ပုသိမ်တွင် အာဇာနည်နေ့အခမ်းအနားအတွက် တိုင်းအစိုးရ ကျပ်သိန်း ၈၀ သုံးစွဲ

ဓာတ်ပုံ-ZawG

ပုသိမ်၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ကျင်းပသည့် ၇၂နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ကျပ်သိန်း ၈၀ ကျခံသုံးစွဲကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“တိုင်းပြည်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီး နောင်လာနောက်သားတွေလည်း မှတ်သားလိုက်နာဆောင် ရွက်နိုင်ဖို့ရည်ရွယ်ပြီး ဒီအခမ်းအနားတွေ ကျင်းပပေးရခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး အာဇာနည်နေ့ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

အာဇာနည်နေ့ကို နှစ်စဉ်တက်ရောက်ဖြစ်ပြီး အာဇာနည်နေ့အကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်း နားလည်လာရန်၊ လိုက်နာကျင့်သုံးနိုင်ရန် သားသမီးများကိုပါ ခေါ်လာရခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံ ကိုအောင်သာက ပြောဆိုသည်။

ပုသိမ်မြို့တွင် ၇၂နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများတွင် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ ပြိုင်ပွဲများ ကျင်းပပြီး ဆုချီးမြှင့်ခြင်း၊ အာဇာနည်နေ့ပြခန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းခြင်းတို့ကို မြို့တော်ခန်းမတွင် ကျင်းပသည်။

ထို့ပြင် အာဇာနည်နေ့ လွမ်းသူ့ပန်းခွေချ အခမ်းအနားကို နံနက် ၈ နာရီနှင့် ၁၀နာရီ ၃၇ မိနစ်တို့တွင် ကန်သာယာအာဇာနည်ကျောက်တိုင်၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုသိမ်မြို့နှင့် အနီးဝန်းကျင်ဒေသများမှ ပြည်သူ နှစ်ထောင်ကျော် တက်ရောက်သည်။

ZawG

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *