ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်

ရန်ကုန်၊ ဇူလိုင် ၁၈

တပ်မတော်ကို ဝေဖန်ပုတ်ခတ်သည့် စာသားများ Facebook တွင် ရေးတင်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအမှုကို ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်လိုက်ကြောင်း မြောက်ပိုင်းခရိုင်တရား ရုံးထံမှသိရသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ပုဒ်မ ၆၆ (ဃ) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

“နှစ်ခုရှိလို့ နှစ်ခု နဲ့ စွဲတာ၊ သုံးခုရှိရင်သုံးခုနဲ့စွဲမှာ၊ လေးခုရှိရင် လေးခုနဲ့ စွဲမှာ၊ ကျွန်တော် မကျေနပ်လို့ စွဲတာလို့ သူ (တရားလို) က တရားရုံးထဲမှာ ပြောသွားတယ်” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စွဲချက်တင်အမိန့်ချပြီးနောက် မီဒီယာများကို ပြောဆိုသည်။

ယနေ့ (ဇူလိုင် ၁၈) ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုကို ပြန်လည်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် တပ်မတော် အရာရှိတစ်ဦးကို ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း တရားစွဲဆိုခံရသူအတွက် အမှုကို လိုက်ပါဆောင်ရွက်ပေးနေ သည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

စွပ်စွဲခံထားရသူဘက်က သက်သေ နှစ်ဦးတင်ပြထားကြောင်း ၎င်းက ဆိုသည်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးသည် ကျန်းမာရေးမကောင်း၍ အာမခံလျှောက်ထားသော်လည်း တရားရုံးက နှစ်ကြိမ်တိုင်တိုင် အာမခံ ကို ပယ်ချခဲ့သည်။ ၎င်းသည် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်ကားများကို ထုတ်လုပ်နေသည့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကို တည်ထောင်ထားသူလည်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *