မြန်မာတပ်ချုပ် အပါအဝင် တပ်မတော်ထိပ်တန်းအရာရှိ လေးဦးကို အမေရိက ပြည်ဝင်ခွင့်ပိတ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

ဘင်္ဂါလီမွတ်ဆလင်များအပေါ် ပြစ်မှုကျူးလွန်ရာတွင် အဓိကတာဝန်ရှိသည်ဟုဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ထိပ်တန်းအရာရှိ လေးဦးနှင့် မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ဆို့လိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦးနှင့် ဗိုလ်မှူးချုပ် အောင်အောင်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ပါရှိသည်။

အဆိုပါ လေးဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာက ရေးသားသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် မြန်မာအစိုးရက တာဝန်ယူဖြေရှင်းမှု မရှိတာနဲ့ တပ်မတော်က နိုင်ငံအနှံ့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လုပ်နေတဲ့သတင်းတွေအပေါ် ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရွာတွင် လူသတ်မှု ကျူးလွန်ခဲ့သည့် တပ်မတော်သားများကို လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ပေးခဲ့ခြင်းသည် တပ်မတော်နှင့် ၎င်း၏ ခေါင်းဆောင်မှုပိုင်း အတွက် တာဝန်ယူဖြေရှင်းမှု ကင်းမဲ့ခြင်း ဆက်ရှိနေပြီး ဆိုးရွားသည့် သာဓကတစ်ခုဖြစ်ခဲ့သည်ဟုလည်း ပွန်ပီယိုက ဆိုသည်။

အမေရိကန်၏ ယခုထုတ်ပြန်ချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပသည့် နိုင်ငံတကာဝန်ကြီးများ ညီလာခံ ပထမနေ့တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံသို့ ဘင်္ဂါလီ (မှုရင်း သတင်းတွင် ရိုဟင်ဂျာ) ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *