ဂန္ထဝင်ဖြစ်သွားသော အိုင်ဒီအိုလိုဂျီတစ်ခု၊ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်စာအုပ် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းအတွက် ဘာသာပြန်သူ၏အမှာစကား

(၁)

“လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က ဖြစ်သည်။ ကားလ်မာ့က်စ်မှာ ပါမောက္ခ၊ ဒဿနပညာရှင်ဖြစ်သည်။ နိုင်ငံရေးသမား မဟုတ်။ သို့သော် သူ၏ သူ့ခေတ်နှင့်သူ လက်တွေ့ကျသော နိုင်ငံရေးအယူအဆကြောင့် သူ၏မာ့က်စ်ဝါဒသည် ကမ္ဘာ့ဟိုဘက်ခြမ်း သည်ဘက်ခြမ်း လွှမ်းမိုးဂယက်ရိုက်ခဲ့သည်။ ယခုအခါ မာ့က်စ်ဝါဒသည် ဂန္ထဝင်မာ့က်စ်ဝါဒဖြစ်နေပါပြီ။ ထားလိုက်တော့ …၊”

ဒဂုန်တာရာ
(၁၀-၈-၀၁)

၂၀၁၃ ခုနှစ် မတ်လက မြနန္ဒာစာပေမှ ဒုတိယအကြိမ် ထုတ်ဝေခဲ့သော ဆရာဗန်းမော်တင်အောင်၏ ‘ရုပ်ကမ္ဘာ’ စာအုပ် အမှာစာမှ ထုတ်နုတ်ဖော်ပြလိုက်သော ဆရာတာရာ၏ ကောက်ချက်ဖြစ်ပါသည်။ အမှန်စင်စစ် ၂၀၀၀ ပြည့်နှစ်မတိုင်မီ ၁၉၈၀ ပြည့်လွန်နှစ်များလောက်ကတည်းက တရုတ်ကွန်မြူနစ်ပါတီက မာ့က်စ်ဝါဒကို Classic (ဂန္ထဝင်) ဟု သုံးနေပါပြီ။ ဦးဟုတ်စိန်ပြုစုသော ‘မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ အဘိဓာန်’ က ‘ဂန္ထဝင်’ (Classic) ကို ‘စာပေကျမ်းဂန်’ ဟု အနက်ပေးသည်။ ‘History of Literature’ ဟု အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပာယ်ဖွင့်သည်။

ဂန္ထဝင်ဆိုတိုင်း ဆန့်ကျင်ရမည်၊ ပစ်ပယ်ရမည်တော့ကား မဟုတ်ပါ။ အခါခပ်သိမ်း ‘အလုပ်လမ်းညွှန်’ ဖြစ်ကောင်းမှ ဖြစ်နိုင်သည့်တိုင် ဂန္ထဝင်ကို လေ့လာခြင်းဖြင့် ပစ္စုပ္ပန်အတွက် အကျိုးမယုတ်နိုင်ပါ။ အထူးသဖြင့် ခေတ်ပြိုင်များ၏ ထင်မြင်ချက်၊ ပြောင်းလဲလာသော ခေတ်ရေစီး စသည်များဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်လျှင် အကျိုးများနိုင်လိမ့်မည် ထင်ပါသည်။ စာရေးသူက မာ့က်စ်ဝါဒကို မဆန့်ကျင်ပါ။ သို့တိုင် ဂန္ထဝင်အဖြစ်သာ သဘောယူပါတော့သည်။

(၂)

၁၉၉၃ ခုနှစ်တွင် စာရေးသူ တတိယအကြိမ် ထောင်မှလွတ်ပါသည်။ လွတ်လျှင် လွတ်ခြင်း သတင်းစာဆရာ ‘ဘာတင်းလစ်တနာ’၊ ၁၉၉၀ ပြည့်နှစ်က ရေးသားခဲ့သော ‘The Rise and Fall of the Communist Party of Burma’ စာအုပ်ကို အပူတပြင်း ရှာဖွေခဲ့ရာ တစ်လအတွင်း ဖတ်ခွင့်ရခဲ့ပါသည်။ သို့တစေ စာရေးသူသိသလောက်နှင့်ပင် အမှားအယွင်းအချို့ပါနေ၍ ဘာသာပြန်ဖို့ စိတ်မကူးခဲ့ပါ။ သည်လိုနှင့် နောင်အနှစ် ၂၀ အကြာတွင် ဤစာအုပ်ကို ဘာသာပြန်ဖို့ မိတ်ဆွေကြီး ကိုလွင်ဦး (လွင်ဦးစာပေ) က တိုက်တွန်းပါသည်။ သည်တစ်ကြိမ်တွင်တော့ မော်စကိုရောက် ရဲဘော် (ဟောင်း) ကြီး ဦးအောင်ဝင်း၏ ‘ပြင်ဆင်ချက်’ များနှင့်ဖြစ်ရာ သူ့ကိုလေးစားစိတ်ဖြင့် စာရေးသူ ဘာသာပြန်လိုက်ပါသည်။

အဆိုပါ ဘာသာပြန်စာအုပ် ပထမအကြိမ်ထုတ်ဝေခြင်းတွင် စာရေးသူ ယခုလို အမှာစကားပါးခဲ့ပါသည်။

“မူရင်းစာရေးဆရာ ‘ဘာတင်းလစ်တနာ’ မှာ သမိုင်းပညာရှင်တစ်ယောက်တော့ကား မဟုတ်ပါ။ သို့အတွက် သူ့စာအုပ် (The Rise and Fall of the Communist Party of Burma) မှာ သမိုင်းကျမ်းကြီးတစ်စောင်လို ရေပက်မဝင် ခိုင်မာတိကျချင်မှ တိကျပါလိမ့်မည်။ လစ်တနာမှာ နိုင်ငံရေးသမားတစ်ယောက်လည်း မဟုတ်ပါ။ သို့အတွက် သူ့စာအုပ်မှာ မြန်မာ့နိုင်ငံရေးလေ့လာချက် စစ်တမ်းတစ်စောင်လို ဘက်စုံထောင့်စုံ ကျယ်ပြန့်နက်ရှိုင်းမှု ရှိကောင်းမှ ရှိပါလိမ့်မည်။ အမှန်စင်စစ် သူသည် ဂျာနယ်လစ်တစ်ဦးမျှသာ ဖြစ်ပါသည်။”

ဆိုခဲ့ပါ အမှာစာကို ‘သက်ထား ဗသိန်းတင်’ က သူမ၏ ဥက္ကဋ္ဌ သခင်ဗသိန်းတင်အကြောင်း မှတ်တမ်းစာအုပ်တွင် ယခုလို ဝေဖန်ထားပါသည်။

“ထိုစာအုပ်ကို ဘာသာပြန်သူ ကျော်ဝင်းမှ ဘာတေးလင့်တနာသည် နိုင်ငံရေးသမားမဟုတ်၊ သမိုင်းဆရာမဟုတ်။ ဂျာနယ်လစ်သာဖြစ်သည်ဟု ချီးကျူးထောပနာပြုထားပါသေးသည်” –

စသဖြင့် …။ အမှန်တော့ စာရေးသူရေးခဲ့သည်မှာ ချီးကျူးတာတွေ၊ ထောပနာပြုတာတွေ မပါပါ။ အရှိအတိုင်း တင်ပြခြင်းသာဖြစ်ပါသည်။ ဤစာအုပ်နှင့်ပတ်သက်ပြီး ဝေဖန်ထားသော နေဦးဝေ၏ ‘ရောင်စုံ ပန်းစကြာထဲမှ ကြယ်နီတစ်ပွင့်’ စာအုပ်အကြောင်းသိခွင့်ရသည့်အတွက်မူ သက်ထား ဗသိန်းတင်ကို ကျေးဇူးတင်ပါသည်။ သေချာပေါက်ဖတ်ရမည့်စာအုပ်ဟုလည်း ‘တေး’ ထားလိုက်ပါသည်။ စာရေးသူအတွက် နှိုင်းယှဉ်လေ့လာစရာ ရလိမ့်မည်ဟု မျှော်လင့်ပါသည်။

(၃)

မြန်မာ့ခေတ်သစ်နိုင်ငံရေးနှင့် ပတ်သက်လျှင် အဘယ့်ကြောင့် နှိုင်းယှဉ်လေ့လာဖို့ အရေးကြီးပါသနည်း။ အကြောင်းရှိ၍ ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီသမိုင်းအပါအဝင် ခေတ်သစ်နိုင်ငံရေးနှင့် ပတ်သက်လျှင် စာအုပ်စာတန်းတွေ မနည်းမနောရှိပါသည်။ သို့နှင့်တိုင် ရေးသားပြုစုကြသူအများစုမှာ ကိုယ်တိုင်ပါဝင်ဖြတ်သန်းခဲ့ကြသော နိုင်ငံရေးသမားများ၏ ‘ကိုယ်တွေ့မှတ်တမ်း’ (Memoir) သဘောတွေက များသည်။ သမိုင်းပညာရှင်စစ်စစ်ဆို၍ မရှိသလောက်ပင် ရှားပါသည်။ စာရေးသူသိရသလောက်ဆိုရလျှင် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ‘ဟရူးတင်ကာ’၊ ယခင်မန္တလေးတက္ကသိုလ်မှ သမိုင်းပါမောက္ခ ဒေါက်တာ မောင်မောင်ကြီး၊ ပါမောက္ခဆရာ ဦးထွန်းအောင်ရှိန် ခေါင်းဆောင် သော သမိုင်းမှန်ပြုစုရေးအဖွဲ့ … စသည်တို့သာ ရှိသည်။

နိုင်ငံရေးသမားဆိုသည်က သူ့သက်ဆိုင်ရာပါတီ၏ မူဝါဒလမ်းစဉ်အပေါ်မှ ဖြစ်စဉ်ဖြစ်ရပ်တွေကို ကြည့်မြင်ကြသည်က များပါလိမ့်မည်။ သို့နှင့်အမျှ တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်း ထပ်တူကျကောင်းမှ ကျပါလိမ့်မည်။ မူကွဲများစွာ ရှိနိုင်ပါသည်။ ပါတီတစ်ခုတည်းပင်ဖြစ်စေဦး၊ အချိန်အခါအလိုက် အပြောင်းအလဲတွေ ရှိနိုင်သေးသည်။ ဥပမာ – မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်လျှင် ဗမာပြည်ကွန်မြူနစ်ပါတီတွင် အမြင်နှစ်မျိုးကွဲနေသည်။ မိမိတို့ဆင်နွှဲနေသော တော်လှန်ရေး ‘တက်’ နေသည်ဟုယူဆလျှင် ဗိုလ်ချုပ်မှာ ဖက်ဆစ်နှင့် ပေါင်းသူ၊ အမျိုးသားသစ္စာဖောက်ဖြစ်သွားတော့သည်။ တော်လှန်ရေး ‘ကျ’ နေသည်ဟု ယူဆလျှင်မူ အနှီဗိုလ်ချုပ်သည်ပင် အမျိုးသားသူရဲကောင်း ဖြစ်သွားတော့သည်။

အလားတူ ကွန်မြူနစ်ပါတီသမိုင်း၏ အရေးကြီးသော ဇာတ်ကွက်တစ်ခုဖြစ်သော ၁၉၄၈ မတ်လ ၂၈ ရက် တော်လှန်ရေးနှင့်ပတ်သက်လျှင်လည်း မူကွဲများစွာရှိသည်။ သို့အတွက် ‘နှိုင်းယှဉ်လေ့လာ’ ဖို့က အထူးအရေးကြီးလာသည်။ စာရေးသူအနေနှင့်တော့ ‘ဘယ်သူမှန်သည်၊ ဘယ်သူမှားသည်’ သဘောထားပေးဖို့ မရှိပါ။ ပေးနိုင်သည့်အနေအထားလည်း ရှိသည်မဟုတ်ပါ။ စာရေးသူ အမြင့်ဆုံးလုပ်နိုင်သည်မှာ ‘သဘောထား မှန်ကူကွက်’ မျိုးစုံကို စုစည်းပေးဖို့သာ ဖြစ်ပါသည်။ တစ်ချိန်ချိန်တွင် သမိုင်းပညာရှင်စစ်စစ်များက အစွဲကင်းကင်းဖြင့် မှတ်တမ်းတင်သွားကြမည်သာ ဖြစ်ပါသည်။

(၄)

ဆိုခဲ့ပါ ‘မတ်လ ၂၈ ရက် တော်လှန်ရေး’ နှင့်ပတ်သက်သော မူကွဲများကို တတ်နိုင်သမျှ စုစည်းတင်ပြလိုက်ပါသည်။ ပထမဆုံး အစိုးရ (ဖ.ဆ.ပ.လ) ဘက်မှ အမြင်ကိုပြောပါမည်။

“ဝန်ကြီးချုပ်၊ ကျွန်တော် အင်မတန်လျှို့ဝှက်တဲ့ စာတမ်းတစ်စောင် ယူလာတယ်။ ဒီစာတမ်းဟာ ဘယ်သူ့ဆီကရတာလဲ၊ ဘယ်လိုလုပ်ပြီးရတာလဲဆိုတာတွေကိုတော့ ကျွန်တော့်ကို မမေးနဲ့နော်။ ကျွန်တော်လည်း မသိဘူး”

“နေပါဦး။ မင်းဟာက ဘာစာတမ်းလဲကွ”

“ဂိုရှယ်က သူတို့ပေါလစ်ဗျူရိုမှာတင်ပြီး ဆွေးနွေးတဲ့စာတမ်း။ ဒီစာတမ်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လက်နက်ကိုင်ပြီး တော်လှန်ဖို့ပဲ …။”
———-

“ဦးကျော်ငြိမ်းဟာ သခင်နုကို သူ့လက်ထဲကစာတမ်း လှမ်းပေးလိုက်တယ်။ သခင်နုဖတ်ကြည့်တဲ့အခါ ‘မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်’ ဆိုတဲ့ ခေါင်းစဉ်ကို တွေ့ရတယ်။

ဒီကိစ္စမှာ ကျွန်တော်တို့ ပြတ်ပြတ်သားသားလုပ်မှ ဖြစ်လိမ့်မယ် ဝန်ကြီးချုပ်။ ချီတုံချတုံ လုပ်နေလို့မဖြစ်ဘူး။ ဒီကွန်မြူနစ်တွေ သူပုန်ထမှာ ဧကန်ပဲ …”

ကောက်နုတ်ချက်
ဦးနု ရေး ‘တာတေစနေသား’

၁၉၄၈၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ညတွင် ကျော်ငြိမ်းသည် ကျွန်တော့်ဆီသို့ ရောက်လာသည်။
——–
သူ့လက်ထဲမှာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့စွဲဖြင့် ထုတ်ဝေသော ‘ပြည်သူ့ခေတ်ဂျာနယ်’ (အိန္ဒိယကွန်မြူနစ်ပါတီ ဂျာနယ်) ပါလာလေသည်။ ထိုဂျာနယ်တွင် ရဲဘော်ဘတင် ခေါ် ဂိုရှယ်က မြန်မာပြည်လွတ်လပ်ရေးသည် လွတ်လပ်ရေးလိမ်ကြီး ဖြစ်သည်။ လွတ်လပ်ရေးကို လက်ခံသွားခြင်းဖြင့် ဖဆပလသည် နယ်ချဲ့သမားနှင့် ပြန်လမ်းမရှိ ပူးပေါင်းသွားပြီ။ ထို့ကြောင့် လုံးဝလွတ်လပ်ရေးရရန် ဖဆပလနှင့် နယ်ချဲ့တို့အား တရုတ်ကွန်မြူနစ်တွေက ကိုမင်တန်အား လုပ်ကြံဘိသကဲ့သို့ လုပ်ရလိမ့်မည်။ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲကြီးအတွက် ပြည်သူတို့အား လှုံ့ဆော်စည်းရုံးထားရမည် စသော ဂိုရှယ်လမ်းစဉ်ကို ပထမဦးဆုံး လူသိနတ်ကြား တင်ပြလိုက်ခြင်းဖြစ်သည်။

ကောက်နုတ်ချက်
သိန်းဖေမြင့် ရေး ‘ကျော်ငြိမ်း’

ကွန်မြူနစ်ပါတီဘက်မှ ချေပချက်ကို ဆက်လက်ဖော်ပြပါမည်။

“အခု ဒီဆောင်းပါးဟာ ပါတီကို အသိမပေးဘဲ ပါတီလုပ်ငန်းစဉ်ကို ဆန့်ကျင်ပြီးရေးထားတာဖြစ်လို့ ရဲဘော်ဘတင်ကို နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီတို့က ဒါနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။
————
ရဲဘော်ဘတင်က ဒီဆောင်းပါးကို သူရေးတာမဟုတ်ပါဘူး။ အိန္ဒိယကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ယောက်က သူ့နာမည်နဲ့ ရေးတာပါလို့ ပြန်လည်ဖြေရှင်းတာနဲ့ ဒီကိစ္စ ဒီတင်ရပ်သွားခဲ့ပါတယ်။”

ကောက်နုတ်ချက်
ရဲဘော်ဖိုးသံချောင်း ရေး ‘ဂိုရှယ်စစ်တမ်းဆိုသည်နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းတင်ပြချက်’

ကွန်မြူနစ်ပါတီနှင့် နီးစပ်သည်ဟုယူဆရသော စာအုပ်တစ်အုပ်တွင်မူ ဆိုခဲ့ပါ ဂိုရှယ်ရေးခဲ့သည်ဆိုသော စာတမ်း၊ တစ်နည်း ‘ဂိုရှယ် စစ်တမ်း’ လုံးဝမရှိဟု ဆိုပါသည်။ ယခုလို …

“တကယ်က ဂိုရှယ်ရေးခဲ့တဲ့ အဲဒီ ‘ဂိုရှယ်စစ်တမ်း’ ဆိုတာဟာ စာအားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း လုံးဝမရှိဘူးဆိုပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီသမိုင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖောက်ပြန်ရေးသမားတွေက လုပ်ကြံလည်ဆယ်ထားကြတာ မနည်းဘူးလို့ ဆိုပါတယ် …။
———–
‘ဂိုရှယ်စစ်တမ်း’ ဆိုတာကြီးကို ရရှိကြည့်မြင်ဖတ်ရှုရဖူးသူ နှစ်ဦးရှိပါတယ်။ သခင်နုနဲ့ ဦးသိန်းဖေမြင့်ဖြစ်ပါတယ်။ အချိန်က ဖေဖော်ဝါရီလ သို့မဟုတ် မတ်လဆန်းထဲပါ။ ဖတ်ရှုရသူ နှစ်ဦးလုံးရဲ့ ဖော်ပြချက်အရ အဲဒီ ‘ဂိုရှယ်စစ်တမ်း’ ဆိုတာကြီးကို ပေးသူကတော့ တစ်ဦးထဲပါ။ အဲဒီပုဂ္ဂိုလ်ကတော့ ဦးကျော်ငြိမ်းပါ။”

ကောက်နုတ်ချက်
ဝင်းတင့်ထွန်း ရေး ‘အမှောင်ကြားက ဗမာပြည်’

ပညာရှင်ပိုင်းကမူ ယခုလို သုံးသပ်ကြပါသည်။

“ကွန်မြူနစ်ပါတီ (အလံဖြူ) အနေနှင့် ၁၉၄၈ လွတ်လပ်ရေးကို အပြင်ပန်းအားဖြင့် လက်ခံထားသည့်တိုင် ပါတီ၏သဘော တရားရေးဆရာတစ်ဦးဖြစ်သူ အိပ်ခ်ျ၊ အင်၊ ဂိုရှယ် ပြုစုထားသော စစ်တမ်းတစ်ခု ချမှတ်ထားပြီးဖြစ်သည်။ ဤစစ်တမ်းအရ ဖဆပလမှာ ဗြိတိသျှနယ်ချဲ့သမား၏ ခြေသည်းလက်သည်း ဖြစ်သွားချေပီ။ သို့အတွက် ဖဆပလကို တွန်းလှန်ဖြုတ်ချပြီး စစ်မှန်သော ပြည်သူ့အစိုးရ ထူထောင်ဖို့ လိုအပ်လာသည်။”

ကောက်နုတ်ချက်
ဟရူတင့်ကာ ရေး ‘ပြည်ထောင်စုမြန်မာနိုင်ငံတော်’

“အမှန်စင်စစ် ဗမာကွန်မြူနစ်များမှာ ၁၉၄၈ ဇန်နဝါရီလက ကာလကတ္တားတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှ ကွန်မြူနစ်ကွန်ဖရင့်၏ ‘လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်’ ဆိုသော ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးဖြစ်သည်။ ထိုစဉ်က သူတို့ပေးခဲ့သော အကြောင်းပြချက်မှာ ယခုလိုဖြစ်သည်။

‘နုအက်တလီစာချုပ်က ဗမာပြည်ကို စစ်မှန်သော လွတ်လပ်ရေး ပေးနိုင်မည်မဟုတ်။ စက်ဆုပ်ဘွယ်ကောင်းသော ဆိုရှယ်လစ်များနှင့် သခင်နုလို ဖောက်ပြန်ရေးသမားလည်း အစိုးရတွင် ပါနေသည်’ စသဖြင့် ဖြစ်သည်။”

ကောက်နုတ်ချက်
ဒေါက်တာမောင်မောင်ကြီး ရေး ‘ဗမာ့နိုင်ငံရေးတန်ဘိုး’

ဦးစံငြိမ်းနှင့် ဒေါက်တာ ဒေါ်မြင့်ကြည်တို့ပြုစုပြီး မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့က စိစစ်သော စာအုပ်တွင်လည်း ယခုလို တွေ့ရသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် သခင်သန်းထွန်းခေါင်းဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီသည် ဂိုရှယ်၏ ‘မြန်မာပြည်၏ ယနေ့အခြေအနေနှင့် ငါတို့တာဝန်များ’ စာတမ်းပါ ‘ပြည်တွင်းစစ်လမ်းစဉ်’ ကို လက်ခံစဉ်းစားနေပြီဖြစ်သည်။ ထိုအချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများသည် နိုင်ငံတကာတော်လှန်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသ ဖြစ်နေသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်ခံထားသော လမ်းစဉ်သဘောထားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထုတ် အိန္ဒိယကွန်မြူနစ်ပါတီဂျာနယ် People’s Age (ပြည်သူ့ခေတ်) တွင် ဂိုရှယ်က တင်ပြထားသည်ကို တွေ့ရသည်။”

ကောက်နုတ်ချက်
၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး၊ ပထမတွဲ

(၅)

‘ဗမာပြည်ကွန်မြူနစ်ပါတီ၏ နေထွက်ချိန်နှင့် နေဝင်ချိန်’ ကို ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေမည်ဆိုသောအခါ စာရေးသူအနေနှင့် ဆိုခဲ့ပါကိစ္စကို ဆက်စပ်စဉ်းစားနိုင်ရန် ဂိုရှယ်၏ မူရင်းဆောင်းပါးကို ဘာသာပြန်ထည့်ပေးဖို့ စဉ်းစားခဲ့ပါသေးသည်။ သို့နှင့်တိုင် ‘ဂိုရှယ် စစ်တမ်း’ မူရင်းကို ‘ပေါ်ထွန်းဝင်း’ က ဘာသာပြန်ပြီး ယဉ်မျိုးစာပေမှ ထုတ်ဝေပြီး ဖြစ်နေပါပြီ။ ဤစာအုပ်မှာပင် ဂိုရှယ်စစ်တမ်းနှင့် ဆက်စပ်နေသော ရဲဘော်ဖိုးသံချောင်း၏ ဆောင်းပါးနှစ်ပုဒ်လည်း ပါသည်။ ဆက်စပ်စဉ်းစားစရာများရ၍ ပေါ်ထွန်းဝင်း၊ ရဲဘော်ဖိုးသံချောင်းနှင့် ယဉ်မျိုးစာပေကို ကျေးဇူးတင်ရပါသည်။

ထို့နောက် တစ်ဖန် ပါတီသမိုင်းနှင့် ဆက်စပ်နေသော ဦးသိန်းဖေမြင့်၏ ၁၉၇၃ က ရေးခဲ့သော စာတမ်း ‘Critique of Communist Movement in Burma’ ကို ဘာသာပြန်ထည့်သွင်းပေးဖို့လည်း စဉ်းစားခဲ့ပါသေးသည်။ ဤအတွက် ဆရာ ဦးသိန်းဖေမြင့်၏သား ဦးဟံသာမြင့်ကိုလည်း ခွင့်တောင်းခဲ့ပြီးဖြစ်ပါသည်။ ဆရာ ဦးဟံသာမြင့်ကလည်း ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုပြီး သူတို့မိခင်ကြီးဆီမှ ခွင့်ပြုချက်ယူရန် အကြံပေးခဲ့ပါသည်။ ဒေါ်ခင်ကြည်ကြည် (ဆရာ ဦးသိန်းဖေမြင့်၏ ဇနီး) ကို သွားရောက်တွေ့ဆုံခွင့်တောင်းဖို့လည်း ကိုလွင်ဦးနှင့် ချိန်းဆိုပြီးသားဖြစ်ပါသည်။ သို့တိုင် စာရေးသူ၏ မျက်စိမှာ စာဖတ်လို့မရတော့အောင် အခြေအနေဆိုးလာ၍ ဤအစီအစဉ်ကိုလည်း စွန့်လွှတ်လိုက်ရပါသည်။

ဆိုခဲ့ပါအတိုင်း ဆက်စပ်စဉ်းစားစရာ တော်တော်များများနှင့် ဖြည့်စွက်ထုတ်ဝေဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ သို့အတွက် ယခု ဒုတိယအကြိမ်ထုတ်ဝေခြင်းတွင် ယခုရေးနေသော အမှာစာသာ ထည့်သွင်းဖော်ပြနိုင်သည့်အတွက် ခွင့်လွှတ်ပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။ မတူခြားနားသော အယူအဆအသီးသီးကို ဂရုဓမ္မထား လေ့လာပြီးသကာလ ဦးနှောက်မုန်တိုင်းဆင်နိုင်ကြပါစေသတည်း …။ 

 

ကျော်ဝင်း
၂၉ ဇွန်လ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *