဘဏ်များထံမှ မသွားနိုင်လျှင် Facebook ပိုက်ဆံဖြင့် သွားနိုင်သည်။ လွှဲခလည်း အတော်သက်သာမည်။

Facebook သုံးစွဲသူများ သန်းထောင်နှင့်ချီရှိသဖြင့် Facebook ပိုက်ဆံသည် ကမ္ဘာသုံးငွေကြေး Global Currency တန်းဖြစ်မည်။ ကမ္ဘာသုံးငွေကြေးသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ကြီးစိုးမည်၊ ရိုက်ခတ်မည်။ ကမ္ဘာသုံးဘဏ္ဍာရေးစနစ်သည် ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်သည်။ အမေရိကန်တွင် ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အမေရိကန်စီးပွားရေး၊ ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးကို သက်ရောက်မှုပြင်းသည်ကို မှတ်မိကြဦးမည်။ ထို့ကြောင့် Facebook ပိုက်ဆံသည် ကမ္ဘာ့စီးပွားရေးပေါ် သက်ရောက်မှုကြီးမည်။ ထို့ကြောင့်လည်း Facebook ပိုက်ဆံ၏ အခြေအနေကို စောင့်ကြည့်နေကြသည်။

ကမ္ဘာနှင့်ချီသော Global ကိစ္စကို Global Player များက ပိုသတိထားကြသည်။ သူတို့သည် ကမ္ဘာ့စနစ်တွင်းမှ အများဆုံးအကျိုးခံစားနေရသူများဖြစ်သည်။ ထိလျှင် အများဆုံးထိမည့် သူများလည်းဖြစ်သည်။ ကမ္ဘာ့စနစ်တွင်းမှ အများဆုံးအကျိုးခံစားနေရသူမှာ အမေရိကန်ပြည်ထောင်စု။ Facebook ပိုက်ဆံသည် လက်ရှိ ကမ္ဘာသုံးငွေကြေး၏ ပြိုင်ဘက်ဖြစ်မည်။ အမေရိကန်ဒေါ်လာ။ အမေရိကန်ဒေါ်လာကို အမေရိကန်အစိုးရကထုတ်သည်။ ထို့ကြောင့်လားမသိ။ အမေရိကန် ငွေကြေးတာဝန်ခံဖြစ်သော အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက Facebook ငွေကြေးကို သတိထားရန် လူသိရှင်ကြားထွက်ပြောပြီ။

အမေရိကန်အစိုးရကဲ့သို့ပင် စိတ်ပူသည့် နောက်အစိုးရတစ်ရပ် ရှိသေးသည်။ တရုတ်အစိုးရ။ အမေရိကန်ပြီးလျှင် သူက ဒုတိယအကောင်ကြီး။ သူတို့ စိတ်ပူပုံက နောက်တစ်မျိုး။ Facebook သည် အမေရိကန်အစိုးရ၏ အမိန့်ကိုနာခံရမည့် အမေရိကန်ကုမ္ပဏီ။ တရုတ်သည် Huawei ကိစ္စတွင် အမေရိကန်အစိုးရအမိန့်အရ အမေရိကန်ကုမ္ပဏီများ၏ အဆက်အသွယ်ဖြတ်ခံရသည့်အနာက ပူပူနွေးနွေးသာ ရှိသေးသည်။ Facebook ငွေကြေးကို သူ့လူများ သုံးကုန်ပြီးမှ ဟိုဘက်က ဖြတ်ချလျှင် ကသောင်းကနင်းဖြစ်မည့် အန္တရာယ်ကိုကြောက်မည်။ သူ့တွင် Wechat၊ Alipay စသည့် ရွေးချယ်စရာများလည်း ရှိသည်ကိုး။

ငွေကြေး၏ မူလသဘောကို ပြန်သွားရအောင်။ ငွေကြေး၏ အခြေခံသည် ယုံကြည်မှုဖြစ်သည်။ မိမိလက်တွင်းရှိ ငွေကြေး၏ တန်ဖိုးကို ပြန်မရဟုထင်လျှင် ထိုငွေကြေးကို သုံးမည်မဟုတ်။ ထိုသဘောကြောင့် ငွေကြေးများကို နိုင်ငံ State က ထုတ်သည်။ ထိုငွေများကို နိုင်ငံက အာမခံထားသည်။ အမေရိကန်ဒေါ်လာ၏ နောက်တွင် အမေရိကန်အစိုးရရှိသည်။ တရုတ်ယွမ်၏ နောက်တွင် တရုတ်အစိုးရရှိသည်။ အမေရိကန်အစိုးရကို ယုံကြည်သူများသဖြင့် အမေရိကန်ဒေါ်လာကို ကိုင်လိုသူများသည်။ သက်ဆိုင်ရာနိုင်ငံကို ယုံကြည်သူနည်းလျှင် သူ့ငွေကြေး မျက်နှာငယ်မည်။

Facebook ပိုက်ဆံတွင် ယုံကြည်မှုပြဿနာရှိသည်။ Facebook သည် ကုမ္ပဏီဖြစ်သည်။ ငွေကြေးထုတ်လေ့ထုတ်ထရှိသော နိုင်ငံ State မဟုတ်။ Facebook ပိုက်ဆံကိုသုံးပြီး ပြန်မရလျှင် မည်သူက ဖြေရှင်းပေးမည်နည်း။ Facebook တည်ထောင်သူ Zuckerberg က ပြန်ပေးမည်လား။ အရေးကြီးသောမေးခွန်းနောက်တစ်ခု ရှိသေးသည်။ လူတွေ၏ ဘ၀ကို၊ နိုင်ငံတွေ၏ ဘ၀ကိုကြီးစိုးခြယ်လှယ်မည့် အာဏာကို ကုမ္ပဏီတစ်ခုကို ပေးလိုက်ကြမည်လား။ အမေရိကန်မဟုတ်သောသူများဆိုလျှင် ထိုမေးခွန်းကို ပိုပြီးမေးကြမည်။

Facebook က ထိုအရေးကို ကြိုတွက်ထားပုံရသည်။ Libra ငွေကြေးကို သူကိုယ်တိုင်မလုပ်။ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး လုပ်မည်။ ထိုအဖွဲ့တွင် နာမည်ကြီး ငွေကြေးကုမ္ပဏီများနှင့် e-Commerce ကုမ္ပဏီများ ပါသည်။ Facebook သည် ထိုကုမ္ပဏီများအနက်မှ တစ်ခုအနေနှင့်သာပါမည်။ Visa၊ Master၊ ebay၊ Uber တို့ပါသည်။ အုပ်စုလိုက် အာမခံသည့်သဘော။ Visa၊ Master တို့၏ တစ်ကမ္ဘာလုံး ဖြန့်ကြက်မှုက သိသည့်အတိုင်း။ ebay နှင့် Uber တို့တွင် Libra သုံးလို့ရမည်ဆိုလျှင် သုံးရမည့်နေရာ ကျယ်သွားပြီ။

Facebook ၏ ပိုက်ဆံနှင့် ပတ်သက်လျှင် အဓိကဦးနှောက်ခြောက်ရသူများမှာ နိုင်ငံ၏ Monetary Policy ကို ကိုင်သည့်၊ ငွေကြေးကိုထိန်းသည့် ဗဟိုဘဏ်များ။ တရုတ်၊ အမေရိကန်ဗဟိုဘဏ်များက ဦးနှောက်ခြောက်ပုံနှင့် သူတို့လောက် အရွယ်မကြီးသည့် နိုင်ငံဗဟိုဘဏ်များ၏ ဦးနှောက်ခြောက်ပုံချင်းလည်း မတူကြ။ ဒစ်ဂျစ်တယ်ငွေကြေးသည် ရိုးရိုးငွေကြေးနှင့်လည်း သဘောသဘာဝကွာခြားချက်များရှိသည်။ ရိုးရိုးပိုက်ဆံနောက်ကိုပင် လိုက်ရခက်သည့်အထဲ ဒစ်ဂျစ်တယ်ငွေကြေးဆိုလျှင် လိုက်ရပိုခက်မည်။ ငွေကြေးခဝါချခြင်းတို့ကဲ့သို့ ငွေကြေးရာဇဝတ်မှုများ ပိုထိန်းရခက်နိုင်သည်။ ကိုယ့်ငွေကြေး၏ လဲလှယ်နှုန်းကိုရော ထိခိုက်မည်လား။ မြန်မာဆိုပါစို့။ ကျပ်မှ ဒေါ်လာသို့ ထွက်ပြေးသူ ရုတ်တရက်ဆောင့်တက်လျှင် မည်သို့လုပ်ဆောင်မည်နည်း။

လောလောဆယ်တွင် Facebook ၏ ပိုက်ဆံသာ ထွက်လာလျှင် ဗဟိုဘဏ်များက အသီးသီးအသက ဒစ်ဂျစ်တယ်ငွေကြေး လိုက်ထုတ်ကြမည့်ပုံပေါ်သည်။

နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးသည် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုသည်။ ကိုယ့်ငွေကြေးကို ကိုယ့်နိုင်ငံကသူများ မသုံးကြလျှင် ကိုယ့်နိုင်ငံ၏ အချုပ်အခြာအာဏာကျဆင်းသည်ဟု မှတ်ယူကြသည်။ ဒစ်ဂျစ်တယ်ငွေကြေး သုံးရလွယ်သောကြောင့် ကိုယ့်နိုင်ငံကလူများ လိုက်သုံးကြမည်စိုးလျှင် ကိုယ်က လိုက်ထုတ်မည်ဟု တွက်ကြပုံပေါ်သည်။

Facebook ပိုက်ဆံကို ၂၀၂၀ အမီထုတ်မည်ဟု မှန်းထားသည်။ နောက်နှစ်။ မြန်မာအများအပြား၏ဘ၀ကို စိုးမိုးထားသော Facebook ၏ ပိုက်ဆံထုတ်လျှင် လိုက်သုံးမည့် မြန်မာများလိမ့်မည်။ Unbanked Population ခေါ် ဘဏ်စာရင်းမရှိသူပမာဏလည်း မြန်မာတွင် များသည်။ ဘဏ်စာရင်းမရှိသော်လည်း Facebook Account မူ ပိုင်လေ့ရှိသည်။ မြန်မာတို့ ရင်ဆိုင်နေရသော ငွေလွှဲခြင်း၊ ငွေပေးချေခြင်းပြဿနာများစွာ ပြေလည်သွားနိုင်သည်။ အကျိုးရှိနိုင်သလို Risk ခေါ် သတိထားရမည့် အရာများလည်း မြန်မာတွင် မနည်း။ ‘ကျပ်’ သည် နဂိုကတည်းက အတက်အကျများသည်။ မြန်မာနိုင်ငံတွင်း သမားရိုးကျငွေကြေးစီးဆင်းမှုကိုပင် နောက်ယောင်ခံရန် အခက်အခဲများစွာ ရှိသည်။

Facebook ပိုက်ဆံကိစ္စ မြန်မာ့ဗဟိုဘဏ် ‘စ’ စဉ်းစားဖို့ လိုပြီ။

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *