ပုသိမ်တွင် ဗစ်တိုးရီးယားအတွက် ဆန္ဒဖော်ထုတ်

ပုသိမ်၊ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ယနေ့ (ဇူလိုင် ၁၄) နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေ သော်လည်း ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး၊ နောက်ထပ် ဗစ်တိုရီးယားများ ထပ်မံ မပေါ်ပေါက် စေရေးတို့အတွက် လူ ၁၈၀၀ ခန့်က ဆန္ဒဖော်ထုတ်ကြကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။

ယင်းဆန္ဒဖော်ထုတ်မှုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှတိုက်ခိုက်လိုသည့် ဆန္ဒမပါဝင်ကြောင်း အဆိုပါဆန္ဒဖော်ထုတ်မှုကို ဦးဆောင်စီစဉ်သူ ဦးထွန်းထွန်းဦးက ပြောကြားသည်။

“မြန်မာပြည်မှာ ၁၀ နာရီမှာ တစ်ယောက်နှုန်း ကလေးသူငယ်မုဒိန်းမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ဗစ်တိုရီးယားလို သက်ငယ်မုဒိန်းမှုတွေ ပပျောက်ဖို့၊ ဗစ်တိုရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့၊ နောက်ထပ် ဗစ်တိုးရီးယားတွေ မပေါ်ပေါက်ဖို့၊ ကလေးသူငယ်တွေအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲကို လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို မိမိနှင့် မသက်ဆိုင်ဟု သဘောထားပါက တစ်ချိန်ချိန်တွင် မိမိတို့လည်း ခံစားလာရနိုင်ကြောင်း၊ ယင်းသို့ ကျူးလွန်ရာတွင် မိန်းကလေးများတွင် သာမက ယောက်ျားလေးများတွင်လည်း ဖြစ်ပေါ်နိုင်သဖြင့် မိဘချင်း၊ သားသမီးချင်း ကိုယ်ချင်းစာ၍ ပါဝင်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သည့် ဒေါ်မိုးမိုးက ပြောဆိုသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် မသက်ထားဝေက ဟောပြောရာတွင် “ကျွန်မတို့ မိန်းကလေးငယ်တွေ မိန်းကလေးတွေ ကျောင်းသူတွေ အမျိုးသမီးတွေရဲ့ဘ၀က မလုံခြုံတော့ ပါဘူး၊ ကျောင်းသွားရင်လဲ လမ်းမှာ၊ ကျောင်းပြန်ရင်လဲ ရပ်ကွက်ထဲမှာ၊ (အင်တာနက်) လိုင်းပေါ် တက်ရင်လဲ လိုင်းပေါ်မှာ ဘယ်နေမှာမှ မလုံခြုံတော့ပါဘူး” ဟု ထည့်သွင်းပြောဆိုသည်။

ယနေ့ ပုသိမ်တွင်ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကို ပုသိမ်မြို့ ရှစ်လေးလုံးအရေးတော်ပုံအင်အားစုက ဦး ဆောင် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ဗစ်တိုရီးယားအတွက် အမှန်တရားဖော်ထုတ်လိုကြသူများ အပါအဝင် လူဦး ရေ ၁၈၀၀ ကျော်တို့က ပုသိမ်မြို့ မြို့တော်ခန်းမရှေ့၌ နံနက် ၉ နာရီတွင် စုရုံးဟောပြောကြပြီးနောက် မြို့တွင်းသို့လှည့်လည်ကြသည်။

ZawG

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *