ရခိုင်နှင့် ချင်းတွင် အင်တာနက် ပြန်သုံးခွင့်ရရေး အရေးကြီးအဆို ပယ်ချခံရ

ရန်ကုန်၊ ဇူလိုင် ၁၈

ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ကိုးမြို့နယ်တွင် ယာယီဆိုင်းငံ့ ခံထားရသည့် အင်တာနက်ဝန်ဆောင်မှုကို အမြန်ဆုံး ပြန်လည်အသုံးပြုခွင့်ရရှိရေး အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခွင့် မရ ကြောင်း အဆို တင်သွင်းခွင့်တောင်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့် ယင်းအရေးကြီးအဆိုကို တင်သွင်းခွင့်ရရှိရန် ဇူလိုင်လ ၁၇ ရက် နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ပယ်ချ ခံလိုက်ရကြောင်း ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ၎င်းက ပြောဆိုသည်။

ရသေ့တောင်မြို့နယ်သည်လည်း အင်တာနက်ဖြတ်တောက်ခံရရာတွင် ပါဝင်သည့် မြို့နယ်ဖြစ်သည်။

အဆိုမှာ လတ်တလော ဖြစ်ပျက်နေသည့် အဖြစ်အပျက် မဟုတ်သဖြင့် လွှတ်တော်ဥက္ကဋ္ဌက တင်သွင်းခွင့် မပြုခြင်း ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ပြောဆိုကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

“သူတို့က ဘယ်လိုပဲ သတ်မှတ်သတ်မှတ်။ ကျွန်မတို့ကတော့ လတ်တလော ဖြစ်နေတဲ့ကိစ္စလို့ သတ်မှတ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အချိန်အထိ ပြန်မဖွင့်ပေးသေးဘူးလေ။ ပြည်သူတွေရဲ့ အခက်အခဲတွေ ကို ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေက နားလည်သလို၊ မီဒီယာအသိုင်းအဝိုင်းတွေကလည်း အားလုံး သိကြတယ်လေ” ဟု ၎င်းက ဆိုသည်။

နည်းပညာခေတ်တွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ဆို့ပြီး သတင်းအမှောင်ချရန် လုပ်ဆောင်ခြင်းမှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူ မပြုရုံသာမက စစ်ဘေး၊ သဘာဝဘေးဒဏ်များကို ခံစားနေရသည့် ပြည်သူများအတွက် ဆိုးကျိုးများကိုသာ ခံစားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

လက်ရှိဖြစ်ပျက်နေသည့် ပြဿနာများ၊ အခက်အခဲများ၊ အကူအညီ လိုအပ်ချက်များကို တာဝန်ရှိသူများ၊ အကူအညီပေးနေသူများ၊ သတင်းမီဒီယာများ အချိန်နှင့်တပြေးညီ မသိနိုင်သဖြင့် အကူအညီလိုနေသည့် ပြည်သူများ အလွန်ဒုက္ခရောက်နေကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်တာနက် ယာယီ ဖြတ်တောက်ရသည်ဆိုခြင်းမှာလည်း လုံလောက်သည့် အကြောင်းပြချက်မဟုတ်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ခြောက်လကျော်အကြာတွင် ရခိုင်ပြည်နယ်က တိုက်ပွားဖြစ်ပွားနေသည့် မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို အစိုးရက အင်တာနက် ဖြတ်တောက်လိုက်သည်။

အများပြည်သူ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြေဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *