“တချို့တွေက စိတ်ရောဂါဖြစ်လို့၊ တချို့တွေကစိတ်မကျန်းမာလို့၊ တချို့တွေကျတော့ဖိအားပေါ့”

ဓာတ်ပုံ-မေသက်ဇင်

မိမိကိုယ်ကိုယ်အဆုံးစီရင်သူများနှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဦးနှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

The Voice Journal – ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရတဲ့ အကြောင်းရင်းတွေကဘာကြောင့်ပါလဲ ဆရာ။

Dr.TO – ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရတဲ့အကြောင်းရင်းကိုပြောရင်တော့ စိတ်ရောဂါလည်းပါမယ်။ လူမှုရေးအခက်အခဲတွေလည်းပါမယ်။ မူးယစ်ဆေးတွေ၊ အရက်တွေလည်းပါမယ်။ အမျိုးစုံပေါ့။ အများအားဖြင့်တော့ သူတို့ကိုပြောကြတာတော့  အစိတ်အပိုင်းအားလုံးကစိတ်မကျန်းမာတာနဲ့ ဆက်စပ်တာပေါ့။ စိတ်ရောဂါမဟုတ်ဘူး။ စိတ်မကျန်းမာတာလို့ပြောလို့ရတယ်။ အဲဒါကိုသပ်သပ်ထပ်ခွဲရင် တော့ သုံးပုံတစ်ပုံလောက်ကတော့စိတ်ရောဂါရှိကိုရှိတယ်ပေါ့။ ကျန်တဲ့အကြောင်းကတော့ စိတ်မကျန်းမာတာနဲ့ သက်ဆိုင်တယ်။ စိတ်မကျန်းမာတာနဲ့ စိတ်ရောဂါနဲ့မတူဘူးလေ။ တချို့အကြောင်းတွေကျတော့လည်း စိတ်မကျန်းမာတာထက် သူ့ရဲ့ပင်ကိုယ်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တယ်။ သူ့ရဲ့ဖိစီးမှုကိုတုံ့ပြန်မှုနဲ့ဆိုင်တယ်။ ပြီးတော့ပတ်ဝန်းကျင်ဖိအားတွေနဲ့ဆိုင်တယ်။ ပြန်ချုံ့ပြောရရင်တချို့တွေက  စိတ်ရောဂါဖြစ်လို့၊ တချို့တွေက စိတ်မကျန်းမာလို့၊ တချို့တွေကျတော့ဖိအားပေါ့။ ဘ၀အခက်အခဲတွေ၊ ပတ်ဝန်းကျင်ဖိအားတွေကို မတွန်းလှန်နိုင်ဘူး။ ဒါမှမဟုတ်ရင် သူတွန်းလှန်တဲ့နည်းစနစ်ကမှားသွားတာ။ Suicied လို့ပြောလိုက်ရင်တော့ သူ့ရဲ့ယဉ်ကျေးမှုဓလေ့နဲ့ဆိုင်မယ်။ အယူအဆနဲ့ဆိုင်မယ်။ ပတ်ဝန်းကျင်ဖိစီးမှုနဲ့ဆိုင်တယ်။ စီးပွားရေးနဲ့ ဆိုင်တယ်။ ရောဂါတွေနဲ့ဆိုင်တယ်။ တစ်ခုခုကြောင့်သတ်သေကြတာပေါ့။

The Voice Journal – ကိုယ်ရည်ကိုယ်သွေးနဲ့ Suicide ကဘယ်လိုဆက်စပ်နေပါသလဲ။

Dr.TO – ကိုယ်ရည်ကိုယ်သွေးဆိုတာက သူ့ရဲ့  Personality မှာ အဖြစ်အပျက်တစ်ခုဖြစ်လာမယ်။ Suicide ကတော့ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေတာလည်းတော်တော်များတာကိုး။ ဖိစီးမှုတစ်ခုရှိမယ်၊ အခက်အခဲတစ်ခု ရှိမယ်၊ ဒါမှမဟုတ်ရင် အကြောင်းအရာတစ်ခုရှိမယ်။ အဲဒီမှာ အဲဒါကို တုံ့ပြန်တဲ့ပုံမတူကြဘူး။ အဲဒီတော့ တုံ့ပြန်တဲ့ဟာကိုကိုယ်ရည်ကိုယ်သွေးရဲ့ အပိုင်းအစလေးတစ်ခုလို့ပြောတာပေါ့။  တချို့ဆိုရင်ဒီကိစ္စပဲ ဒေါသနဲ့တုံ့ပြန်တယ်။ တချို့ကအေးအေးဆေးဆေးတုံ့ပြန်တယ်။ တချို့ရှောင်ထွက်သွားတယ်။ တချို့က ရင်ဆိုင်ဖြေရှင်းတယ်။ မျိုးစုံပဲလေ။  အဲဒီဟာနဲ့လည်းဆိုင်တာပေါ့။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့လည်း ဆိုင်တာပေါ့။

The Voice Journal – ဘယ်လိုလက္ခဏာတွေ ရှိတတ်ပါသလဲ။

Dr.To – Suicide တွေရဲ့တော်တော်များများကစိတ်ဓာတ်ကျတယ်။ ဆေးကုသမှုကောင်းကောင်းမရှိဘူး။ ဆေးကုရမှန်းလည်းမသိဘူး။ ဆေးမကုဘူး။ ဆေးမကုတဲ့အပြင်ဒီစိတ်ဓာတ်ကျတာကိုသူ့ကို ဖေးမမယ့်သူ၊ ဖွင့်ပြောလို့ရမယ့်သူ၊ ကူညီမယ့်သူလည်းသူရှာမတွေ့ဘူး။ မတွေ့တော့ ဒီစိတ်ဓာတ်ကျရောဂါက  ပိုပိုဆိုးသွားရင်ဘ၀ကို အရှုံးပေးလိုက်တာပေါ့။ အမှန်တော့သူ့ကို ဆေးကုပေးလိုက်မယ်၊ ဒါမှမဟုတ် သူ့ကို ဖေးဖေးမမနဲ့ စကားပြောတာနားထောင်ပေးလိုက်မယ်၊ ကူညီလိုက်မယ်၊ နှစ်သိမ့်ဆွေးနွေးတယ်လို့ ခေါ်တာပေါ့။ အဲဒီလိုမျိုးနားထောင်ပေးလိုက်မယ်ဆိုရင်လည်း သူ့ရဲ့အခက်အခဲကိုဖြေရှင်းသွားနိုင်ရင် ဒီလူကသတ်သေချင်မှ သတ်သေမှာပေါ့။ စိတ်ဓာတ်ကျလာတဲ့အခါကျတော့ လူတွေကစိတ်ကျရောဂါရဲ့ သဘာဝကိုက အတွေးတွေက စိတ်ကျအတွေးခေါ်တာပေါ့။ စိတ်မကျတဲ့အချိန်မှာဒီအတွေးမျိုးသူမတွေးပေမယ့်လည်း စိတ်ကျတဲ့အချိန်ကျရင် ကျတဲ့အတွေးပဲ၊ Negative ချည်းပဲတွေးတယ်။ စိတ်ဓာတ်ကျတဲ့သူကသူ့ဘ၀ကိုသူတွေးလိုက်ရင် အရင်မှာ ပျော်တဲ့အချိန်ရှိမယ်။ ကောင်းတဲ့အချိန်ရှိမယ်။ သို့ပေမယ့် စိတ်ကျရောဂါကြောင့် အဲဒါတွေသူမမှတ်မိဘူး။ ပြန်တွေးလိုက်ရင်လည်း ဟိုးအရင်ကမကောင်းတဲ့အတွေးပဲခေါင်းထဲဝင်လာတယ်။ လောလောဆယ် ဘ၀ကိုလည်းမကောင်းတဲ့အတွေးနဲ့ပဲ မကောင်းဘူးလို့ယူဆတယ်။  နောင်ဖြစ်လာမယ့်ဟာတွေးလိုက်ရင်လည်း မကောင်းဘူး။ သူ့ဘ၀ကြီးက ဘာမှမျှော်လင့်ချက်မရှိတော့ဘူး။  အဲဒါရောဂါကြောင့်ပေါ့။ Sကငခငိန အထိ ဖြစ်သွားစေဖို့  စိတ်ဓာတ်ကျရောဂါကဒီလိုတွေးတာကိုး။ သူ့နေရာမှာတခြားသူပဲ ဒီလိုမျိုးကြုံမယ်။ ဒါပေမဲ့ သူ့မှာစိတ်ကျရောဂါမရှိရင်ဒီလိုမတွေးဘူး။ စောစောကအဲဒီလိုတွေးတော့ ဘ၀ကိုအရှုံးပေးတယ်ပြောပြော၊ ထွက်ပေါက်ရှာတယ်ပြောပြော Suicide လုပ်သွားကြတာ။ သူတို့တွေအတွက် နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးဖို့ လိုတာပေါ့။

The Voice Journal –  ဘယ်လိုအခြေအနေတွေမှာ အဖြစ်များပါသလဲ။

Dr.TO – Suicied လုပ်တာက စိတ်ဓာတ်ကျလို့လုပ်တာများတယ်။ စိတ်ကျရောဂါကိုဆေးမကုရင်ဖြစ်တယ်။ အများအားဖြင့်စိတ်ကျရောဂါကိုမသိဘူး။  ဆေးကုရမှန်းမသိဘူး။ ဆေးမကုဘူး။ ပိုဆိုးလာရင်  Suicide လုပ်တယ်။ အဲဒီလိုပဲစိတ်ဖောက်ပြန်တဲ့သူတွေကလည်း Suicide လုပ်တယ်။ ဒါပေမဲ့မတူဘူးပေါ့။ စိတ်ကျတာက သူ့ဘ၀ကြီးကိုအရှုံးပေးပြီးတော့  ဘ၀ကြီးကမျှော်လင့်ချက်မရှိတော့လို့လုပ်တာ။  တချို့ စိတ်ဖောက်တာကျတော့ မျှော်လင့်ချက်ထက်ကို သူ့ရဲ့အတွေးတွေလွဲသွားတာ။ နားထဲမှာအသံကြားလို့ အဲဒီအသံအတိုင်းလိုက်လုပ်တာ။ ဥပမာဆိုပါစို့ အရက်ဖြတ်တဲ့သူဆိုပြတ်သွားတဲ့အချိန်မှာ  အရက်ငန်းဖမ်းတယ်ခေါ်တာပေါ့။ နားထဲမှာ မင်းကိုသတ်မယ်ဖြတ်မယ်။ ရဲတွေလိုက်နေပြီ၊ မင်းကိုလူတွေ ဝိုင်းလိုက်နေပြီဆိုတာမျိုး အဲဒီလူက အဲဒီအသံတွေတအားကြားလာရရင် ဒီလူတွေတော့သတ်တာမခံတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲသတ်သေမယ်ဆိုပြီးခုန်ချတာတို့၊ သူ့ကိုယ်သူဓားနဲ့ထိုးတာတို့အမျိုးစုံပေါ့။  အဲဒါက စိတ်ဖောက်လို့။ စိတ်ကစဥ့်ကလျားကြောင့် စိတ်ဖောက်တယ်ဆိုလည်း အသံတွေကြားလို့ဖြစ်စေ၊  သူ့ရဲ့ ယုံကြည်ချက်ကိုကစိတ်ဖောက်တဲ့အတွေးရှိလို့ ကိုယ်ကိုယ်ကိုယ်သတ်သေတာပေါ့။ စိတ်ကျရင်လည်း Suicide လုပ်တယ်။ စိတ်ဖောက်ရင်လည်း Suicide လုပ်တယ်။ တချို့ကျတော့လည်းအရက်ပေါ့။ အရက်  သောက်တယ်။ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တယ်။ မူးယစ်ဆေးလည်းအဲဒီလိုပဲ။ ဒါက စိတ်ကျန်းမာရေးပြဿနာတွေကြောင့်လုပ်တာပေါ့။  တချို့ကျတော့လည်း သူ့မှာစိတ်ရောဂါရယ်လို့မရှိဘူး။ သို့ပေမယ့်သူ့မှာ စိတ်မကျန်းမာတာတော့ရှိတာပေါ့။ စောစောကပြောသလို စိတ်ဖိစီးတာရှိမယ်။ မျိုးစုံရှိမယ်။ အဲဒီအချိန်မှာ သူ့ရဲ့အခက်အခဲ ကြီးကြီးမားမားကြုံလာရင် ညှိမယူနိုင်ဘူး။ တလွဲတွေးပြီးတော့  စိတ်လိုက်မာန်ပါလုပ်လိုက်မိတာပေါ့။ အဲဒါကြောင့် Suicide ဖြစ်သွားတာ။ တချို့က သူတို့ရဲ့စိတ်ခံစားချက်ပေါ့။ သေချင်လို့သူ့ဘ၀ကြီးက မထူးတော့ဘူး။ သေသွားရင်ပြီးသွားပြီ။ တချို့ကသေချင်လို့၊ တချို့က  သေချင်တာထက်စာရင် ဒီအခက်အခဲကြီးကနေလွတ်မြောက်ချင်လို့ ခဏလွတ်သွားချင်တာ။ ကိုယ်ကိုယ့်ကိုယ် အဆုံးမစီရင်ဘဲ တချို့ကဒီပတ်ဝန်းကျင်က  လွတ်အောင်ထွက်သွားလိုက်တယ်ပေါ့။ တချို့ထွက်တဲ့နည်းက တစ်မျိုးဖြစ်သွားတာပေါ့။ တချို့ကျတော့လည်း အဲဒီအချိန်မှာ သူလုပ်လိုက်ရင် သူ့မှာမပြောနိုင်မဆိုနိုင်တဲ့ အခက်အခဲကြီးရှိနေတယ်။ အဲဒီအခက်အခဲကြီးကို သူများတွေသိသွားအောင် အကူအညီတောင်းတဲ့ သဘောပေါ့။ ပထမသူ့ဟာသူခံစားနေတာ။ အမှန်ကပြောပြလိုက်ရင်ရတယ်။ နှစ်သိမ့်ဆွေးနွေးရင်ပေါ့။  သူ့မှာ အဲဒီလိုမျိုးမရှိဘူး။ ပြောလို့လည်းခက်တယ်။  ဒီဟာလုပ်လိုက်ရင်တော့သူ့ရဲ့အခက်အခဲသူများတွေ သိသွားမှာပဲဆိုပြီးတော့ လုပ်လိုက်တယ်။ သေသွားတယ်။ သူများကို အကူအညီတောင်းတဲ့ဟာပေါ့။ တချို့က ငါသေမှမင်းသိလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့  တစ်စုံတစ်ယောက်ကိုသိစေချင်တယ်။ သင်ခန်းစာပေးတယ်ပေါ့။ အဲဒီလိုအတွေးတွေနဲ့ပေါ့။ ဒါတွေကကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ကြိုးစားတဲ့သူတွေမသေဘဲ ရောက်လာတဲ့သူတွေကို မေးတာရော၊ စာအုပ်တွေထဲရောရေးတာရော အဲဒီလိုအခြေအနေတွေရှိတာပေါ့။

The Voice Journal – ဘယ်လိုကာကွယ်သင့်ပါသလဲ။

Dr.TO – စိတ်ရောဂါဖြစ်တယ်ဆိုရင် စောစောစီးစီးကု။ ဒါဆိုဒီစိတ်ရောဂါကြောင့် Suicide တွေကျသွားမယ်။ နောက်တစ်ခုက အရက်ပြဿနာကိုလျှော့ချ။ မူးယစ်ဆေးပြဿနာရှိမယ်။ ဒါတွေကိုလျှော့ချ။ ကျန်တဲ့ လူမှုဖိစီးမှု၊ ပတ်ဝန်းကျင်ဖိစီးမှု၊ လူမှုစီးပွာရေး ဒါတွေကနိုင်ငံတိုင်းမှာရှိနေတာပဲ။ အဲဒီလိုလူမျိုးတွေကို တချို့နိုင်ငံတွေမှာ Councelling (နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း) လို့ခေါ်တာပေါ့။  Councelling ဖွံ့ဖြိုးတဲ့နိုင်ငံတွေရှိတယ်။ Hot Line ဆိုတာရှိတယ်။ ဖုန်းဆက်ရတာပေါ့။ အခက်အခဲတစ်ခုရှိနေရင် ပြောပြရမယ့်သူမရှိရင် နောက်ဆုံးအဆုံးစီရင်တဲ့ဆီ ရောက်သွားတာပေါ့။ ပြောလိုက်ရရင်  သက်သာသွားတာရှိမယ်။ အကြံပေးလိုက်တာရှိမယ်။  ဘယ်ကိုတော့သွားပြလိုက်ပါဆိုပြီး အကူအညီပေး  လိုက်ရင်တော့ အခက်အခဲကနေလွတ်ပြီးလျော့ကျသွားနိုင်တယ်။ စင်ကာပူနဲ့ထိုင်းမှာတော့ရှိတယ်။  ဒီမှာတော့ ကြိုးစားနေကြတယ်။ တချို့ Chatting Group တော့ရှိတယ်။ စကားပြောဖော်၊ နားထောင်ဖော်၊ အကြံပေးဖော်ပေါ့။ တစ်ခုခုစိတ်ဖိစီးနေရင် နားထောင်ပေးမယ့်၊ ကူညီပေးမယ့်သူရှိတယ်ပေါ့။  ဒီ Hot Line လိုင်းနဲ့လည်းစိတ်ဖိစီးမှုကိုလျှော့ချနိုင်တယ်။

မေသက်ဇင်

 

 

 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *