ဈေးကွက်နဲ့ ဒီမိုကရေစီ – တွဲရေး/ ခွဲရေး

ဈေးကွက်နဲ့ဒီမိုကရေစီဟာ ဖွားဘက်တော်တွေလား၊ ဒီမိုကရေစီကိုမကျင့်သုံးဘဲ ဈေးကွက်ဒါမှမဟုတ် အရင်းရှင်စနစ်ကိုပဲရွေးချယ်လို့ရသလား။ဆိုရှယ်လစ်နဲ့ဈေးကွက်တွဲလို့ ရသလား – မရဘူးလားဆိုတဲ့  ဆွေးနွေးမှုတွေကို ကျွန်တော်တို့မကြာခဏဖတ်ကြရပါတယ်။

အခုတလောတော့ ကမ္ဘာ့ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေမှာဖြစ်နေတဲ့ဖြစ်ရပ်တွေက ဒီမိုကရေစီနိုင်ငံတွေ အထိမခံ ရွှေပန်းကန်ဖြစ်နေတာ၊ ချူချူချာချာဖြစ်နေတာတွေကို တွေ့နေကြရပါတယ်။ အမေရိကန်နိုင်ငံမှာ ဥပဒေပြုရေးနဲ့အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အင်အားတွေပြိုင်နေကြလေရဲ့။ ဗြိတိန်နိုင်ငံလည်း Brexit ပြဿနာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းတွေတွေ့နေပြန်ရော။ဒါမျိုးတွေကြည့်ပြီး  နောက်ထပ် အလားတူဖြစ်ရပ်မျိုးတွေလာကြချေသေးရဲ့လို့တော့ ပြောဖို့ခက်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ နိုင်ငံရေးဘောဂဗေဒပညာရှင်တွေက အင်ဂလိုအမေရိကန်နယ်ပယ်မှာ ဆူကြုံနိမ့်မြင့်ကွာဟမှုတွေကြီးမားလာတာကြောင့် ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ရာရောက်တယ်လို့  ဆွေးနွေးငြင်းခုန်လာကြတာတွေ့ရတယ်။ ပြင်သစ်ဘောဂဗေဒပညာရှင်တစ်ယောက်ရဲ့စာအုပ်ဆို အုပ်ရေသန်းချီပြီး ရောင်းရတယ်။ ဒါဟာလည်း တကယ်တော့မဆန်းလှပါဘူး။ ကားလ်မာ့က္ခါစ် (Karl Marx) တို့ လက်ထက်လောက်ကတည်းက ဒီမိုကရေစီနဲ့အရင်းရှင်စနစ်ဟာတွဲလို့မရဘူးလို့ ငြင်းခုန်လာခဲ့ကြတာပါ။

အဲသလိုအငြင်းသန်တာတွေရှိနေပေမယ့် ပြီးခဲ့တဲ့ရာစုနှစ်ရဲ့အခြေအနေကို ကြည့်မယ်ဆိုရင်တော့ တစ်မျိုးတွေ့ကြရပါသတဲ့။ ချမ်းသာကြွယ်ဝတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုတာကတော့ သိပ်မလွယ် လှပါဘူး။ ဒါပေမဲ့အဲဒီလိုကြွယ်ဝချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ပြီဆိုရင်တော့ ပြန်ပြီးလျှောကျဖို့ ခက်ပါသတဲ့။ စက်မှုတော်လှန်ရေး- အာရုံတက်ချိန်လောက်ကတည်းက စပြီးရေတွက်မယ်ဆိုရင် ဘယ်အရင်းရှင်ဒီမိုကရေစီနိုင်ငံမှ ဝင်ငွေမြင့်နိုင်ငံဘ၀ကလျှောကျတာ၊ အမြဲတမ်းအာဏာရှင်နိုင်ငံ ဖြစ်သွားတာမျိုးမရှိသေးပါဘူးတဲ့။

ခုလိုဖြစ်ရတာဟာလည်းတကယ်တော့ တိုက်ဆိုင်မှုသက်သက်မဟုတ်ပါဘူးလို့ ဟားဗတ်တက္ကသိုလ်က ပါမောက္ခတစ်ယောက်နဲ့ လန်ဒန်စီးပွားရေးတက္ကသိုလ်ကပါမောက္ခတစ်ယောက်တို့ ပူးတွဲရေးသားတဲ့ မကြာမီက ထွက်လာတဲ့စာအုပ် ‘ဒီမိုကရေစီနှင့်ကြွယ်ဝချမ်းသာမှု (Democracy and Prosperity) စာအုပ်ကဆိုပါတယ်။ သူတို့ရဲ့အမြင်အရဆိုရင် တိုးတက်တဲ့နိုင်ငံကြီးတွေမှာ ဒီမိုကရေစီနဲ့အရင်းရှင်စနစ်ဟာ အပြန်အလှန် အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။ ဒီသတင်းဟာသတင်းကောင်းတစ်ခုဖြစ်ပေမယ့် မှန်မမှန် ဆိုတာကိုတော့ လာမယ့်နှစ်တွေမှာ ခဏခဏအစစ်ဆေးအစမ်းသပ်ခံရမှာပါ။

တကယ်တော့ဘောဂဗေဒပညာရှင်တွေရော၊ နိုင်ငံရေးသဘောတရားဆရာတွေပါ အရင်းရှင်ဒီမိုကရေစီ ပြိုလဲနိုင်တဲ့နည်းပေါင်းသောင်းခြောက်ထောင်ကို စဉ်းစားတွေးခေါ်ခဲ့ကြပြီးဖြစ်ပါတယ်။ စောစောပိုင်းတုန်းကဆို မကျေမနပ်ဖြစ်နေတဲ့လူများစုကြီးက လုပ်ငန်းရှင်တွေနဲ့မြေရှင်တွေနည်းမျိုးစုံနဲ့ရထားတဲ့ ဥစ္စာဓနတွေကို သိမ်းပိုက်ဖို့ မဲပေးဆုံးဖြတ်နိုင်တယ်လို့ ပူပန်ခဲ့ကြဖူးတယ်။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို အာမမခံနိုင်ရင် အရင်းရှင်စနစ်ဆိုတာ မရှိဘူးလို့လည်းဆွေးနွေးခဲ့ကြတယ်။  ၂၀ ရာစုနှစ်အစိုးရတွေဟာ အများပြည်သူရဲ့  မကျေနပ်မှုတွေကြောင့်  စီးပွားရေးဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ဗဟိုကထိန်းချုပ်မှုလွန်ကဲတဲ့အဆင့်ကို ရောက်သွားစေနိုင်တယ်။ ဒါဆိုရင်အရင်းရှင်စနစ်ကို ဦးတည်စေမယ်လို့စိုးရိမ်တဲ့ပညာရှင်လည်းရှိတယ်။ မာ့က္ခစ်ဝါဒီတွေကတော့ အရင်းရှင်တွေရဲ့လောဘဟာ ဒုက္ခအပေးနိုင်ဆုံးလို့မြင်ခဲ့ကြတယ်။  ဂျိုးဆက်ရွှမ်းပီတာကတော့ လုပ်ငန်းကြီးတွေတန်ခိုးကြီးလာရင် ကုမ္ပဏီတွေကြီးစိုးတဲ့စနစ်၊ ကျေးဇူးခံကျေးဇူးစားစနစ် Clientelism တွေဖြစ်လာမယ်။ လက်ဝါးကြီးအုပ်ခွင့်ရသွားပြီး အမြတ်ထုတ်လို့ နိုင်ငံရေးသမားတွေနဲ့ဝေစားကြမယ်။ စီးပွားရေးအာဏာနဲ့နိုင်ငံရေးအာဏာပေါင်းစပ်ပြီး မတည်မငြိမ် ဖြစ်သွားစေမယ်တဲ့။

Dani Rodrik လို ဘောဂဗေဒပညာရှင်ကတော့ ကမ္ဘာ့စီးပွားရေးအဆောက်အဦထဲကို နိုင်ငံတစ်နိုင်ငံအနေနဲ့ ဝင်ရောက်လာရင် အမျိုးသားအချုပ်အခြာအာဏာရဲ့ တစ်စိတ်တစ်ဒေသကိုဖြစ်ဖြစ်၊ ဒီမိုကရေစီရဲ့ တစ်စိတ်တစ်ဒေသကိုဖြစ်ဖြစ်စွန့်လွှတ်ရမယ်။ ကုန်သွယ်ရေးမှာ အဟန့်အတားတွေလျှော့ချတာဟာ တခြားနိုင်ငံတွေရဲ့ ကုန်သွယ်ရေးနဲ့စည်းမျဉ်းစည်းကမ်းဆိုင်ရာမူဝါဒတွေနဲ့ သဟဇာတဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒါဆိုအစိုးရတွေကပြည်တွင်းမှာ စိတ်ကြိုက်မူဝါဒချမှတ်နိုင်စွမ်းတွေကို လျော့ပါးစေမယ်တဲ့။

သူတို့တစ်တွေပြောသလို အရင်းရှင်စနစ်နဲ့ဒီမိုကရေစီဟာ မတည့်အတူနေဖြစ်နေကြတယ်ဆိုရင် ကြွယ်ဝချမ်းသာတဲ့နိုင်ငံတွေမှာ နှစ်ပေါင်းများစွာဘာလို့လက်တွဲနေကြသလဲဆိုတာ မေးစရာရှိလာတယ်။ ပညာရှင်နှစ်ယောက်ကတော့ အရင်းရှင်စနစ်နဲ့ဒီမိုကရေစီဟာ အပြန်အလှန်အထောက်အကူပြုနိုင်တဲ့ အလားအလာကောင်းတွေရှိလို့ဖြစ်တယ်လို့ဖြေတယ်။ ဒေါက်ကြီးသုံးခု၊ တစ်နည်းအားဖြင့် မဏ္ဍိုင်ကြီး သုံးခုပေါ်မှာ ရပ်တည်နေလို့ဖြစ်တယ်လို့ဆိုတယ်။

ပထမဆုံးဒေါက်တိုင်က အင်အားကောင်းတဲ့အစိုးရဖြစ်ပြီး လုပ်ငန်းကြီးတွေနဲ့အလုပ်သမားသမဂ္ဂတွေရဲ့ပါဝါကို ထိန်းချုပ်ထားလို့ ပြိုင်ဆိုင်မှုရှိတဲ့ဈေးကွက်ကိုဖြစ်ပေါ်စေတယ်။ အားနည်းတဲ့နိုင်ငံတွေမှာကျတော့ လက်ဝါးကြီးအုပ်လုပ်ငန်းတွေကိုကာကွယ်စောင့်ရှောက်ပြီး  ရေတိုမှာအကျိုးအမြတ်ရှိအောင်လုပ်ချင်တဲ့စိတ်က ဆန့်ကျင်တွန်းလှန်ဖို့မလွယ်လှဘူး။

ဒုတိယဒေါက်တိုင်က အရွယ်အစားအတန်အသင့်ရှိတဲ့လူလတ်တန်းစားတွေပါ။ အရင်းရှင်စီးပွားရေးစနစ်ကနေ ကြွယ်ဝချမ်းသာလာရာက  နိုင်ငံရေးအုပ်စုတွေဖြစ်လာကြတယ်။ အစိုးရအနေနဲ့အဆင့်မြင့်ပညာကို အလွယ်တကူသက်သက်သာသာ ဆည်းပူးနိုင်ခွင့်ရအောင်လုပ်ပေးမလား၊  တစ်ဖက်ကနေ ကျွမ်းကျင်လုပ်သားတွေလိုအပ်တဲ့ လုပ်ငန်းအသစ်တွေဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုအားပေးမလဲဆိုတာ ချိန်ဆရတယ်။

လူလတ်တန်းစားတွေက စီးပွားရေးတိုးတက်မှုဟာ သူတို့နဲ့သူတို့ရဲ့သားသမီးတွေကို အကျိုးဖြစ်ထွန်းစေတယ်လို့ ယူဆတယ်။ ဒါကြောင့်ပညာရှင်တွေက ဆူကြုံနိမ့်မြင့်ကွာဟမှုကိုကြောက်စရာမလိုဘူး။ လူလတ် တန်းစားတွေက ဆင်းရဲသားတွေကိုဂရုမစိုက်သလို သူတို့အခွန်များများဆောင်ရစေမယ့် ဝင်ငွေတွေ၊ ဥစ္စာဓနတွေ ကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ခွဲခြမ်းရေးကိုလည်း ထောက်ခံမှာမဟုတ်ဘူးလို့ ပညာရှင်တွေက  မြင်တယ်။

ကြွယ်ဝချမ်းသာတဲ့လူလတ်တန်းစားတွေဖြစ်လာအောင် ပညာရေး၊  အခြေခံအဆောက်အဦနဲ့ လူမှုဖူလုံရေးတွေ အထောက်အပံ့ပေးဖို့ဆိုတာက အခွန်ကရငွေလုံလုံလောက်လောက်ရှိဖို့လိုတယ်။

တတိယဒေါက်တိုင်က ရွှေ့လွယ်ပြောင်းလွယ်လုပ်လို့မရတဲ့ လုပ်ငန်းကြီးတွေရှိရပါမယ်။ အရင်တုန်းကတော့ လုပ်ငန်းကြီးတွေ ရွှေ့ကြပြောင်းကြမှာကို သိပ်ပြီးပူပန်စရာမလိုဘူး။ ကမ္ဘာပြုမှုဖြစ်စဉ် (Globalisation)   မြန်ဆန်လာတဲ့အခါမှာတော့ ပြဿနာဖြစ်လာပြီ။ ဒါပေမဲ့လုပ်ငန်းကြီးတွေဟာ လူတွေထင်တာထက် အမြစ်စွဲနေပြီး အပြောင်းအရွှေ့နည်းတာကိုတွေ့ရတယ်။ နိုင်ငံစုံလုပ်ငန်းကြီးတွေဟာ ထုတ်လုပ်မှုလုပ်ငန်းတွေကို ဟိုရွှေ့လုပ်၊ ဒီရွှေ့လုပ် အမြတ်ထုတ်ကြရာမှာ ထူးချွန်ကြပြောင်မြောက်ကြတာ မှန်တယ်။ ဒါပေမဲ့ခုခေတ်လို အသိပညာစီးပွားရေးအဆောက်အဦ  (Knowledge Economy) ထဲမှာတော့ လန်ဒန်လို၊ နယူးယောက်လို၊ ဆီလီကွန်တောင်ကြားလိုနေရာမျိုးက ကျွမ်းကျင်သူတွေရဲ့ကွန်ရက်နဲ့  အဆက်ဖြတ်လို့မရပါဘူး။ သူတို့ရဲ့အဆင့်မြင့်စီးပွားရေးလုပ်ငန်း စီမံကိန်းတွေ၊ နောက်ဆုံးပေါ်နည်းပညာတွေဟာ ဒေသတွင်းမှာတီထွင်ဖြန့်ကျက်ထားတဲ့ ကွန်ရက်နဲ့ဝေးဝေးနေလို့မရပါဘူး။

မရွှေ့မပြောင်းနိုင်တဲ့ကုမ္ပဏီကြီးတွေဟာ အစိုးရကိုအတိုင်းအတာတစ်ခုအထိ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ဖြစ်စေတယ်။ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် လူလတ်တန်းစားတွေကိုအဆင့်မြှင့်တင်ပေးတယ်။ ဒီလိုနဲ့ တိုးတက်တဲ့အရင်းရှင်ဒီမိုကရေစီနိုင်ငံတွေကို တည်ငြိမ်စေတယ်။

လူလတ်တန်းစားတွေက စီးပွားရေးအဆောက်အဦနဲ့ပတ်သက်လို့ စိတ်ချယုံကြည်နေဖို့အရေးကြီးတယ်။ မကြာသေးမီနှစ်တွေက အမေရိကန်နဲ့ ဗြိတိန်မှာ လူလတ်တန်းစားရဲ့ဝင်ငွေတိုးတက်မှု နှေးကွေးလာတာ ကြောင့် လက်ရှိပိုနေမြဲကျားနေမြဲ အခြေအနေကိုခြိမ်းခြောက်တဲ့ လှုပ်ရှားမှုတွေကိုအားပေးရာ၊ စိတ်ဝင်စားအောင် ဆွဲဆောင်ရာရောက်တယ်။ အစိုးရတွေကလည်း လူလတ်တန်းစားတွေရဲ့သဘောထားကို  သိပ်အလေးမထားကြတော့ဘူး။ အမေရိကန်ရော၊ ဗြိတိန်ရောမနိုင်မနင်းဖြစ်လာပြီး ပညာရေး အခြေခံအဆောက်အဦနဲ့လူမှုဖူလုံရေးတွေကို ဖြည့်ဆည်းမပေးကြတော့ဘူး။ အသက်ကြီးနေတဲ့သူတွေကလည်း  လူလတ်တန်းစားဖြစ်လာမယ့်သူတွေ သူတို့လောက်အခွင့်အရေးမရကြတော့တာ ဂရုမစိုက်ဘူး။ သုတေသီတွေက ဆူကြုံနိမ့်မြင့်ကွာဟမှုရဲ့ဂယက်ကို လျှော့တွက်ကြတယ်။

ချမ်းသာတဲ့နိုင်ငံတွေဟာ ထွက်သွားလိုက်ရမလားလို့ ခြိမ်းခြောက်နိုင်ရုံသာမက စာနယ်ဇင်းတွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေကိုလည်း ထိန်းထားနိုင်တယ်။

ဂုဏ်ယူတက်ကြွနေတဲ့ဒီမိုကရေစီနိုင်ငံကြီးတွေဟာ ဒီတောင်ကိုကျော်နိုင်ကောင်းကျော်နိုင်မယ်။ ဒါပေမဲ့ အချောင်ရမယ်ထင်ရင်မှားမယ်လို့ The Economistက ရေးထားပါတယ်။

 

ခင်မောင်ညို (ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *