ပညာရေး 4.0

လူ့အဖွဲ့အစည်းတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် ပညာရေးက အရေးကြီးသည်။ ပညာရေးကို မြှင့်တင်ပေးနိုင်မှသာ ပညာအခြေခံသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာပြီး အောက်တန်းကျရသောဘ၀မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ပညာရေးကို မြှင့်တင်သည်ဟုဆိုရာတွင် ပတ်ဝန်းကျင်ကို လေ့လာဖို့လိုသည်။ ဘေးပတ်ဝန်းကျင်က လူတွေ၏ ပညာရေးမှာ မည်သည့်အဆင့်အတန်းရောက်နေပြီလဲဟူသည်ကိုသိရှိဖို့ ကြိုးစားရသည်။ တစ်ချိန်တည်းတွင် မိမိတို့၏ပညာရေးအခြေအနေကိုလည်း ပြန်လည်ဆန်းစစ်ပြီးလူတန်းစေ့ဖြစ်လာအောင် လုပ်ဆောင်ရမည်။ သို့အတွက် ကမ္ဘာကြီးကို မျက်နှာမူရသည်။ ကမ္ဘာလုံးချီ ပညာရေးအဆင့်အတန်းကိုကြည့်လျှင် ယနေ့ကမ္ဘာ့နိုင်ငံများမှာ ‘ပညာရေး 4.0’ အဆင့်ကို ဦးတည်ကြိုးပမ်း အကောင်အထည်ဖော်နေကြသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံ၏အနေအထားဖြင့် လတ်တလော လိုက်မမှီနိုင်သေးသည့်တိုင် ပညာရေး 4.0 ၏ သဘောသဘာဝလောက်ကိုတော့ နားလည်ထား သိရှိထားသင့်ပါသည်။

ပညာရေးနှင့် စက်မှုကဏ္ဍအပြောင်းအလဲ ဆက်စပ်မှု

ပညာရေး ၄.၀ ဆိုသည်မှာ စက်မှုတော်လှန်ရေးဖြစ်စဉ်များ၏ ဆင့်ကဲပြောင်းလဲမှုမှတစ်ဆင့် ပေါ်ပေါက်လာရသော ပညာရေးပြုပြင်ပြောင်းလဲမှု အဆင့်အတန်းတစ်ခုဖြစ်သည်။ အလုပ်သည် ပညာနှင့် အမြဲတစေ ဆက်စပ်နေရသည်ဖြစ်ရာ အလုပ်အကိုင်အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ ယင်းအလုပ်အတွက် လိုအပ်သောပညာရေးအခြေအနေများကလည်း လိုက်ပါပြောင်းလဲလာကြရလေသည်။ အမြစ်ကစပြီးလှန်ရလျှင် ၁၇၈၄ခု လောက်တွင် ရေနွေးငွေ့စွမ်းအင်ဖြင့် လည်ပတ်နိုင်သော စက်ပစ္စည်းများကို တီထွင်အသုံးပြုလာရာမှစ၍ စက်မှုတော်လှန်ရေးကြီးကို စတင်ခဲ့သည်။ စက်မှုခေတ်သစ် (Mechanization Age) ကိုပင် စက်မှုတော်လှန်ရေး 1.0 ဟု နောက်လူများက သတ်မှတ်ခဲ့ကြသည်။ဤသို့ဖြင့် ဆင့်ကဲပြောင်းလဲလာခဲ့ရာ လျှပ်စစ်ပေါ်ပေါက်လာ သောခေတ်တွင် လျှပ်စစ်ဓာတ်အားဖြင့် စက်မှုလုပ်ငန်းများကို အရှိန်မြှင့်တင်လာနိုင်ခဲ့သည်။ ထိုသို့ လျှပ်စစ်ထွန်းကားလာသောခေတ် (Electrification Age) ကိုပင် စက်မှုတော်လှန်ရေး 2.0 ဟု သတ်မှတ်ကြပြန်သည်။ ထို့နောက် ၁၉၇၀ ခန့်မှစ၍ အီလက်ထရွန်နစ်ပစ္စည်းများ အသုံးချမှုတွင်ကျယ်လာခဲ့ရာ Digitalization Age ကို ရောက်ရှိလာခဲ့သည်။ ၎င်းကိုလည်း စက်မှုတော်လှန်ရေး 3.0 ဟု သတ်မှတ်ခဲ့ကြသည်။ ယခုအချိန်မှာတော့ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟုဆိုရလောက်အောင် နယ်မြေအကွာအဝေးတွေကို ချုံ့ပစ်နိုင်သော နည်းပညာများက အံ့ဘနန်းထွန်းကားလာခဲ့ပြီဖြစ်လေသည်။ သတင်းနှင့် နည်းပညာ (Information & Technology) ရှေ့တန်းရောက်လာသောခေတ်တွင် အရာရာသည် စမတ်ကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာကြသည်။ အင်တာနက်ကိုအသုံးချပြီး အလုပ်လုပ်ကိုင်ကြသော အခြေအနေကို ဖန်တီးနိုင်ခဲ့ကြပြီဖြစ်ရာ လုပ်ငန်းခွင်အသီးသီးတွင် လုပ်ကိုင်နေကြသော မူလပုံသဏ္ဌာန်များကို ထားခဲ့ပြီး ပို၍လွယ်ကူသော၊ ပို၍လျှင်မြန်သော၊ ပို၍စမတ်ကျသော လုပ်ဆောင်မှုပုံစံများကို ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်သည်။ ယင်းကို စက်မှုတော်လှန်ရေး၏ 4.0 ဟု သတ်မှတ်လေတော့သည်။

အလုပ်သည် ပညာဖြင့် ချိတ်ဆက်ရလေ့ရှိသည်။ ပညာကို အခြေမခံလျှင် အလုပ်မတွင်။ ထို့ကြောင့် ဆင့်ကဲတိုးတက်ဖြစ်ပေါ်ပြောင်းလဲလာသော အလုပ်တို့၏ လိုအပ်သောပညာအဆင့် သတ်မှတ်များသည်လည်း ပြောင်းလဲလာပေသည်။ စက်မှု 1.0 ခေတ်တွင် ပညာရေး 1.0 ဖြင့် အဆင်ပြေသော်လည်း စက်မှု 4.0 ခေတ်တွင် ပညာရေး 1.0 ဖြင့် မည်သို့မျှ အဆင်မပြေနိုင်တော့ပေ။ ထို့အတွက် ပညာရေးကို လိုက်ပါမြှင့်တင်ပေးဖို့ လိုလာသည် ။ ပညာရေး 4.0 အကြောင်းကိုပြောလျှင် 1.0, 2.0, 3.0 ဟူသောအဆင့်များ မည်သို့ပြောင်းလဲလာသနည်းဆိုသည်ကိုပါ သိရှိထားသင့်သည်။

ပညာရေးစနစ်များ ဆင့်ကဲပြောင်းလဲလာခြင်း

ပညာရေးစနစ်များ တိုးတက်ပြောင်းလဲလာပုံနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ သင်ကြားခြင်း/အလွတ်ကျက်မှတ်ခြင်း၊
( ပညာရေး 1.0 ဟု သတ်မှတ်သည် )
၂။ အင်တာနက်အသုံးပြု၍ သင်ကြား/သင်ယူခြင်း၊
(ပညာရေး 2.0 ဟု သတ်မှတ်သည် )
၃။ လုပ်ငန်းနယ်ပယ်အတွက် ထိရောက်စွာ အသုံးချနိုင်သော အသိပညာနှင့် အရည်အသွေးပိုင်း ထုတ်လုပ်ပေးခြင်း၊
( ပညာရေး 3.0 ဟု သတ်မှတ်သည် )
၎။ ကိုယ်တိုင် တီထွင်ဖန်တီးနိုင်စွမ်းရှိစေသော ပညာရေး
(ပညာရေး 4.0 ဟု သတ်မှတ်သည်) တို့ဖြစ်ကြသည်။

ပညာရေး 1.0 မှာ သင်ကြားခြင်းနှင့် သင်ယူခြင်းသာရှိသည်။ ဒါသင် ဒါကျက် ဒါမေး ဒါဖြေရုံသာ။ ဆရာကစာကိုနားလည်ထားရုံဖြင့် အဆင်ပြေသည်။ ကျောင်းသားက စာကိုသာ ပုံမှန်သင်ယူပြီး အလွတ်ရအောင် ကျက်မှတ်ဖြေဆိုနိုင်လျှင် ပြီးပြီ။ သူများထက်ပိုပြီး မှတ်သားဉာဏ်ကောင်းသူက အမှတ်ပိုကောင်းပြီး ထူးချွန်သူဟု သတ်မှတ်ခံရသည်။ ထို့ကြောင့် ပညာရေး 1.0 ကို အတိုကောက်အားဖြင့် ‘နှုတ်တိုက်ချပေးသော ပညာရေး’ (Dictated Education) သို့မဟုတ် ဒေါင်းလုတ်ပညာရေးဟု ခေါ်သည်။

ပညာရေး 2.0 မှာတော့ အင်တာနက်သုံးစွဲမှုကိုအခြေခံသော ပညာရေးစနစ်ပုံစံဖြစ်သည်။ ထို့အတွက် အင်တာနက်ကို လူတိုင်းလက်လှမ်းမီနိုင်သော အခြေအနေမျိုး ဖန်တီးပေးထားသည်။ အင်တာနက်ကိုအသုံးပြု၍ သင်ကြား/သင်ယူခင်းကြခြင်းအားဖြင့် အချိန်၊ နေရာ လိုအပ်ချက်ကို လျှော့ချခြင်း၊ အင်တာနက်ကိုအသုံးပြု၍ လေ့လာနိုင်ခြင်း၊ လိုအပ်သော ရင်းမြစ်များ ရှာဖွေဆည်းပူးခြင်းအတွက် အချိန်မကုန်ခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေသည်။ ထို့ကြောင့် ပညာရေး 2.0 ကို အင်တာနက်ပညာရေးဟုလည်း ခေါ်ကြသည်။

လွတ်လပ်ပွင့်လင်းစွာသင်ယူလေ့လာခွင့်ရသော Open Access Education ပင်ဖြစ်သည်။

ပညာရေး 3.0 ၏ ရည်ရွယ်ချက်သည် အသိဉာဏ်ထုတ်လုပ်နိုင်ဖို့ ဖြစ်သည်။ လုပ်ငန်းခွင်အတွက် မလွတ်တမ်းကိုင်ဆောင်သွားရမည့် သီအိုရီထက် ပုံစံအမျိုးမျိုးကြုံတွေ့လာနိုင်သော လုပ်ငန်းခွင်မှာ မည်သို့ စဉ်းစားမည်၊ မည်သို့ အကောင်အထည်ဖော်သင့်သည်ဟူသော စဉ်းစားနိုင်မှုစွမ်းရည်ကို အဓိကမောင်းတင်ပေးမှာ ဖြစ်ပါသည်။

ပညာရေး 4.0 ကတော့ ပိုခက်မည်။ ကျောင်းသားများ၏ အလုပ်မှာ စာသင်ဖို့ဆိုသည်ထက် များစွာကျော်လွန်သွားခဲ့ပေပြီ။ ကျောင်းသားများသည် ပညာကို သိရုံတတ်ရုံမျှမဟုတ်တော့ပေ။ ပညာကို ၎င်းတို့ကိုယ်တိုင်က အသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိစေဖို့အတွက် လေ့ကျင့်ပေးရလေသည်။ သီအိုရီတစ်ခုကို လေ့လာသိရှိရုံမျှမဟုတ်။ စေ့စေ့စပ်စပ် နားလည်ရမည်။ အသုံးချနိုင်ရမည်။ ပညာရေး 4.0 ကား ထို့ထက်ပိုသည်။ သီအိုရီများကို မိမိတို့ကိုယ်တိုင် အသစ်ဖန်တီးနိုင်ဖို့ ကြိုးစားကြရသည်။ စိတ်ကူးသစ်၊ အိုက်ဒီယာသစ်၊ ဖန်တီးမှုအသစ်တွေကို ပြုလုပ်ကြရသည်။

ဤသည်ကား ပညာရေး 4.0 ၏ အမြင့်ဆုံးရည်မှန်းချက်ပင် ဖြစ်လေသည်။

ပညာရေး 4.0 ၏ နည်းပညာနှင့် သင်ကြားမှုပုံသဏ္ဌာန်

ပညာရေး 1.0 တွင် ပညာရေးကို စာသင်ခန်းထဲမှာသာထားရှိသော ပုံစံဖြစ်သည်။ စာသင်ခန်းထဲမှာ သင်၊ စာသင်ခန်းထဲမှာ ဖြေရသောပုံစံ။ ခေတ်မီသော ဒစ်ဂျစ်တယ်စနစ်တို့နှင့် ဝေးလွန်းလှသည်။ ယင်းကို ဒစ်ဂျစ်တယ်ဒုက္ခသည် (Digital Refugee) ဟုလည်း ခေါ်ကြသည်။ 2.0 မှာတော့ အင်တာနက်အသုံးချသောစနစ်ဖြစ်သောကြောင့် လေ့လာသင်ကြားစရာနယ်ပယ်က ပို၍ကျယ်လာသည်။ သင်ယူမှုပုံသဏ္ဌာန်တွေလည်း ပြောင်းလာသည်။ သို့သော် သတိရှိစွာသင်ကြား၊ သတိဖြင့် ရှာဖွေလေ့လာကြရသော အခြေအနေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပွင့်လင်းလွတ်လပ်သော အင်တာနက်နယ်ပယ်မှာ အကောင်းအဆိုး၊ အမှားအမှန်များက ရောထွေးတည်ရှိနေခြင်းကြောင့် ဖြစ်သည်။ 3.0 က ရည်ရွယ်သည်မှာ ဒစ်ဂျစ်တယ် စကြာဝဠာကြီးအတွင်းရှိ နေရာအနှံ့အပြားတွင် အသိဉာဏ်ပညာတည်ဆောက်နိုင်ခြင်းနှင့် ပြန့်ပွားအောင်လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါသည်။ ကမ္ဘာလုံးချီ သင်ကြားရေးစနစ်ကြီးတွင် အသိဉာဏ်၊ စဉ်စားတွေးခေါ်တတ်မှုများကို ကျောင်းများမှ ထုတ်လုပ်ခြင်း၊ နေရာတိုင်းသို့ ပြန့်နှံ့ရောက်ရှိအောင် ပို့ဆောင်ဖြန့်ဖြူးခြင်း စသည့်ပုံစံများဖြင့် သင်ကြားသည်။

ပညာရေး 4.0 ၏ ကမူ တီထွင်ဖန်တီးမှုရှိသော ပညာရေးဝန်ဆောင်မှု၏ အဓိကကျသောအရင်းအမြစ်မှာ နည်းပညာများ ဆင့်ကဲပြောင်းလဲခြင်းပင်ဖြစ်သည်ဟု ဆိုသည်။ သို့အတွက် ကျောင်းသားများအနေနှင့် မိမိတို့ကိုယ်တိုင်က ဖြည့်ဆည်းမှုများ ပြုလုပ်ကြသည့်အခါ ‘ပုံသေသဘော’ မဟုတ်ဘဲ လိုအပ်ချက်အရ ဘက်ပေါင်းစုံမှာ ပြောင်းလဲဖြည့်ဆည်းလုပ်ဆောင်ရမှုတွေ ရှိလာနိုင်ပါသည်။ အထူးသဖြင့် အသစ်အသစ်သော တီထွင်ဖန်တီးမှုတွေကို ပြုလုပ်နိုင်ဖို့အတွက်ဆိုလျှင် အသစ်အသစ်သော ဖြည့်ဆည်းမှုပေါင်းစုံကို မိမိတို့ကိုယ်တိုင်က ကြိုတင်ဖြည့်ဆည်းထားကြဖို့ ဆိုလိုခြင်းဖြစ်သည်။

ပညာရေးအဆင့်များ၏ သင်ကြားမှုပုံစံများကို ဆက်ပါဦးမည်။

ပညာရေး 1.0 မှာတော့ ရှင်းသည်။ ဆရာနှင့် တပည့်သာရှိသည်။ (teacher – student) ပုံစံဖြစ်သည်။

ဆရာက သင်၊ တပည့်က အလွတ်ကျက် အလွတ်ရအောင်မှတ်။ လွယ်သည်။ 2.0 မှာတော့ အင်တာနက်ကိုသုံးလာသဖြင့် နယ်ပယ်က ကျယ်လာသည်။ သည်မှာ ‘ဆရာမှ တပည့်’ ၊ ‘တပည့်မှ တပည့်’ ပုံစံ ဖြစ်လာသည်။ (teacher – student – student) ပုံစံ/ဆရာ့ထံမှ တိုက်ရိုက်သင်ယူခြင်းရှိသလို သင်ယူထားသူထံမှ ပြန်လည်သင်ယူခြင်းလည်း ရှိသည်။ လိုအပ်သောအချက်အလက်တို့ကို အင်တာနက်မှာ ရှာဖွေကြတာမျိုးတွေလည်း ရှိလာပါသည်။ နိုင်ငံခြားမှာသွားပြီး သင်ယူရသော ဘာသာရပ်အချို့ကို Online မှာ ဆည်းပူးနိုင်သည်ထိ ကျယ်ပြန့်လာခဲ့သည်။

3.0 အဆင့်တွင် ပို၍မြင့်လာသည်။ ကိုယ်တိုင်စဉ်းစားကြံဆရသည့် ပုံစံများပါလာသောကြောင့် သင်ယူမှုသက်သက်ဖြင့် မရတော့ပေ။ စဉ်းစားမှုကို တစ်ဆင့်တက်ရသည်။ ထို့ကြောင့် ‘ဆရာ – တပည့် – တပည့်- ဆရာ’ (teacher – student – student – teacher) ပုံစံမျိုး ဖြစ်သွားသည်။ ဆရာကိုယ်တိုင်လည်း စဉ်းစားနေရသည်။ ဆရာက စဉ်းစားဖို့ အချက်အလက်ပေးသည်။ တပည့်က စဉ်းစားရသည်။ ထိုစဉ်းစားချက်ကိုပင် တပည့်က ထပ်မံ၍ Share လုပ်သည်။

ထိုမှရလာသောအဖြေကို ဆရာသို့ပေးရသည်။ ဒါကိုဆရာဖြစ်သူက ပြန်စဉ်းစားပြီး အဖြေထုတ်ရပြန်လေသည်။ Group Think ဆိုသည်ထက် Class Think၊ School Think ဆိုသော ပုံစံဖြစ်သွားရသည်။ 3.0 ၏ ရည်ရွယ်ချက်သည်မှာ ‘လူ – နည်းပညာ – လူ’ ဟူ၍ဖြစ်သည်။ လူသည်နည်းပညာကို စဉ်းစားကြံဆသည်။ ဖော်ထုတ်အသုံးချသည်။ ပြီးနောက် ယင်းနည်းပညာကိုပင် ထပ်မံစဉ်းစားပြင်ဆင်ရပြန်သည်။ ရှင်းလင်းအောင် ဥပမာပေးရလျှင် လူသည် ကားကို တည်ဆောက်သည်။ ထိုကားကို စီးနင်းသုံးစွဲသည်။ ထိုသို့ စီးနင်းသုံးစွဲနေရင်းက ကားဘာဖြစ်နေလဲ၊ ကားက ဘယ်နေရာ ချို့ယွင်းသလဲ၊ ဘာကြောင့် ချို့ယွင်းရတာလဲ စသဖြင့် စောင့်ကြည့်ရသည်။ ပြီးနောက် ဘယ်လိုပြင်ဆင်ရမလဲ။ အပျက်အစီးနည်းအောင် ဘယ်လို ကိုင်တွယ်သုံးစွဲရမလဲဆိုသည်ကို ထပ်မံ၍နည်းလမ်းရှာဖွေကြရပြန်သည်။ ထို့ကြောင့် 3.0 ၏ နည်းစနစ်သည်ပင် people – technology- people ဟူ၍ ဖြစ်လာလေသည်။

4.0 က အသစ်ကို ရှာဖွေခြင်းဖြစ်သည်။ အော်တာနေးတစ်ဆန်သည်။ လူမှုဘ၀များ၏ ရှင်သန်နေထိုင်မှု၊ သင်ယူလေ့လာမှု၊ အလုပ် လုပ်ကိုင်မှု အစရှိသော ပုံစံမျိုးစုံအတွက် ပို၍တိုးတက်သော နည်းလမ်းအသစ်၊ ပို၍အဆင်ပြေသော လမ်းကြောင်းသစ်တို့ကို ရှာဖွေဖော်ထုတ်ပေးခြင်းဖြစ်သည်။ အပြုသဘောဆောင်သော တီထွင်ဖန်တီးမှုအသစ်များအတွက် လမ်းဖွင့်ပေးထားပြီး ထိရောက်စွာပုံဖော်ပေးနိုင်ဖို့အတွက် ကျောင်းများက အမြဲတစေ နည်းလမ်းများ ရှာဖွေကြံဆနေကြရသည်။ 4.0 အတွက်ဆိုလျှင် သင်ကြားမှုထက် အသစ်ဖန်တီးမှုအပိုင်းကို ဦးစားပေးပြင်ဆင်ကြသည်။ နည်းပညာအဟောင်းတွေထက် အသစ်ဖန်တီးခြင်းကို ပို၍အားစိုက်သည်။ မွမ်းမံခြင်းထက် အသစ်တည်ဆောက်ခြင်းသာ ဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စများတွင်လည်း အသစ်ရှာဖွေရေးကို ဦးစားပေးသည်။ 4.0 သည် သမိုင်းကို ရှာဖွေသုံးသပ် သည့်အဆင့်မဟုတ်။ သမိုင်းသစ်ကို ဖန်တီးခြင်းဖြစ်သည်။ ကားကို ပိုကောင်းအောင် မွမ်းမံခြင်းမဟုတ်။ ကားထက်ပိုကောင်းသော ယာဉ်အသစ်ကို တီထွင်ခြင်းဖြစ်သည်။ ထို့ကြောင့် ၄.၀ အတွက် စဉ်းစားနည်း အသစ်၊ ရှုထောင့်အသစ်၊ အတွေးသစ်တွေကို ကျောင်းတွေမှာ ပြင်ဆင်ဖြည့်ဆည်းပေးထားရသည်။

ဆိုရလျှင် ပညာရေး ၄.၀ သည် ၂၁ ရာစုအတွက် လိုအပ်သော ပညာရေးအဆင့်အတန်းဖြစ်သည်။ ယခုစာစုမှာ ပညာရေး 4.0 ၏ သဘောသဘာဝမျှကိုပင် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ပညာရေး 4.0 ၏ အကြောင်းအရာများမှာ အလွန်ပင်ကျယ်ပြန့်လှသည်။ ဆောင်းပါးတစ်ပုဒ်စာမျှဖြင့် ငုံမိဖို့မလွယ်ပါ။ သို့သော်လည်း တတ်နိုင်သမျှ ခြုံငုံမိဖို့နှင့် စာဖတ်သူများ ရှင်းလင်းနားလည်နိုင်ဖို့ကို ရှိသမျှအစွမ်းလေးဖြင့် ကြိုးစားရေးသား တင်ပြလိုက်ရပါကြောင်း .. 

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *