ငွေအပ်သူ၏ ငွေစာရင်းအမှတ်အသားကို သုံး၍ ဘဏ်ဝန်ထမ်း ကျပ်သိန်း နှစ်ထောင်ကျော် အလွဲသုံးစားလုပ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့တော်ရှိ ဧရာဝတီဘဏ်ခွဲတစ်ခုတွင် အငယ်တန်းစာရေးက ငွေအပ်နှံထားသူ၏ ငွေစာရင်း အမှတ်အသားကို အသုံးပြု၍ ချစ်သူဖြစ်သူ၏ ငွေစာရင်းသို့ ကျပ်သိန်း ၂၁၀၀ လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဧရာဝတီဘဏ်ခွဲ (၄၅)တွင် ဇူလိုင်လ ၁၅ ရက်နေ့က အငယ်တန်းစာရေး မနှင်းဦးဝေဆိုသူသည် ဒေါ်ကြည်မြင့်ဆိုသူ ပိုင်ဆိုင်သည့် ငွေစာရင်း အမှတ်အသားကို သုံး၍ ယင်းသို့လွှဲပြောင်းခဲ့သည်ဟု ဘဏ်တာဝန်ခံက တိုင်ကြားလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

မနှင်းဦးဝေသည် ချစ်သူဖြစ်သူ ကိုဖြိုးဝေစိုး ဆိုသူ၏ ငွေစာရင်းသို့ ကျပ်သိန်း ၂၁၀၀ လွှဲပြောင်းပေးခဲ့ပြီး ယင်းအနက် ကျပ်သိန်း ၁၇၀၀ ကို ကိုဖြိုးဝေစိုးက လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၂) မှ ထုတ်ယူသွားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအမှုကို ဘုရင့်နောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၈/၁၁၄ (ယုံကြည်အပ်နှံ သည်ကို ဖောက်ဖျက်မှု၊ အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကလည်း မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် အလယ်ဗဟိုလမ်းရှိ KBZ ဘဏ်ခွဲတွင် ငွေကြေးအပ်နှံထားသည့် စာရင်းသေ ဘဏ်အကောင့်များမှ ကျပ်သိန်း ၁၁၀၀ ကျော် (တစ်ထောင်ကျော်) ကို ဘဏ်ခွဲမန်နေဂျာက ထုတ်ယူသွားသဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သေးသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *