အမေရိကန်နဲ့ တရုတ် – အားပြိုင်ကြတာတွေ

(၁)

ဇွန်လ ၂၉ ရက်နေ့က ဂျပန်မှာလုပ်တဲ့ နိုင်ငံ ၂၀ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးအပြီးမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ဟွာဝေးကုမ္ပဏီကို ပစ္စည်းတွေ ပြန်ရောင်းလို့ရပြီလို့ ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ တွေ့အပြီးမှာ ဧရာမအမျိုးသားအရေးပေါ်ပြဿနာ (Great National Emergency Problem) မဖြစ်သမျှ ပစ္စည်းတွေ ဟွာဝေးကို ဆက်ရောင်းလို့ရတယ်လို့ ပြောခဲ့တာပါ။ သူ့စကားတွေဟာ ဥပဒေမဟုတ်ပေမယ့် ဟွာဝေးကတော့ သဘောကျမှာပါ။ အမေရိကန်နည်းပညာတွေ တရုတ်ကို မပို့ရဘူးလို့ အမေရိကန်သမ္မတက ကြေညာပြီးတဲ့နောက် ဟွာဝေးကုမ္ပဏီဟာ သီတင်းပတ် ခြောက်ပတ်လောက် ကောင်းကောင်းကြီး ဒုက္ခတွေ့ခဲ့တာပါ။

အစတုန်းကတော့ ဟွာဝေးက အမေရိကန်ကပစ္စည်းတွေ၊ နည်းပညာတွေမရလည်း အဆင်ပြေပါတယ်လို့ ခပ်မာမာ ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်လလောက်လည်းကြာရော ၂၀၁၉ ခုနှစ် ဝင်ငွေဟာ ၂၀၁၈ ထက် ၃၀ ရာခိုင်နှုန်း လျော့နည်းတော့မှာဖြစ်တယ်လို့ ဟွာဝေးရဲ့ အမှုဆောင်အရာရှိချုပ်က ကြေညာခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ဟာ မူလဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုက်တာဖြစ်လို့ ဟွာဝေးက သဘောကျပေမယ့် ဟွာဝေးဟာ အမေရိကန်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ မြင်နေတဲ့ လွှတ်တော်က အတော်လေးဘဝင်မကျပါဘူး။

တကယ်တော့လည်း ဖြစ်ရပ်တွေဟာ အဖြူအမည်းသဲကွဲတဲ့ကိစ္စမျိုးတွေမဟုတ်ဘူး။ သမ္မတရဲ့ ကြေညာချက်အသစ် မထုတ်ခင်ကတည်းက အမေရိကန်ကုမ္ပဏီတွေက ဟွာဝေးကို သူတို့ရဲ့ပစ္စည်းတွေစပြီးရောင်းနေနှင့်ကြပါပြီ။ ဒါပေမဲ့ တိုးတိုးတိတ်တိတ်ပဲ လုပ်ရတာပါ။ ဇွန်လကတည်းက ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Intel နဲ့ Micro တို့ စရောင်းနေကြပြီလို့ ဘလွန်းဘာ့ဂ်တို့၊ နယူယောက်တိုင်းတို့လို သတင်းစာတွေက ရေးပါတယ်။

အဲဒီလိုရောင်းနိုင်ရတာက ဥပဒေသမားတွေ၊ ရှေ့နေတွေရဲ့ ကျေးဇူးကြောင့်ပါ။ ဥပဒေရဲ့အားနည်းချက်တွေကို လိုက်ရှာတွေ့သွားကြတာကိုး။ ကိုယ့်ပစ္စည်းတွေ မပို့ရဘူးဆိုတော့ ဥပဒေရဲ့ ဂယ်ပေါက်တွေကို အသည်းအသန် လိုက်ရှာကြတယ်။ တချို့လုပ်ငန်းတွေကတော့ စိတ်မရှည်ဘဲ လုံးဝကို အရောင်းရပ်လိုက်ကြတယ်။

အခုတော့ လုံးဝအရောင်းရပ်ပစ်လိုက်တာဟာ ခြေလွန်လက်လွန် ဖြစ်သွားတာပဲဆိုတာ ပြန်ပြီးသဘောပေါက်လာကြပြီ။ အမေရိကန်မှာလုပ်တာမဟုတ်တဲ့ ပစ္စည်းတွေဆိုရင် ပြန်ရောင်းလို့ရတယ်။ ပြီးတော့ ပစ္စည်းတစ်ခုတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့အောက်မှာသာ အမေရိကန်လုပ်ပစ္စည်းတွေ ပါနေတာဖြစ်တယ်ဆိုရင် ရောင်းလို့ရတယ်တဲ့လေ။

ပို့ကုန်တားဆီးမှုက ဟာကွက်တွေကြောင့်ပဲဖြစ်စေ၊ သူ့သဘောနဲ့သူဖြစ်စေ ဒေါ်နယ်ထရမ့် အလျှော့ပေးတာကိုကြည့်ရင် ဟွာဝေးကို ခပ်မာမာ ခပ်တင်းတင်း လုပ်ချင်ပုံမရဘူးလို့ တွက်ဆရမှာပါ။ ခက်တာက ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ် (တိုင်ပေ) ကုမ္ပဏီတွေဟာ ဟွာဝေးကို ပစ္စည်းဆက်သွင်းရမလား၊ မသွင်းရဘူးလားဆိုတာ မရေမရာဖြစ်နေကြတယ်။ အခုအတိုင်းဆို ဟွာဝေးကို ပစ္စည်းဆက်ရောင်းလို့ရတယ်ဆိုတဲ့သဘော နားလည်လို့ရတယ်။

တစ်လောက ပြာယာခတ်နေတဲ့ ဟွာဝေးအတွက်တော့ လောလောဆယ်မှာ ရှင်သန်ခွင့် ရသွားခဲ့ပါပြီ။ ဟွာဝေးရဲ့အသက်ကို အမေရိကန်က ကယ်လိုက်တာလို့ပြောဖို့တော့ ခက်နေပါသေးတယ်။

(၂)

၂၀၀၁ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ တရုတ်ကဝင်မယ်လုပ်တော့ တစ်ဖက်မှာလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ‘ဝံပုလွေတွေ လာကြတော့မယ်’ ဆိုတဲ့စကားကို ထပ်တလဲလဲ သုံးခဲ့ကြတယ်။ နိုင်ငံကို တံခါးဖွင့်လိုက်ရင် နိုင်ငံခြားက ဘဏ်ကြီးတွေ ဝင်လာမယ်။ ပြည်တွင်းဘဏ်တွေ ဒုက္ခရောက်တော့မယ်လို့ စိုးရိမ်ကြ၊ ပူပန်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ဝံပုလွေတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားခဲ့ကြတယ်။ အခုဆိုရင် နိုင်ငံခြားဘဏ်တွေရဲ့ ပိုင်ဆိုင်မှုဟာ တရုတ်ဘဏ်လုပ်ငန်းရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

အခုလည်း တရုတ်က သူ့ရဲ့ဘဏ္ဍာရေးစနစ်ကို တံခါးဖွင့်မယ်လို့အော်လာပြန်တော့ ဟိုတုန်းက ပြောခဲ့တာတွေကို ပြန်ပြီးသတိရကြတယ်။ ၂၀၂၀ ကစပြီး ရာနှုန်းပြည့် နိုင်ငံခြားသားပိုင်ဘဏ်နဲ့ အာမခံလုပ်ငန်းတွေကို အရင်က ရည်မှန်းထားတာထက် တစ်နှစ်စောပြီး ခွင့်ပြုမယ်တဲ့။ လွန်ခဲ့တဲ့အနှစ် ၂၀ လုံးလုံး အစုရှယ်ယာအနည်းစုကိုသာ ပိုင်ဆိုင်ခွင့်ပြုခဲ့ပြီး မနှစ်ကမှ ၅၁ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားပိုင်ဆိုင်မှုကို ခွင့်ပြုခဲ့တာပါ။

နိုင်ငံခြားဘဏ်တွေ၊ အာမခံလုပ်ငန်းတွေကတော့ သံသယနဲ့ တုံ့ပြန်ကြတာပါ။ အပြောကတခြား၊ လက်တွေ့ကတခြားလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ရှယ်ယာများများထည့်ခွင့်ရဖို့ လျှောက်လွှာတင်တာတောင် အချိန်ဆွဲနေသတဲ့။ ဒါပေမဲ့ သတိထားပြီး အကောင်းမြင်စရာတွေတော့ ရှိနေတယ်လေ။

တရုတ်ကို အခုဆို ဟိုတုန်းကထက် အားလုံးက ဝိုင်းပြီး မျက်စိဒေါက်ထောက်ကြည့်နေကြတာပါ။ အခုလို စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲလာတာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့်လည်း တစ်စိတ်တစ်ဒေသပါဝင်တယ်။ တရုတ်အစိုးရက နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေရဲ့ ထောက်ခံအားပေးမှုကို ပိုပြီးလိုချင်လာတယ်။ ဒီလိုဆိုရင် အမေရိကန်ခေါင်းဆောင်ကို အန်တုနိုင်မယ်ပေါ့။

နိုင်ငံတကာအတွေ့အကြုံရှိတဲ့ အရာရှိကြီးတွေကလည်း တရုတ်နိုင်ငံရဲ့ကောင်းကျိုးအတွက် ပြိုင်ဆိုင်မှုပိုပြီးအားကောင်းတာကို မြင်ချင်ကြတယ်။ စီးပွားရေးတိုးတက်မှုနှေးကွေးလာတော့ ထုတ်လုပ်မှုစွမ်းအား ပိုပြီးမြင့်မားလိုချင်တယ်။ အရင်းအနှီးခွဲဝေရာမှာ ပိုပြီးကောင်းလာစေချင်တယ်။ တစ်လောကပဲ အစိုးရက ဒေဝါလီခံလိုက်ရတဲ့ ဒေသဘဏ်တစ်ခုရယူခဲ့တာကိုကြည့်ရင် နိုင်ငံ့စီးပွားရေးမှာ အားနည်းချက်ရှိနေတာတွေကို ပြသတယ်။

တကယ်တော့ တရုတ်ဘဏ်ကြီးတွေနဲ့စာရင် နိုင်ငံခြားဘဏ်တွေက သေးသေးလေးတွေပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ သူတို့ရဲ့ပိုင်ဆိုင်မှုက ၄၀ ရာခိုင်နှုန်းလောက် တိုးလာပြီး ဒေါ်လာ ၆၅၀ ဘီလီယံအထိ ရှိလာတယ်။ အဲဒီပမာဏဟာ ဂျပန်နိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံကျော်လောက်ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကိုလည်း ပြောင်းလဲစပြုနေပြီ။ နိုင်ငံခြားဘဏ်တချို့ဟာ အစုရှယ်ယာအများစုပိုင်ဆိုင်တဲ့ ဘဏ်တွေတည်ထောင်စပြုလာကြလို့ သိသိသာသာ ပြောင်းလဲမှုတွေ လုပ်နေကြပြီလို့ဆိုတယ်။ တခြားရင်းနှီးမြှုပ်နှံသူတွေလည်း တရုတ်ဈေးကွက်ထဲကို ဝင်ရောက်စပြုလာကြပြီ။ ၂၀၁၈ လောက်ကတည်းက တရုတ်နိုင်ငံက ရှယ်ယာ ၇၅ ဘီလီယံဒေါ်လာဖိုး ဝယ်ခဲ့ကြ တယ်။ တခြားထွန်းသစ်စနိုင်ငံတွေထဲကနေ ၈၅ ဘီလီယံ ဆွဲထုတ်သွားကြတယ်။ တရုတ်နိုင်ငံမှာ ငွေချေးစာချုပ်တွေကို နိုင်ငံခြားသားဝယ်ယူတာ နှစ်ဆတိုးလာပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ၂၆၅ ဘီလီယံဖြစ်လာတယ်။ လာမယ့်ဆယ်နှစ်အတွင်း ငါးဆလောက်တက်လာမယ်လို့ လေ့လာသူတွေက ဆိုကြတယ်။

တရုတ်နိုင်ငံက ပြည်ပမှာ ယွမ်နဲ့လုပ်တဲ့ ရှယ်ယာအရောင်းအဝယ်စာရင်းဟာ MSCI လို့ခေါ်တဲ့ လူသိများတဲ့ ထွန်းသစ်စ ဈေးကွက်အညွှန်းကိန်းထဲကို ဝင်ရောက်လာခဲ့တယ်။ တရုတ်ငွေချေးစာချုပ်တွေရဲ့ ဈေးကွက်ကို ဘလွန်ဘာ့ဂ်မှာလည်း အခုတွေ့ရပြီ။ သံသယတချို့ရှိနေသေးပေမယ့် ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်ဈေးကွက်ကို အပြင်ကနေ လှမ်းကြည့်နေနိုင်ကြပြီ။

တရုတ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင်လည်း အသည်းအသန် ကြိုးစားနေတာပါ။ အရင်တုန်းက စတော့ရှယ်ယာတွေ ငွေချေးစာချုပ်တွေဝယ်ချင်ရင် လုပ်ငန်းကြီးတွေရဲ့ ခွဲတမ်းထဲက ယူရတယ်။ အခုတော့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ စာရင်းဖွင့်ရင်ရတယ်။ တခြားထွန်းသစ်စနိုင်ငံတွေနဲ့ယှဉ်ရင် တရုတ်ဟာ ထူးထူးခြားခြား ခက်ခဲနေတာမျိုးတော့ မဟုတ်ဘူး။

လောလောဆယ် တရုတ်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျွမ်းကျင်မှုထက် လုပ်ငန်းအရွယ်အစားကြီးရင် တစ်ပန်းသာတယ်လို့ဆိုတယ်။ အရင်းအနှီးတွေ အခြေခံအဆောက်အဦတွေ အင်အားကောင်းမှသာ တရုတ်က ရှိပြီးသားလုပ်ငန်းကြီးတွေနဲ့ ပခုံးချင်းယှဉ်နိုင်မယ်။ တရုတ်စိုက်ပျိုးရေးဘဏ်က ဘဏ်ခွဲ နှစ်သောင်းကျော်၊ တရုတ်အာမခံလုပ်ငန်းတစ်ခုက အရောင်းကိုယ်စားလှယ် နှစ်သန်းနီးပါးရှိတာတွေနဲ့ ယှဉ်ရမယ်လေ။ ဒါပေမဲ့ ချမ်းသာတဲ့သူတွေအတွက်လုပ်တာမျိုး၊ နယ်စပ်ဖြတ်ကျော်ပေးချေတာလိုမျိုး နယ်ပယ်အသစ်တွေ အများကြီးရှိနေသေးတယ်။

တချို့အမေရိကန်တွေကတော့ တရုတ်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်လိုဘူး။ တရုတ်ကို ဖယ်ထားကြဉ်ထားချင်ကြတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ မဆက်ဆံချင်ကြဘူးတဲ့။ တချို့လုပ်ငန်းတွေက ဝန်ထမ်းလျှော့ချကြတယ်။

စိုးရိမ်စရာက တရုတ်ဘက်ကရင်းနှီးမြှုပ်နှံဖို့ အတားအဆီးတွေဖယ်နေချိန်မှာ အမေရိကန်က အတားအဆီးသစ်တွေနဲ့ အစားထိုးမှာကိုပါ။

 

ညွှန်း – The Economist
၁၀.၀၉.၂၀၁၉

ခင်မောင်ညို (ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *