တစ်ပူပေါ်တစ်ပူဆင့်သည့် ဂျပန်-တောင်ကိုရီးယား စီးပွာရေးပဋိပက္ခ

လက်တလောကာလ အမေရိကနှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအတွက် ရတက်မအေးဖြစ်နေရချိန်တွင် ဂျပန်နှင့်တောင်ကိုရီးယားအကြား စီးပွားရေးပဋိပက္ခများ တစ်ပူပေါ်တစ်ပူဆင့် ဖြစ်လာခဲ့လေပြီ။ ဂျပန်ကတောင်ကိုရီးယားကို တင်ပို့ရောင်းချနေသည့် နည်းပညာပိုင်းဆိုင်ရာကုန်စည်များကို ကန့်သတ်လိုက်ခြင်းပင်ဖြစ်သည်။ ဂျပန်ကဆမ်ဆောင်းကဲ့သို့သော တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးများကိုရောင်းချနေသည့် ဆီမီးကွန်ဒက်တာများနှင့် ပုံရိပ်ဖော်နည်းပညာပစ္စည်းများကို ဂျပန်အစိုးရက ကန့်သတ်လိုက်ခြင်းကြောင့် ဖြစ်လာရသည့် တင်းမာမှုဖြစ်သည်။ လူအများစုက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းတို့တွေ့ဆုံကြသည့်ဒရာမာဇာတ်လမ်းကိုသာ အာရုံစိုက်နေကြသည့်အချိန်တွင် အရှေ့မြောက်အာရှဒေသပထဝီနိုင်ငံရေးမှာ စိုးရိမ်စရာဖြစ်လာခဲ့ပြီ။
သမိုင်းက တရားခံလေလား
ယခုပြဿနာ၏အစမှာ ဂျပန်ကကိုရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုသိမ်းပိုက်ထားစဉ်က ကိုရီးယားလူမျိုးများကို စက်ရုံများတွင်အဓမ္မစေခိုင်းခဲ့မှု၊ ကိုရီးယားအမျိုးသမီးများကို အပျော်မယ်အဖြစ်အသုံးချခဲ့မှုကစခြင်းဖြစ်သည်။ ယင်းလုပ်ရပ်များနှင့်ပတ်သက်၍ ဂျပန်ကုမ္ပဏီများလျော်ကြေးပေးရန် တောင်ကိုရီးယားအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယမန်နှစ်နှောင်းပိုင်းတွင် အမိန့်ချလိုက်သည်။ ယင်းဆုံးဖြတ်ချက်ကို ပြန်လည်တုံ့ပြန်သည့်အနေနှင့် ဂျပန်အစိုးရက တောင်ကိုရီးယားကိုတင်ပို့ရောင်းချနေသည့် စက်မှုလုပ်ငန်းနှင့်ပတ်သက်သော ကုန်စည်များကို ကန့်သတ်ရန်ဆုံးဖြတ်လိုက်တော့သည်။ ယခုလိုပြဿနာများမှာ တောင်ကိုရီးယားတရားရုံးများ၏ ကြီးထွားလာသောအခန်းကဏ္ဍက အခရာဟုဆိုရပါမည်။ ဂျပန်နှင့်တောင်ကိုရီးယားတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် ၁၉၆၅ ခုနှစ် သဘောတူညီချက်ကို တောင်ကိုရီးယားတရားရုံးများက ပြန်လည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကိုလိုနီကာလက ဂျပန်တို့၏အဓမ္မလုပ်ရပ်များကို ပြန်လည်ဆွေးနွေးရန်အချက်များ အဓိကဖြစ်သည်။၂၀၁၁ ခုနှစ်က တောင်ကိုရီးယားသမ္မတဖြစ်သူလီမြောက်ဘတ်ကို ဂျပန်ကိုလိုနီကာလက အပျော်မယ်အဖြစ် အတင်းအကြပ်သွတ်သွင်းခံခဲ့ရသည့် အမျိုးသမီးများအရေး ဂျပန်အစိုးရနှင့် ပြန်လည်ဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။ ယခုနောက်တစ်ကြိမ်ဆုံးဖြတ်ချက်အဖြစ် ဂျပန်ကုမ္ပဏီများ ကိုလိုနီကာလက ကိုရီးယားလူမျိုးများကို အဓမ္မစေခိုင်းခံမှုကိုလျော်ကြေးပေးရန် ဆုံးဖြတ်ချက်ဖြစ်သည်။
ဂျပန်အစိုးရအတွက်မူ ယခင်ရရှိပြီးသားသဘောတူညီချက်များကို ပြန်လည်ဆွေးနွေးနေရသည့်ကိစ္စမှာ စိတ်ပျက်စရာဖြစ်လာတော့သည်။ ဇိမ်မယ်ကိစ္စမှာ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟီးနှင့် သဘောတူညီခဲ့သော်လည်း ယခုယင်းသဘောတူညီချက်ကို တောင်ကိုရီးယားက စွန့်လွှတ်လိုက်သည့်အပေါ်တွင် စိတ်မရှည်ဖြစ်လာတော့သည်။ ထို့ပြင် ယခုနောက်ဆုံးချမှတ်လိုက်သည့် ဂျပန်ကုမ္ပဏီများ လျော်ကြေးပေးရန် တောင်ကိုရီးယားတရားရုံးချုပ်၏ ဆုံးဖြတ်ချက်မှာ ၁၉၆၅ ခုနှစ် သဘော တူညီချက်ကိုချိုးဖောက်သည်ဟု ဂျပန်ကရှုမြင်တော့သည်။
ပျောက်ဆုံးသွားသော သုံးပွင့်ဆိုင် မဟာမိတ်ဆွေးနွေးပွဲများ
ယခင်သမိုင်းအကြိတ်အခဲများရှိကြသည့် ဂျပန်နှင့်တောင်ကိုရီးယားတို့ကြားတွင် အမေရိကကြားဝင်စေ့စပ် ပေးသည့် သာဓကများရှိခဲ့သည်။ အမေရိကန်သမ္မတအိုဘားမားလက်ထက်တွင် ၎င်း၏ မဟာမိတ်နှစ်နိုင်ငံဖြစ်ကြသော ဂျပန်နှင့်တောင်ကိုရီးယားတို့၏ သံတမန်ဆက်ဆံရေးတွင် အမေရိကက အရေးပါသောနေရာမှပါဝင်လေ့ရှိသည်။ အိုဘားမားက ဂျပန်နှင့်တောင်ကိုရီးယား မကျေလည်မှုများကို နယ်သာလန်နိုင်ငံ ‘သည်ဟိတ်’ (The Hague) မြို့တွင် အမေရိက-ဂျပန်-တောင်ကိုရီးယား သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ထို့ပြင်ကမ္ဘာ့ရေးရာကိစ္စများနှင့်ပတ်သက်၍ အမေရိက၊ ဂျပန်နှင့် တောင်ကိုရီးယား တို့အကြား သုံးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းမှုများ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က စတင်ခဲ့သည်။
ယနေကာလတွင်မူ ထို့ကဲ့သို့သောကြိုးပမ်းချက်မျိုးမတွေ့ရပေ။ မြောက်ကိုရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နှင့်တောင်ကိုရီးယားတို့အကြား ကွဲပြားမှုများမှာလည်း ပိုမိုနက်ရှိုင်းလာသည်။ ကိုရီးယား ကျွန်းဆွယ်နျူကလီးယားကင်းမဲ့ရေးဆွေးနွေးပွဲနှင့် ပတ်သက်လာပါက ဂျပန်နှင့်တောင်ကိုရီးယားတို့၏ အကျိုး စီးပွားမှာ တစ်ထပ်တည်းမကျသည်များရှိသည်။ ၁၉၉၀ ပြည့်နှစ်ကာလများက အမေရိကန်ကာကွယ်ရေးဝန်ကြီး ဝီလီယံပယ်ရီဦးဆောင်၍ မြောက်ကိုရီးယားနှင့်ဆွေးနွေးရာတွင် မဟာမိတ်နိုင်ငံများကို ဦးစားပေးသည် ချဉ်းကပ်မှုဖြင့်လုပ်ဆောင်ခဲ့ရာ ဂျပန်နှင့်တောင်ကိုရီးယားတို့အကြား ဘုံအကျိုးစီးပွားရှိခဲ့ဖွယ်ရှိသည်။ နောက် ဆယ်စုနှစ်တစ်စုခန့်အကြာ ကျင်းပပြုလုပ်သည့် ခြောက်ပါတီဆွေးနွေးပွဲ၌ ကိုရီးယားကျွန်းဆွယ်ဒေသတွင်း အဖြေရှာမှုတွင် ဂျပန်အနေနှင့် ၎င်း၏အကျိုးစီးပွားအပေါ်စိုးရိမ်မှုများရှိကြောင်း ထုတ်ဖော်မှုများ ရှိခဲ့သည်။
သို့သော် ဂျပန်-တောင်ကိုရီးယားတို့အကြား ဆက်ဆံရေးဆိုးဝါးလာမှုမှာ သမိုင်းကြောင်းအပေါ်တွင်သာ အခြေခံ သည်ဟုရှုမြင်၍မရပေ။ ဂျပန်နှင့် တောင်ကိုရီးယားတို့အကြီးအကျယ် သဘောထားကွဲသည့်နေရာမှာ တရုတ်နှင့် လည်းပတ်သက်နေသည်။ နှစ်နိုင်ငံစလုံး၏စီးပွားရေးအောင်မြင်မှုရရှိရန် တရုတ်ဈေးကွက်ကိုမှီခိုနေရသည်။ သို့ဖြင့် အမေရိက၏အရှေ့အာရှဒေသတွင်း အရေးပါသောမဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုနှင့် ပတ်သက်သည့်အနာဂါတ်မှာ စိတ်ဝင်စားစရာကောင်းလှသည့် ကမ္ဘာ့ဒရာမာဇာတ်ကွက်တစ်ခု ဖြစ်လာနိုင်တော့သည်။
စာညွှန်း။ ။ Seoul and Tokyo: No Longer on the Same Side