တရွတ်ဆွဲလိုက်နေရသေးသည့် ဝန်ကြီးဌာနများ

ပြောင်းလဲချိန်တန်ပြီဟူသော ရွေးကောက်ပွဲကြွေးကြော်သံဖြင့် ပြိုင်ဘက်ပါတီများကို အလဲထိုး၍ နိုင်ငံ့အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူခဲ့သော NLD အစိုးရလက်ထက် သုံးနှစ်ကျော်အကြာတွင် ဝန်ကြီးဌာနများ၏ စွမ်းဆောင်ရည်မှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

သုံးနှစ်တာ အချိန်ကာလသည် ဝန်ကြီးဌာနများအတွက် ထိုက်သင့်သည့်စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရမည့်အချိန်လည်း ဖြစ်သည်။ သို့သော် ဤသို့ ဖြစ်ခဲ့ပါ၏လော။

NLD အစိုးရခေတ်တွင် အပြောင်းအလဲနောက် လူထုက မလိုက်နိုင်သည်လား။ သို့တည်းမဟုတ် ဝန်ကြီးဌာနများကိုယ်တိုင် မလိုက်နိုင်သည်လားဆိုသည်ကား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစီရင်ခံစာ ၈/၂၀၁၉ ထွက်ရှိပြီးနောက် ထပ်မံပေါ်ထွက်လာသည့် မေးခွန်းပင်ဖြစ်သည်။

ဘဏ္ဍာရေးနှစ် အပြောင်းအလဲ

NLD အစိုးရသည် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၂၁ ခုဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၁၀ ခု၊ စည်ပင်သာယာရေးကော်မတီ သုံးခုလည်း အစိုးရယန္တရားတွင် ပါဝင်လည်ပတ်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာနှစ်ပြောင်းလဲခြင်းကို ဆောင်ရွက်ခဲ့သည်။ ယခင်က ဘဏ္ဍာနှစ်သတ်မှတ်ရာတွင် ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ ဖြစ်သည်။ သို့သော်လည်း NLD အစိုးရလက်ထက်တွင် ဘဏ္ဍာနှစ်စသည့် အောက်တိုဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။

ဘဏ္ဍာနှစ်ပြောင်းလဲခြင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ အထိသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ပင်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက် တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ဝက်ကာလပင်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီသည် အဆိုပါခြောက်လတာကာလအတွင်း ဝန်ကြီးဌာန ၂၁ ခု၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၁၀ ခုနှင့် စည်ပင်သာယာရေးကော်မတီ သုံးခုတို့၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို သုံးသပ်ထားသည့် ‘၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုနောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ် (၈/၂၀၁၉)’ ပြည်ထောင်စုလွှတ်တော်ထံသို့ မေလကုန်ပိုင်းက တင်ပြခဲ့သည်။

အဆိုပါအစီရင်ခံစာသည် ဝန်ကြီးဌာနအသီးသီးက ထပ်မံတောင်းခံသည့် ထပ်တိုးဘတ်ဂျက်များကို စိစစ်သည့် အစီရင်ခံစာပင်ဖြစ်သည်။ သို့သော်လည်း ထပ်မံတောင်းခံသည့် ဘတ်ဂျက်ငွေများကို မခွင့်ပြုမီ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လတာကာလအတွင်း ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်ခဲ့သော စီမံကိန်းများကို ပြန်လည်စိစစ်၍ အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဤဖော်ပြချက်အရ NLD အစိုးရ၏ ဝန်ကြီးဌာနအချို့သည် အပြောင်းအလဲနောက် လိုက်ပါမလာဘဲ တရွတ်ဆွဲ၍ နေမြဲဖြစ်လျက်ရှိသည်ကို တွေ့မြင်ရခြင်း ဖြစ်သည်။

အလုပ်မတွင်သည့် ဝန်ကြီးဌာနများ

NLD အစိုးရတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနစုစုပေါင်း ၂၁ ခုရှိသည်။ အဆိုပါဝန်ကြီးဌာနများသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ရမည့် လုပ်ငန်း၊ စီမံကိန်း ၁၁,၉၀၅ ခုရှိသည်။

သို့သော်လည်း အဆိုပါကာလအတွင်း လုပ်ငန်း ၆၁၄ ခု (၅.၂ % ) ကိုသာ အပြီးအပြတ်ဆောင်ရွက်နိုင်ခဲ့သည်။ ဆောင်ရွက်ဆဲလုပ်ငန်းမှာ ၄၂၅၃ ခု (၄၄%) ရှိသည်။ သို့သော်လည်း လုံးဝမဆောင်ရွက်ရသေးသည့် လုပ်ငန်း၊ စီမံကိန်းမှာ ၆၀၄၈ ခု (၅၀.၈%) ရှိနေပြန်သည်။ ယင်းကို ပုံ (၁) တွင် ဖော်ပြထားသည်။

ဤအချက်ကိုကြည့်လျှင် ဝန်ကြီးဌာနများသည် ၎င်းတို့ဆောင်ရွက်မည်ဟုဆိုကာ ပြည်သူ့ဘဏ္ဍာငွေတင်ပြတောင်းခံထားသည့် လုပ်ငန်းများ၊ စီမံကိန်းများ၏ ထက်ဝက်ခန့်ကို သတ်မှတ်ကာလ (ခြောက်လ)အတွင်း မဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကမူ နိုင်ငံသည် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီ ပြီးစီးရေး ဘဏ္ဍာနှစ်ကိုပင် ပြောင်းလဲသတ်မှတ်ပေးခဲ့သည်ဟုဆိုသည်။

ယခင်ကမူ ဘဏ္ဍာနှစ်စသည် ဧပြီ ၁ ရက်နေ့ဖြစ်ရာ လွှတ်တော်က ဘတ်ဂျက်ခွင့်ပြုပြီးနောက် အမှန်တကယ် အလုပ် လုပ်ချိန်သည် မိုးတွင်းကာလဖြစ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများမှာ အချိန်လင့်ခဲ့ရသည်။ အထူးသဖြင့် လမ်းခင်းခြင်း၊ တံတားဆောက်ခြင်းနှင့် အခြားသော ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလ ၁ ရက်မှစတင်၍ ဘဏ္ဍာနှစ် ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း ဝန်ကြီးဌာန ၂၁ ခု၏ လုပ်ငန်း ၅၀ ရာခိုင်နှုန်းကျော်မှာ အကောင်အထည်မဖော်ရသေးသည့် အခြေအနေပင်ဖြစ်သည်။ လုပ်ငန်းပြီးစီးမှုမှာလည်း ၅ ရာခိုင်နှုန်းကျော်သာရှိသည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ အခြားသော ၄၅ ရာခိုင်နှုန်းမှာမူ ဆောင်ရွက်ဆဲအဆင့် ဖြစ်သည်။

လုပ်ငန်း သို့မဟုတ် စီမံကိန်း အရေအတွက် ၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို ဝန်ကြီးဌာန ခြောက်ခု၊ ၃၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို ဝန်ကြီးဌာန ခြောက်ခုက လုံးဝအကောင်အထည်မဖော်နိုင်ခဲ့ပေ။ ထို့အတူ လုပ်ငန်းအရေအတွက် ၅၁ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းထိကို ဝန်ကြီးဌာန ရှစ်ခုက လုံးဝအကောင်အထည်မဖော်နိုင်ခဲ့ပေ။ ယင်းကို ပုံ (၂)တွင် အသေးစိတ်ဖော်ပြထားသည်။

လုပ်ငန်းတစ်ခုမျှ အကောင်အထည်မဖော်နိုင်သည့် ဝန်ကြီးဌာနတစ်ခုရှိပြီး ယင်းမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သည်။ လုပ်ငန်းခြောက်ခုရှိသည့်အနက် တစ်ခုမျှ အကောင်အထည်မဖော်ရသေးပေ။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့် လုပ်ငန်း ၅၂ ခုရှိပြီး လုပ်ငန်း ၄၃ ခု (၈၂.၇ %) မှာ လုံးဝအကောင်အထည်မဖော်နိုင်သေးပေ။

စက်မှုဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့် လုပ်ငန်း ၇၇ ရှိသည့်အနက် ၅၇ ခု (၇၄ %)မှာ လုံးဝ အကောင်အထည်မဖော်နိုင်သေးပေ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့်လုပ်ငန်း ၁၈၆၈ ခု ရှိသည့်အနက် လုပ်ငန်း ၁၃၆၂ ခု ( ၇၃ %)မှာ လုံးဝ အကောင်အထည်မဖော်နိုင်သေးပေ။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့်လုပ်ငန်း ၅၅ ခု ရှိသည့်အနက် လုပ်ငန်း ၃၇ ခု (၆၇.၃ %)မှာ လုံးဝအကောင်အထည်မဖော်နိုင်သေးပေ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့်လုပ်ငန်း ၆၇ ခု ရှိသည့်အနက် လုပ်ငန်း ၄၁ ခု (၆၁.၂%)မှာ လုံးဝ အကောင်အထည် မဖော်နိုင်သေးပေ။

ပညာရေးဝန်ကြီးဌာနသည် အကောင်အထည်ဖော်ရမည့်လုပ်ငန်း ၅၂၁၄ ခု ရှိသည့်အနက် လုပ်ငန်း ၃၁၇၅ ခု (၆၁ %)မှာ လုံးဝ အကောင်အထည်မဖော်နိုင်သေးပေ။

အရေးကြီးသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ လုပ်ငန်း ၂၀ ရာခိုင်နှုန်းကျော်သည်လည်း လုံးဝအကောင်အထည် မဖော်ရသေးပေ။

အနှစ်ချုပ်ဆိုရလျှင် ဝန်ကြီးဌာန ၂၁ ခုသည် လုပ်ငန်းများအကောင်အထည်ဖော်ရာ၌ လုပ်ငန်း ၅၁ ရာခိုင်နှုန်းကျော်မှာ သတ်မှတ်ကာလအတွင်း လုံးအဝအကောင်အထည်မဖော်ရသေးကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တွေ့ရှိခဲ့သည်။

ထို့ကြောင့် ‘ဘဏ္ဍာရေးနှင့် ပြောင်းလဲသတ်မှတ်ခြင်း၏ အဓိကရည်ရွယ်ချက်နှင့် အနှစ်သာရကို ပြည့်မီအောင် လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိ’ ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ထံ တင်ပြခဲ့သည်။

ပြည်ထောင်စုအစိုးရက ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ (၁)ပြောင်းလဲလိုက်သော ဘဏ္ဍာရေးနှစ်စသည် ခြောက်သွေ့ရာသီဖြစ်ပြီး ကာလရှည်ရုံးပိတ်ရက်နှင့် လွတ်ကင်းသောကြောင့် လုပ်ငန်းဆောင်ရွက်မှုမြန်ဆန်ခြင်း၊ (၂) ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သောကာလ (ပွင့်လင်းရာသီ)သည် အောက်တိုဘာလမှ မေလကုန်အထိ တစ်ဆက်တည်း ရှစ်လရှိခြင်းနှင့် (၃) သုံးလပတ် ဘဏ္ဍာငွေသုံးစွဲမှု ပိုမိုညီညွတ်မျှတစေခြင်းတို့ပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားထားပြီးဖြစ်သည်။

သို့သော်လည်း ဝန်ကြီးဌာနများကား အစိုးရ၏ အပြောင်းအလဲနောက်သို့ မလိုက်နိုင်ကြသည်ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာက သက်သေပြလျက်ရှိသည်။

အဘယ့်ကြောင့်ဆိုသော်

သတ်မှတ်ကာလအတွင်း ဝန်ကြီးဌာနများ၏ လုပ်ငန်းများ မပြီးပြတ်မှုတွင် အကြောင်းရင်းများစွာရှိသည့်အနက် ပထမအချက်မှာ တင်ဒါကိစ္စဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက် ၁/၂၀၁၇ ကို ဝန်ကြီးဌာနများက လိုသလိုဆွဲ၍ အကောင်အထည်ဖော်လျက်ရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဆိုသည်။ ထို့ကြောင့် တင်ဒါဆွဲရာတွင် ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခု၏ စည်မျဉ်းများ မတူညီသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုနှင့် တစ်ခုလည်း မတူညီကြပေ။

“တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ဝန်ကြီးဌာနတွေက ၁/၂၀၁၇ ကို လိုသလို အဓိပ္ပာယ်ဖော်နေကြတာ။ ဒါကြောင့် ၁/၂၀၁၇ ကို ပြန်လည်ပြင်ဆင်ဖို့လိုတယ်” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က မှတ်ချက်ပြုသည်။

ဤအချက်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က မေလ ၂၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် “နိုင်ငံတော်သမ္မတရုံး လမ်းညွှန်ချက် ၁/၂၀၁၇ ကို လက်တစ်လုံးခြားလုပ်ငန်းစဉ်များ မလုပ်ရန် နိုင်ငံတော်သမ္မတကြီးက အကြိမ်ကြိမ်လမ်းညွှန်ခဲ့ပေမယ့် တာဝန်ရှိသူများကတော့ လွယ်နေတာကို ခက်အောင်လုပ်နေကြတုန်းပဲဆိုတာ သိရှိနိုင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

“၁/၂၀၁၇ ကိုလိုသလို အဓိပ္ပာယ်ကောက်ပြီး ဝန်ထမ်းဆိုးအချို့နဲ့ ဆိုင်ရာပိုင်ရာကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်သူတွေသာ တင်ဒါအောင်ဖို့ နည်းမျိုးစုံသုံးပြီး ကြန့်ကြာမှုတွေ၊ ပြဿနာတွေ၊ မသမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

နောက်တစ်ချက်မှာ ကိုယ့်လူကိုယ်ပေးချင်သည့်သဘောဖြင့် ၁/၂၀၁၇ လစ်ဟာချက်ကိုသုံး၍ တင်ဒါစည်းမျဉ်းများကို လိုသလိုအဓိပ္ပာယ်ကောက်ယူနေကြခြင်းဖြစ်သည်။ ဤအချက်သည်လည်း လုပ်ငန်းရှင်များရင်ဆိုင်နေရသည့် အခက် အခဲဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်ကဆိုသည်။

လုပ်ငန်းရှင်များကြုံတွေ့ရသည့် နောက်ထပ်အခက်အခဲတစ်ခုမှာ တင်ဒါဈေးနှုန်းနှင့် ဆောက်လုပ်ပေးရသည့်အဆောက်အအုံ တန်ဖိုးမညီမျှမှုဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ဖိအားကြောင့် ဝန်ကြီးဌာနများသည် တင်ဒါခေါ်ယူရာတွင် ဈေးကို အနည်းဆုံးသတ်မှတ်လေ့ရှိသည်။ ထို့ကြောင့် တင်ဒါဝင်ဆွဲသူမရှိသည့်ကိစ္စရပ်များ များစွာဖြစ်ပေါ်လာပြီး ဝန်ကြီးဌာနများ၏ လုပ်ငန်းများ အချိန်မီမပြီးစီးရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မန္တလေးမှာဆို တင်ဒါဆွဲမယ့်သူ မရှိတာတွေ အများကြီးပဲ” ဟု ဦးမျိုးမြင့် က ရှင်းပြသည်။

နောက်တစ်ချက်မှာ ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုဖြစ်သည်။

တင်ဒါအောင်မြင်၍ လုပ်ငန်းအပိုင်း လိုက်ပြီးစီးချိန်တွင် ငွေကို လေးကြိမ်ခွဲ၍ ထုတ်ယူရသည်။ ထိုကိစ္စမှာ လုပ်ငန်းတန်ဖိုးနည်းသည့် တင်ဒါများအတွက် အကြောင်းမဟုတ်သော်လည်း ဘီလီယံနှင့်ချီသည့် လုပ်ငန်းတင်ဒါအတွက်မူ လုပ်ငန်း ရှင်များ အခက်တွေ့ရသည်ဟုဆိုသည်။ ငွေထုတ်ရန်အတွက်လည်း ဌာနအသီးသီး၏ လက်မှတ်မျိုးစုံလိုအပ်သည်ဟု လုပ်ငန်းရှင်များကဆိုသည်။

တင်ဒါအောင်လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီး၍ ငွေထုတ်မည်ဆိုပါက အချို့ဝန်ကြီးဌာနများသည် သုံးလခန့်ကြာမြင့်တတ်ပြီး လုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးချိန်ကျမှသာ ယခင်တင်ပြတောင်းခံထားသည့် ၂၅ ရာခိုင်နှုန်းအတွက် ငွေရတတ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။ ငွေထုတ်ရာတွင်လည်း အချို့တင်ဒါများအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ အချို့ကို ပြည်ထောင်စုအဆင့်၊ အချို့ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များကို တင်ပြတောင်းခံနေရသည်ဟု ဦးမျိုးမြင့်က ဆိုသည်။

ဤအချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကလည်း ထောက်ခံသည်။

“အဆင့်တွေတအားများနေတယ်။ ရှင်းရှင်းပြောရင် တချို့ကလည်း အဲဒီလို လက်မှတ်တွေ မထိုးပေးချင်ဘူး။ ဆိုတော့ မရှုပ်ထွေးသင့်ဘဲ ရှုပ်ထွေးနေတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်ယဉ်မင်းလှိုင်သည် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါကိစ္စအတွက် ဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများအရည်အသွေးကို စိစစ်မည့် Third Party များအတွက် လမ်းညွှန်ချက်များထုတ်ပြန်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနများအနက် ပညာရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ဆိုလျှင် တင်ဒါဖွင့်ချိန် ကြန့်ကြာလျက်ရှိပြီး အချို့မှာ တင်ဒါစိစစ်ချိန် သုံးလခန့်ကြာပြီး တင်ဒါကြေညာရန်အတွက်လည်း လအနည်းငယ် ကြန့်ကြာတတ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ထိုသို့ ကြန့်ကြာမှုများကြောင့် အမှန်တကယ်လုပ်မည့်လုပ်ငန်းရှင်သည် တစ်နှစ်ခန့်လုပ်ရမည့်အလုပ်ကို သုံးလခန့်သာ အချိန်ရသည်များလည်းရှိရာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းမပြီးစီးမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

ဤကဲ့သို့ ဝန်ကြီးဌာနများကိုယ်တိုင်က လုပ်ထုံးလုပ်နည်းရှုပ်ထွေးနေမှုများကြောင့် လုပ်ငန်းမပြီးစီးသည့်ကိစ္စရပ်များစွာ ဖြစ်ပေါ်လျက်ရှိသည်ဟု ဦးမျိုးမြင့် က သုံးသပ်သည်။

လုပ်ငန်းများအကောင်အထည်မဖော်နိုင်သောကြောင့် ပြည်ထောင်စုသို့ ပိုလျှံဘဏ္ဍာငွေပြန်အပ်ရသည်များမှာလည်း နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပိုလျှံဘဏ္ဍာငွေပြန်လည်အပ်နှံမှု အသားတင် ကျပ် ၁၆၅၇ ဘီလီယံရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂၂၆၇ ဘီလီယံရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာအရ သိရသည်။

မည်သို့ဆိုစေ ဝန်ကြီးဌာနများသည် အစိုးရအပြောင်းအလဲနောက်သို့ တစ်ပြေးညီလိုက်ပါနိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အစိုးရရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲတဲ့ဟာကို ဝန်ကြီးဌာနတွေက နောက်ကနေ မလိုက်နိုင်ဘူး” 

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *