တရုတ် CPP ကုမ္ပဏီထံမှ ရင်းဂစ်ငွေသန်းတစ်ထောင် မလေးရှားပြန်လည်သိမ်းယူ

တ၇ုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မလေးရှားဝန်ကြီးချုပ် မဟာသီယာတို့ ဘေဂျင်း၁်တွေ့ဆုံစဉ် ဓာတ်ပုံ-AFP

ကွာလာလမ်ပူ၊ ဇူလိုင် ၁၆

တရုတ်အစိုးရပိုင် CPP ကုမ္ပဏီက မလေးရှားနိုင်ငံတွင်တည်ဆောက်နေသည့်  ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို မလေးရှားက ရပ်ဆိုင်းလိုက်ပြီးနောက် CPP ကုမ္ပဏီထံမှမလေးရှား ရင်းဂစ်ငွေသန်းတစ်ထောင် (အမေရိကန် ဒေါ်လာ ၂၄၃ ဒသမ ၅ သန်း) ကို ပြန်လည် သိမ်းယူလိုက်ပြီဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်မဟာသီယာက ပြောကြားသည်။

“ဒီပိုက်လိုင်းအတွက်ပေးရမယ့်ငွေထဲက ၈၀ ရာခိုင်နှုန်းကို ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပိုက်လိုင်းတည်ဆောက်မှုက ၁၃ ရာခိုင်နှုန်းပဲ ပြီးပါသေးတယ်။  ဒီပရောဂျက်ကို ပယ်ဖျက်လိုက်ပြီဆိုတော့ မလေးရှားအစိုးရအနေနဲ့ ဒီငွေတွေကို ပြန်ရယူခွင့်ရှိပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်မဟာသီယာက ပြောကြားသည်။

တရုတ်အစိုးရပိုင် China Petroleum Pipeline Engineering  (CPP) တည်ဆောက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေပိုက်လိုင်းပရောဂျက်နှစ်ခုကို မလေးရှားဝန်ကြီးချုပ်မဟာသီယာက ပြန်လည်ပယ်ဖျက်ခဲ့သည်။

ယင်းစီမံကိန်းနှစ်ခုမှာ ၂၀၁၆ ခုနှစ် က ဝန်ကြီးချုပ်နာဂျစ်ရာဇတ်လက်ထက်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။

ယင်းပရောဂျက်များမှာ မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ကမ်းရိုးတမ်းတစ်လျှောက်တွင် ၆၀၀ ကီလိုမီတာရှည်လျားသည့်ရေနံပိုက်လိုင်းနှင့် မလေးရှားဘော်နီယိုကျွန်းပေါ်ရှိ ဆာဘတ်ပြည်တွင်တည်ဆောက်မည့် ၆၆၂ ကီလိုမီတာရှည်လျားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ ဖြစ်သည်။

မလေးရှားအစိုးရက မလေးရှားရင်းဂစ်ငွေ သန်းတစ်ထောင်ကိုပြန်လည် သိမ်းဆည်းသည့်ကိစ္စနှင့် ပတ်သက်၍   တရုတ်အစိုးရပိုင် CPP ကုမ္ပဏီအနေနှင့်သက်ဆိုင်သူများနှင့် ဆက်သွယ်စကားပြောနေကြောင်း ရိုက်တာသတင်းဌာနကို CPP က ပြန်လည်ဖြေကြားသည်။

၂၀၁၈ ခုနှစ်က ကျင်းပသည့်ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာသည့်မဟာသီယာက အဆိုပါ  ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုစလုံးကို ယမန်နှစ်ကဆိုင်းငံ့ထားခဲ့ခြင်းလည်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *