“နာကျည်းချက်တွေ၊ မုန်းတီးမှုတွေ ပိုများလာတော့ စစ်ပွဲကမရပ်တော့ဘဲ စစ်ဘောင်ပိုကျယ်လာတာပေါ့”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် မေးမြန်းခြင်း

ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ကိုးခုတွင် အင်တာနက်ဝန်ဆောင်မှု အမြန်ဆုံးပြန်လည်သုံးစွဲခွင့်ရရှိရေး အရေးကြီးအဆိုကို တင်သွင်းခွင့်ရရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပြုချက်တောင်းခံရာ ပယ်ချခံရသည်။ အရေးကြီးအဆိုတင်သွင်းရန် ကြိုးပမ်းရသည့်အကြောင်း၊ အင်တာနက်ဖြတ်တောက်ခံရမှုကြောင့်ဖြစ်လာသည့်အကျိုးဆက် စသည်တို့ကို အဆိုတင်သွင်းခွင့်တောင်းခဲ့သူ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ခြောက်လခန့်အကြာတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်က မြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့၌ အင်တာနက်ဖြတ်တောက်လိုက်သည်။ အများပြည်သူတည်ငြိမ်အေးချမ်းရေးဟုဆိုကာ ပြည်ထောင်စုအစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

The Voice Journal – ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက်ပြန်လည်သုံးစွဲခွင့်ရဖို့အတွက် အရေးကြီးအဆိုတင်ဖို့လုပ်တာ ပယ်ချခံရတယ်လို့ သိရပါတယ်။ ဘာကြောင့် ပယ်ချခံရတာလဲ။

DKSW – အဲဒါကတော့ လွှတ်တော်နည်းဥပဒေမှာ ရေးထားတာက လတ်တလောအဆိုဖြစ်ရမယ်ပေါ့။ လက်ရှိဖြစ်နေတဲ့ လတ်တလောအဖြစ်အပျက်ဖြစ်ရမယ်ပေါ့။ (အင်တာနက် ဖြတ်တောက်ခြင်း) ဒီဟာက နည်းနည်းအချိန်ကြာသွားတဲ့ သဘောမျိုးပေါ့။ အဲဒါက သူတိုရဲ့ ဖြေရှင်းချက်ပါ။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ဖြေရှင်းတာလည်း မဟုတ်ပါဘူး။ ကျွန်မက မနေ့က အဆိုတင်တယ်။ ဒီနေ့ (ဇူလိုင် ၁၈) မှာ ဆွေးနွေးခွင့် ရ မရကို ညွှန်ကြားရေးမှူးချုပ်က ခေါ်ပြီးပြောတယ်။ ဒီအဆိုကို လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးခွင့် မပေးဘူးလို့ ပြောတယ်။ ဘာကြောင့်မပေးတာလဲမေးတော့ အဆိုတစ်ခုက လတ်တလောဖြစ်ပျက်နေတယ်ဆိုမှ အရေးကြီးအဆိုဖြစ်တယ်။ ဒါက လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်ပေါ့လေ။ ကျွန်မတို့ကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ တင်တာပါ။

The Voice Journal – အင်တာနက်ဖြတ်တောက်ထားတာက တစ်လလောက်ရှိနေပြီ။ အခုလည်း ဆက်လက်ဖြတ်တောက်ထားဆဲဆိုတော့ လတ်တလောအဖြစ်အပျက် ဟုတ် မဟုတ်ကို ဘယ်လိုသတ်မှတ်လဲ။

DKSW – အဲဒါကို ပြောတာလေ။ သူတို့က ဘယ်လိုပဲ သတ်မှတ် သတ်မှတ်၊ ကျွန်မတို့ကတော့ လတ်တလောဖြစ်နေတဲ့ကိစ္စလို့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အချိန်အထိ ပြန်မဖွင့်ပေးသေးဘူးလေ။ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက နားလည်သလို၊ မီဒီယာအသိုင်းအဝိုင်းတွေကလည်း အားလုံးသိကြတယ်လေ။ ရခိုင်ပြည်နယ်မှာက ကျောင်းသားလူငယ်တွေရှိတယ်။ အစိုးရဝန်ထမ်းရှိတယ်။ မီဒီယာရှိတယ်။ ကုမ္ပဏီပိုင်ရှင်တွေ၊ အလုပ်လုပ်နေကြတဲ့သူတွေရှိတယ်။ အခုက အင်တာနက်ကို ပိတ်ထားတဲ့အတွက် သူတို့နဲ့ဆက်နွှယ်တဲ့ သတင်းအချက်အလက် တစ်ခုမှမရဘူးလေ။ အဲဒါကလည်း အခက်အခဲဖြစ်တယ်။ နောက်တစ်ခုက စစ်ဖြစ်နေတဲ့နေရာတွေမှာ စစ်ဘေးရှောင်တွေရှိတယ်လေ။ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံရတယ်။ ရွာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင်လည်း တခြားနေရာကို ထွက်ပြေးရတာတွေရှိတယ်။ နောက်တစ်ခုက ဒီအတောအတွင်းမှာ ရာသီဥတုအပြောင်းအလဲကြောင့် ရေကြီးတာရှိတယ်။ အဲဒီမှာလည်း စစ်ဘေးရှောင်တွေကို ပြောင်းပြေးရတာရှိတယ်။ ရေကြီးတဲ့အတွက် ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ အဲဒါတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းရဖို့ လိုတယ်လေ။ ရခိုင်ပြည်နယ်သည် သွားရေးလာရေးခက်ခဲတဲ့နေရာလည်းဖြစ်တယ်။ ကျန်းမာရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း ကြည့်လိုက်ရင် အွန်လိုင်းမှာတင်ခြင်းအားဖြင့် ဘယ်နေရာမှာ အရေးကြီးနေတယ်ဆိုတာကို မြင်သာထင်သာရှိတယ်။ အဲဒီအခါကျရင် ကယ်ဆယ်ရေးတွေလာကြတယ်။ CSO (အရပ်ဘက်အဖွဲ့အစည်း) တွေက လာကြတယ်။ အခုက သတင်းအမှောင်ချထားသလို ဖြစ်နေတယ်။ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတယ်လို့ ပြည်သူတွေကလည်း ခံစားနေရတယ်လေ။ အဲဒါကြောင့် ဒါကတော့ မဖြစ်သင့်ဘူး။ တစ်ဖက်သတ်တော့ မလုပ်သင့်ဘူးလေ။ နောက်တစ်ခုက ဆက်သွယ်ရေးဝန်ကြီးဌာနက လူကြီးတစ်ယောက်က ပြောတယ်။ အမုန်းတရားတွေ များလာတဲ့အတွက် ပိတ်တယ်ပေါ့။ အမုန်းတရားများလာတယ်ဆိုရင် ရခိုင်ပြည်နယ်တစ်ဖက်ထဲကို ပိတ်လိုက်လို့ အမုန်းတရားတွေ ပျောက်သွားမလား။ မေးခွန်းမေးစရာရှိတယ်။ အခုအထိအောင် သူတို့ဘက်က ဆက်ပြီးရေးနေကြတာ အများကြီးရှိနေတယ်။ ပိတ်ရင်လည်း တစ်တိုင်းပြည်လုံးကို ပိတ်လိုက်ပေါ့။ အရင်က ဘယ်လိုနေခဲ့ကြလဲဆိုပြီးတော့ လူတွေက ဝေဖန်ကြတယ်။ အရင်တုန်းနေခဲ့တာ မနေခဲ့တာထက် အခုလို အိုင်တီခေတ်၊ တိုးတက်နေတဲ့ခေတ်မှာ ဒီလို ဆက်သွယ်ရေးတွေကို ပိတ်လိုက်ဖို့ မသင့်ဘူးလို့ မြင်တယ်။ နောက်တစ်ခါ ပြည်သူတွေအခက်အခဲဖြစ်နေတာကို ကျွန်မတို့က အချိန်နဲ့တစ်ပြေးညီ ကူညီချင်တယ်။ အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးသင့်တယ်လို့ မြင်တယ်။ အဲဒါကြောင့် ပြည်သူ့အသံလွှတ်တော်အသံဆိုသလို ကျွန်မတို့က ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို လွှတ်တော်ထဲကို သွင်းတာဖြစ်တယ်။ နောက်တစ်ခုက ကျွန်မတို့က Checks and Balances (အပြန်အလှန်ထိန်းကျောင်းခြင်း) လုပ်ရမယ်။ အစိုးရမှားနေရင် ကျွန်မတို့က ထောက်ပြရမယ်။ ဆွေးနွေးရမယ်။ အခု ဒီမိုကရေစီ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ အဲဒီလို တစ်ဖက်သတ်ဆန်ဆန် မလုပ်သင့်ဘူးလို့ မြင်တယ်။ အဲဒါကြောင့် ထောက်ပြဖို့ တာဝန်ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့အတွက် လုပ်ရတာဖြစ်ပါတယ်။

The Voice Journal – အခုက ထောက်ပြခွင့် မရသလိုဖြစ်တာပေါ့။

DKSW – အဲဒီလို ဖြစ်တာပေါ့။

The Voice Journal – ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောတယ်။ အင်တာနက်ဖြတ်တောက်ရတာက အများပြည်သူတည်ငြိမ်အေးချမ်းရေးလုပ်ရတာလို့ ပြောတယ်။ တကယ်ရော ထိရောက်ရဲ့လား။

DKSW – ကျွန်မတို့ကလေ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းရမယ်။ ဒီလို တစ်ဖက်သတ် နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်တဲ့ ပုံစံမျိုးနဲ့ ပိတ်လိုက်လို့ကတော့ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။ အမုန်းတရားတွေ ပိုပြီးတော့ ကြီးလာမယ်။ နာကျည်းချက်တွေပဲ များလာမယ်။ နိုင်ငံရေးယဉ်ကျေးမှုတွေ ပျောက်သွားတယ်။ နိုင်ငံရေးယဉ်ကျေးမှု ခြေလှမ်းဝေးသွားတယ်လို့ပဲ မြင်တယ်။ အခု ရခိုင်ပြည်နယ်တစ်ခုထဲကိုပဲ ပိတ်တယ်ဆိုတော့ ရခိုင်လူထုရဲ့ ခံစားချက်သည် ပိုပြီးတာ့ ပိုပြီးတော့ ပြင်းလာတယ်။ တရားဥပဒေစိုးမိုးမှုတွေ၊ ပြန်လည်တည်ငြိမ်အေးချမ်းမှုတွေ ပြန်ရအောင်လုပ်မယ်ဆိုရင်တော့ အပြုသဘောဆောင်တဲ့အနေနဲ့ပဲ လုပ်သွားရမယ်။ ပြည်သူတွေကို ချပြရမယ်။ ပြည်သူတွေလိုအပ်တဲ့ အကူအညီတွေကို ပေးရမယ်။ နှစ်ဦးနှစ်ဖက် စစ်ဖြစ်နေတာကို မပြောလိုဘူး။ အဲဒါက နိုင်ငံရေးအရ ဖြေရှင်းရမှာ ဖြစ်တယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သေကြေအောင် သတ်ကြရင်လည်း မပြောလိုဘူး။ ဒါပေမဲ့ ကြားမှာဖြစ်တဲ့ မြေဇာပင်တွေအတွက်ကိုတော့ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရမှာတာဝန်ရှိတယ်။ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခအခက်အခဲကို ဖြေရှင်းပေးဖို့အစိုးရမှာ အများကြီးတာဝန်ရှိတယ်။ အဲဒီလိုပဲ ပြောချင်တယ်။

The Voice Journal – မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရ အဆက်ဆက်မှာဆိုရင်လည်း ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အခုလိုပဲ ပိတ်ဆို့တဲ့နည်းလမ်းတွေသုံးခဲ့တယ်။ အဲဒါတွေက မအောင်မြင်ဘူးလို့လည်း ဝေဖန်မှုတွေရှိတယ်။ အခု အင်တာနက် ဖြတ်တောက်တာမှာရော အစိုးရက လုပ်ချင်တာ အောင်မြင်နိုင်မယ်ထင်လား။

DKSW – ဒါက အောင်မြင်မှုရမှာမဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားမှုက အယုံအကြည် ပျက်စေတယ်။ အစိုးရတစ်ရပ်ကို ယုံကြည်အားကိုးမှု မရှိရင် အဲဒီအစိုးရအတွက် မကောင်းဘူး။ ဒီအစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးမှုတွေ အားနည်းနေတယ်။ စီမံခန့်ခွဲမှုအားနည်းလို့ ဒီလိုဖြစ်နေတယ်ပေါ့။ အဲဒါကြောင့် တစ်ဖက်သတ် မလုပ်ဘဲနဲ့ နည်းလမ်းရှာဖို့ လိုတယ်။ နည်းလမ်းကောင်းတွေ ရှာရမယ်။ ဒီလိုပိတ်တာမျိုး မလုပ်ဘဲနဲ့ ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းရင် ကောင်းမလဲ။ ဥပမာ – ရခိုင်တစ်ခုထဲကို မပိတ်ဘဲနဲ့ အားလုံးကို ပိတ်လိုက်လေ၊ သဘောတစ်ခုက။ အခုက ရခိုင်ပြည်နယ်တစ်ခုထဲကို ပိတ်လိုက်တော့ အခက်အခဲတွေကို ခံစားလာရတော့ ပိုပြီးပိုပြီး နာကျည်းချက်တွေ မုန်းတီးမှုတွေ ပိုများလာတော့ ဒီစစ်ပွဲကမရပ်တော့ဘဲ ရှေ့ကို စစ်ဘောင်တွေ ပိုကျယ်လာတာပေါ့။ ကျွန်မတို့က ငြိမ်းချမ်းရေးကို လိုချင်တယ်။ ငြိမ်းချမ်းရေးရမှ တိုင်းပြည်သည် အေးချမ်းမှာ လူတိုင်းသဘောပေါက်တယ်။ ဒါပေမဲ့ စိတ်ခံစားမှုများလာအောင် ဖန်တီးနေတာကိုတော့ မလုပ်သင့်ဘူးလို့ ပြောချင်တယ်။

The Voice Journal – ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အရင်တုန်းက တင်သွင်းတဲ့ အဆိုတချို့လည်း ပယ်ချခံရတာတွေ ရှိတယ်။

DKSW – ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စိစစ်ဖို့အတွက် အဆိုတင်တဲ့အခါ အဆိုကိုတော့ တင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ အဆိုရှုံးတယ်။ နောက်တစ်ခုက မောင်တောမှာ ဘင်္ဂါလီအရေးအခင်းမဖြစ်ခင် လုံခြုံရေးကို သေသေချာချာ ချပေးဖို့အတွက် အဆိုတင်ခွင့်တောင်းတယ်။ ရိုးရိုးအဆိုတင်ခွင့်ရတယ်။ ဆွေးနွေးခွင့်ရတယ်။ အဆိုကတော့ ရှုံးပါတယ်။ ရှုံးတဲ့နေညမှာပဲ ပြဿနာဖြစ်တယ်။ နောက်တစ်ခုက မောင်တော၊ ဘူးသီးတောင်မှာ တိုင်းရင်းသားတွေကို နေရာချပေးဖို့အတွက် ရိုးရိုးအဆိုတင်တာကိုတော့ ဒါက လုပ်နေတဲ့ကိစ္စဖြစ်တဲ့အတွက် တင်ခွင့်မရှိဆိုပြီး ပယ်ချခံရတယ်။ နောက်တစ်ခါ စစ်ဘေးရှောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆိုတင်တာမှာလည်း တင်ခွင့်မပေးခဲ့တာရှိတယ်။ အဲဒါကြောင့် အခွင့်အရေးတွေက တော်တော်လေး ဆုံးရှုံးနေတယ်လို့ ခံစားရတယ်။ နောက်တစ်ခုက ပြည်သူတွေအမြင်မှာ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အားကိုးလို့မရဘူးဆိုတဲ့ အမြင်မျိုးမြင်နေကြတာ။ အဲဒါက မကောင်းဘူး။ အဲဒါက ကျွန်မတို့ကိုလည်း ထိခိုက်တယ်။ ကျွန်မတို့ကတော့ ဘာပဲဖြစ်ဖြစ် လွှတ်တော်ကနေတစ်ဆင့် ပြည်သူကို အကူအညီပေးဖို့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာတဲ့အတွက် ပြည်သူ့အသံကိုတော့ တင်ရတယ်။ ဘယ်လောက်ပဲ အဆိုတွေတင်ခွင့်မရပါစေ၊ ဘယ်လောက်ပဲ အဆိုတွေမအောင်မြင်ပါစေ၊ ကျွန်မတို့ Messages (သတင်းစကား) ကို ပေးနေရမယ်။ လွှတ်တော်မှာ ဆွေးနွေးခွင့်ပြုလိုက်ရင်တော့ အသံအမျိုးမျိုးကြားရမှာပေါ့။ ကိုယ်စားလှယ်တွေရဲ့အသံ တွေက အမျိုးမျိုးဝေဖန်မှုတွေ ထွက်လာတယ်။ ဒီမိုကရေစီစနစ်မှာတော့ သူ့အမြင်ကိုယ့်အမြင် ဖလှယ်တယ်ပေါ့။ အဆိုရှုံးတာ၊ မရှုံးတာက တစ်ပိုင်း။ ဒီမိုကရေစီစနစ်မှာ လူများတဲ့ဘက်ကနိုင်မှာကို ကျွန်မတို့က သိပြီးသားပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာနေတဲ့ ပြည်ထောင်စုထဲမှာနေတဲ့ တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှမှုမရှိလို့ဘဲ ဒီလိုတိုက်ပွဲတွေ ဖြစ်နေကြတယ်။ အဲဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်လို့လည်း ပြောတယ်။ တန်းတူညီမျှမှုမရှိရင် ဒီတိုက်ပွဲတွေ မရပ်တန့်ဘဲ အမြဲတမ်းဖြစ်နေမလားဆိုတဲ့ မေးခွန်းကို မေးရမလို ဖြစ်နေတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးရစေချင်ရင် အဘက်ဘက်က နည်းလမ်းကိုရှာပြီးတော့ ပြည်သူလူထုမနစ်နာအောင် လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။ 

 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *