ပုဂံက အရှိန်မြှင့်မည့် မြန်မာ့ခရီးသွားအင်ဂျင်

ဓာတ်ပုံ - မိုးကျော်လွင်

ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ဖမ်းနိုင်မည့် အခွင့်အရေးကား မြန်မာတို့လက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။

ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့  (UNESCO) က မြန်မာတို့နှလုံးသည်းပွတ်ထဲမှ ပုဂံကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်လိုက်ခြင်းသည် ပုဂံ၏ ကြီးကျယ်ခမ်းနားမှုကို ကမ္ဘာသိ မှတ်ကျောက်တင်နိုင်ရုံသာမက မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးကို အားသစ်လောင်းပေးလိုက်သည်။

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နိုင်ငံတကာခရီးသွားများစိတ်ဝင်စားမှု ကျဆင်းနေသည့် မြန်မာ့ခရီးသွားကဏ္ဍကို ဗီဇာဖြေလျှော့မှုအပါအဝင် ကုထုံးအမျိုးမျိုးဖြင့် ကုသနေရချိန်တွင် ပုဂံကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးနေရာအဖြစ် သတ်မှတ်လိုက်ခြင်းသည် မြန်မာ့ခရီးသွားကဏ္ဍအတွက် တန်ဖိုးကြီးလက်ဆောင်ပင် ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ် ပုဂံသည် မြန်မာ့ခရီးသွားကဏ္ဍကို မည်သို့မြှင့်တင်နိုင်မည်နည်း။

စင်စစ်အားဖြင့် ပုဂံသည် ပြည်တွင်း၊ ပြည်ပခရီးသွားများကြား ကျော်ကြားပြီးသား ရှေးဟောင်းအမွေအနှစ်ခရီးစဉ် ဖြစ်သည်။ အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအထိ မြန်မာ့သမိုင်းတွင် ပထမဆုံးဘုရင့်နိုင်ငံတော်အဖြစ် ထင်ရှားသည့် ပုဂံဒေသသည် ရှေးဟောင်းဘုရားစေတီပုထိုးများစွာရှိပြီး မြန်မာ့ယဉ်ကျေးမှု၏ ဘူမိနက်သန်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများသည် ပုဂံသို့ မဖြစ်မနေသွားကြသည်။

လက်ရှိတွင်မူ ပုဂံသည် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရာနေရာအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် နိုင်ငံတကာ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံကို မသိသေးသော နိုင်ငံတကာမှ ခရီးသွားများသည်ပင် ကမ္ဘာ့အမွေအနှစ်စာရင်းကို ကြည့်ရှုရင်း မြန်မာနိုင်ငံကို စူးစမ်းလေ့လာရန် လာရောက်မည့် အခွင့်အလမ်း ပိုများလာမည်ဖြစ်သည်။

“ခရီးသွားလုပ်ငန်းဆိုတာက ဆွဲဆောင်မှုရှိတဲ့နေရာက Attraction က အရေးကြီးတာကို။ World Heritage (ကမ္ဘာ့အမွေအနှစ်) ဆိုတာလည်း Attraction ပဲလေ။ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့အမွေအနှစ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတဲ့ စိတ်ဝင်စားမှုက လူတွေသိလာမယ်။ လူသိလာပြီးမှ သွားချင်တဲ့ စိတ်တွေ ဖြစ်လာပြီးမှ ကျွန်တော်တို့ဆီကို ရောက်လာကြမှာပေါ့ဗျာ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောသည်။

UNESCO အဖွဲ့သည် ၁၉၇၈ ခုနှစ်မှစတင်ပြီး ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရန်နေရာများကို ပထမဦးဆုံးအကြိမ် သတ်မှတ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံပေါင်း ၁၆၇ ခုတွင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၁၁၂၁ ခုအထိရှိလာပြီး မြန်မာနိုင်ငံမှ ပျူနှင့် ပုဂံ နေရာနှစ်ခုပါဝင်သည်။

ပျူမြို့ဟောင်းသုံးခုဖြစ်သည့် သရေ ခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းတို့ကို ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်အဖြစ် ပထမဆုံးသတ်မှတ်နိုင်ခဲ့သည်။ ပုဂံကို ၂၀၁၉ ခုနှစ် အဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပသည့် UNESCO ၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ထိန်းသိမ်းစောင့်ရှောက်ရမည့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ပုဂံနှင့်အတူ အခြားနိုင်ငံများမှ နေရာ ၂၈ ခုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့သည်။

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ၁၉၉၅ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ် ကြာမြင့်သည့် ယနေ့ကာလတွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရာတွင် ပုဂံမှ တန်ခိုးကြီးဘုရားများအပါအဝင် ဘုရား၊ ဂူ၊ ပုထိုးနှင့် အဆောက်အအုံစုစုပေါင်း ၃၈၂၂ ခုခန့် ပါဝင်သည်။

ယင်းသို့ သတ်မှတ်လိုက်ခြင်းကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရာတွင် စနစ်ကျလာပြီး UNESCO နှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများထံမှ နည်းပညာနှင့် ငွေကြေးအကူအညီများပိုမိုရရှိနိုင်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက မှတ်ချက်ပြုကြသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလျှင် နိုင်ငံတကာအကူအညီများပိုမိုရရှိလာနိုင်သည်။

ခရီးသွားလုပ်ငန်းအတွက် ချက်ချင်းလက်ငင်းအကျိုးထူးသည်မှာ ငွေကြေးအကုန်အကျခံကြော်ငြာရန်မလိုဘဲ ပုဂံကို လူသိများသွားခြင်းပင်ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းသစ်ကို နိုင်ငံတကာ သတင်းမီဒီယာအသီးသီးတွင် ရေးသားဖော်ပြကြသဖြင့် အဆိုပါသတင်းဖတ်ရှုမိသူတိုင်း မြန်မာနိုင်ငံမှ ပုဂံအကြောင်းကို သိရှိမည်ဖြစ်သည်။ ခရီးသွားဘလော့ဂ်များ၊ လူမှုကွန်ရက်များတွင် ပုဂံသတင်းဖော်ပြမှုကို ပိုမိုအာရုံစိုက်လာမည်ဖြစ်သည်။

UNESCO ၏ အသိအမှတ်ပြုမှုကြောင့် နိုင်ငံတကာခရီးသွားများဝင်ရောက်မှုလည်း တိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောသည်။

“ပုဂံမှာက နဂိုကတည်းက ခရီးသွားတွေ စိတ်ဝင်စားပြီးသား။ တစ်ဆင့် စကား တစ်ဆင့်နားနဲ့ ကြားပြီးသား။ ဆိုရှယ်မီဒီယာတွေမှာလည်း ရှာလို့ရတယ်။ အင်တာနက်မှာလည်း ရှာလို့ရတယ်။ ပုဂံရဲ့ကောင်းသတင်းတွေ။ အခုဟာက ကမ္ဘာ့အမွေအနှစ်အဖြစ်နဲ့သတ်မှတ်ခံရတော့ ပိုပြီးတော့တက်လာဖို့ပဲရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အထူးသဖြင့် တာဝန်သိခရီးသွားဧည့်သည်များ၏ အာရုံစိုက်မှုရနိုင်သည်။ တာဝန်သိခရီးသွားဆိုသည်မှာ သွားရောက်လည်ပတ်သည့်ခရီးစဉ်များရှိ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေးတို့ကို အကျိုးဖြစ်ထွန်းစေပြီး ရှေးဟောင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် တာဝန်သိသောသူများ ဖြစ်သည်။

တာဝန်သိကမ္ဘာ့လှည့်ခရီးသွားများ သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားကြသည်။ ခရီးသွားများကြောင့် အမွေအနှစ်များ ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သည်။ ထို့ကြောင့် မည်မျှလှပသည်ဖြစ်စေ အမွေအနှစ်များ ပျက်စီးမည်ကို စိုးရွံ့သဖြင့် အမွေအနှစ်ဒေသသို့ မလည်ပတ်သည့် ခရီးသည်များပင် ရှိကြောင်း ဦးနောင်းနောင်းဟန်က ဆိုသည်။

ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရခြင်းသည် ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ခြင်းကို စနစ်တကျစီမံခန့်ခွဲနိုင်သည်ဟု ခရီးသွားများက ယူဆသဖြင့် စိတ်ချလက်ချလည်ပတ်ကြမည်။ UNESCO ၏ ပုံရိပ်ကြောင့် ပုဂံသို့ တာဝန်သိခရီးသွားများ ပိုမိုတိုးတက်ဝင်လာလိမ့်မည်ဟု ခရီးသွားလုပ်ငန်းရှင်များက ယုံကြည်သည်။

အာဆီယံဒေသတွင်းနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းသည် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီးနောက် ခရီးသွားဝင်ရောက်မှု တစ်ဟုန်ထိုးတိုးလာသည်။ အန်ကောဝပ်ဘုရားကျောင်းသည် ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်သတ်မှတ်ခံရသည်။ ထိုသို့သတ်မှတ်ခံရပြီး ဆယ်နှစ်အကြာတွင် ခရီးသွားဝင်ရောက်မှုသည် ၃၀၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများမှာ ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံထက်များစွာ တိုးတက်နေပြီ ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရင်း ခရီးသွားဧည့်သည်များကို ဆွဲဆောင်ကာ ဝင်ငွေရှာဖွေနိုင်ကြသည်။

ဓာတ်ပုံ – မိုးကျော်လွင်

အရှေ့တောင်အာရှနိုင်ငံများတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ အများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံတွင်ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ ကိုးခု အထိရှိသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာများ၌ ဗီယက်နမ်တွင် ရှစ်နေရာ၊ ဖိလစ်ပိုင်တွင် ခြောက်နေရာ၊ ထိုင်းတွင် ငါးနေရာ၊ မလေးရှားတွင် လေးနေရာ အသီးသီးရှိ ကြပြီး မြန်မာနိုင်ငံ၏အိမ်နီးချင်း လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် သုံးနေရာစီ ရှိကြသည်။

“ကမ္ဘာ့အမွေအနှစ်ဖြစ်သွားတော့ စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ စီမံလိုက်တဲ့အခါမှာ စနစ်တကျဖွံ့ဖြိုးတိုးတက်လာတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ပုဂံထက်ကို ဆယ်ဆမကဘူး တိုးသွားပြီ” ဟု ဦးနောင်းနောင်းဟန်က ပြောကြားသည်။

ပုဂံသည် တစ်နှစ်လျှင် နိုင်ငံတကာခရီးသွားနှစ်သိန်းခွဲမှ သုံးသိန်းခန့် ဝင်ရောက်နေချိန်တွင် ကမ္ဘောဒီးယား အန်ကောဝပ်ကျောင်းတော်သို့ နှစ်စဉ် ခရီးသွားသုံးသန်းနှင့်အထက် ဝင်ရောက်နေကြောင်း ၎င်းက ဆိုသည်။

အန်ကောဝပ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားအရေအတွက်သည် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံတကာခရီးသွားအရေအတွက်နှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ်က ပြည်ပခရီးသွား ၃ ဒသမ ၄၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းဝင်ရောက်ရာ ပုဂံသို့သွားရောက်သည့် ခရီးသွားဦးရေသည် ပျှမ်းမျှအားဖြင့် ၁၀ ရာခိုင်နှုန်းခန့်ပင် ရှိသည်။ ယခုအခါ ပုဂံသို့မလာရောက်ဖြစ်သည့် သုံးသန်းကျော်သော ခရီးသွားများသည်လည်း ပုဂံခရီးစဉ်ကို ပိုမိုသွားရောက်လည်ပတ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာအောင်မြတ်ကျော်က ဆိုသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်ဈေးကွက်တွင် အနောက်ဥရောပ၊ အရှေ့တောင်အာရှနှင့် တရုတ်ဈေးကွက်ဟူ၍ ခွဲခြားနိုင်သည်။ တရုတ်ခရီးသွားများသည် အထက်မြန်မာပြည်မြို့တော် မန္တလေးသို့ ကျောက်စိမ်းအရောင်းအဝယ်ဖြင့် လာရောက်လည်ပတ်ကြပြီး အရှေ့တောင်အာရှနိုင်ငံမှ ခရီးသွားများသည် ရန်ကုန်သို့ လည်ပတ်ကြသည်။

ဥရောပခရီးသွားများမှာ မြန်မာနိုင်ငံသို့လာရောက်ရာတွင် ရက်ရှည်နေထိုင်ပြီး ခရီးစဉ်စုံလင်စွာလည်ပတ်သည်။ ခရီးစဉ်များထဲတွင် ပုဂံသည် မဖြစ်မနေသွားရောက်သော ခရီးစဉ်ဖြစ်ကြောင်း ဦးအောင်မြတ်ကျော်က ဆိုသည်။

ပုဂံသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားသဖြင့် အနာဂတ်တွင် တရုတ်၊ အရှေ့တောင်အာရှခရီးသွားများသည် ပုဂံသို့ သွားရောက်လည်ပတ်မှု များပြားလာနိုင်ကြောင်း ၎င်းကဆိုသည်။

သို့သော် မည်မျှတိုးမည်နည်း။ အန်ကောဝပ်ကဲ့သို့ ပုဂံသို့ ခရီးသွားဝင်ရောက်မှုတိုးမည်လော။

ပုဂံသည် ပူပူနွေးနွေး ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ထားခြင်းဖြစ်သော်လည်း နိုင်ငံတကာခရီးသွားများ၏ ခရီးစဉ် ကြိုတင်စာရင်းပေးသွင်းမှု လက်ရှိတွင် သိသာစွာ မတိုးလာသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ လက်ရှိကာလသည် ခရီးသွားလျော့နည်းရာသီဖြစ်ခြင်းကြောင့် လာရောက်လည်ပတ်သူနည်းနေခြင်းဖြစ်သည်။

နိုင်ငံတကာခရီးသွားဝက်ဘ်ဆိုက်များက ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့သည် မိုးရာသီဖြစ်သဖြင့် မြန်မာနိုင်ငံတွင် လည်ပတ်ရန် မကောင်းကြောင်း ညွှန်းဆိုကြသဖြင့် ခရီးသွားများစိတ်ဝင်စားမှုနည်းခြင်း ဖြစ်သည်။

နိုင်ငံတကာခရီးသွားဝင်ရောက်မှု တိုးရန် ကမ္ဘာ့အမွေအနှစ်ဖြစ်ရုံနှင့် မလုံလောက်ပေ။ ကမ္ဘာ့အမွေအနှစ်သည် ကနဦးအစဖြစ်ပြီး ရှေ့ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းအစီအစဉ်များကျန်သေးသည်။ ဆိုလိုသည်မှာ ပုဂံဒေသကို လက်ရှိရေစီးနှင့်အတူ ခရီးသွားဈေးကွက်အရှိန်အဟုန် မြှင့်တင်ရမည်ဖြစ်သည်။

ဥပမာအားဖြင့် ပျူမြို့ဟောင်း သုံးနေရာကို ကမ္ဘာ့အမွေအနှစ်သတ်မှတ်လိုက်ပြီးနောက် နိုင်ငံတကာခရီးသွားများ သိသိသာသာမတိုးတက်သေးပေ။ လက်ရှိအချိန်တွင် နိုင်ငံတကာခရီးသွား ထောင်ဂဏန်းဝန်းကျင် ဝင်ရောက်ပြီး သောင်းဂဏန်းအထိ မဝင်ရောက်သေးကြောင်း ဦးနောင်းနောင်းဟန်က ပြောကြားသည်။

လူသိနည်းသည့်အပြင် ဈေးကွက်မြှင့်တင်မှုအပိုင်းတွင် အားနည်းခြင်းကြောင့် ခရီးသွားဧည့်သည် တိုးတက်မလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပုဂံကို ဘယ်လိုဈေးကွက်မြှင့်တင်မလဲဆိုတာ ပိုအရေးကြီးတယ်။ အသတ်မှတ်ခံပြီးတော့ အုတ်ရောရော၊ ကျောက်ရောရောနဲ့ ပရိုမိုးရှင်းလုပ်နေမယ်ဆိုရင် နဂိုက သုံးသိန်းဝင်တာကနေ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း တက်လာတာပဲ ရှိမယ်။ သုံးသိန်းကနေ သုံးသန်းဖြစ်ဖို့ မလွယ်သေးပါဘူး” ဟု ဦးနောင်းနောင်းဟန်က ဆိုသည်။

မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများလည်းရှိသည်။  ဆိုလိုသည်မှာ ပုဂံ၊ ညောင်ဦးသို့ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ ယနေ့တိုင် မပြေးဆွဲနိုင်ခြင်းကြောင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ရန် ခက်ခဲသည်။

အန်ကောဝပ်ကျောင်းသို့ နိုင်ငံတကာခရီးသွားများစွာဝင်ရောက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ တိုက်ရိုက် လေကြောင်းလိုင်းများ ပျံသန်းပေးခြင်းကြောင့် ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နေရပြီး ကုန်ကျစရိတ်၊ သွားလာရလွယ်ကူမှု စသည်တို့မှာ ခရီးသွားများ အဓိကစဉ်းစားသည့်အချက်ဖြစ် သည်။ ယခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်ဒေသ ၂၉ ခုသတ်မှတ်ခဲ့ရာ ပုဂံသည် အခြားအမွေအနှစ်ဒေသများထက် ယဉ်ကျေးမှုအရ ပိုမိုခမ်းနားသည့်တိုင် သွားလာရခက်ခဲမည်ဆိုပါက ခရီးသွားများကို မဆွဲဆောင်နိုင်ပေ။

“ဘယ်လောက်ပဲ နာမည်ကြီးကြီး သွားရလာရတာခက်ရင် မလာတော့ဘူး။ သိပ်လာချင်တဲ့သူတွေ၊ ပိုက်ဆံရှိတဲ့ လူတွေ လာမှာပေါ့။ ဒါတောင်မှ အမွေအနှစ်ဒေသတွေကို စိတ်ဝင်စားဦးမှ”ဟု ဦးအောင်မြတ်ကျော်က ဆိုသည်။

နိုင်ငံတကာလေကြောင်းလိုင်းများသည် ပုဂံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲရန် စိတ်ဝင်စားသော်လည်း ညောင်ဦးလေဆိပ်သည် ပြည်တွင်းလေဆိပ်အဆင့်သာရှိသဖြင့် တိုက်ရိုက် မဆင်းသက်နိုင်သေးပေ။

ထို့ကြောင့် ပုဂံသို့လည်ပတ်မည်ဆိုပါက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့မှတစ်ဆင့် သွားလာရမည်ဖြစ်ရာ ငွေကြေး ကုန်ကျမှုပိုများမည်ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်မဖြစ်မီက ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းခဲ့ရပြီး ထို အမွေအနှစ်စာရင်းဝင်ပြီးနောက် ပုဂံကို အကြောင်းပြုပြီး နိုင်ငံတကာ ခရီးသွားတိုးတက်ရေး မျှော်လင့်ချက်အတွက် ပြင်ဆင်ရဦးမည်။

ထို့ပြင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့်အတွက် ပျက်စီးဆုံးရှုံးမှု မရှိရန် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကလည်း ရှိနေသည်။

ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းများက တစ်သီကြီး ဆီးကြိုနေသည်။

ခရီးသွားများအလုံးအရင်းဖြင့် ဝင်ရောက်လာပါက အဆိုပါခရီးသွားများကို စနစ်တကျထိန်းကျောင်းနိုင်မည့် အစီအမံများလည်းလိုကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။

ယင်းသို့အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကို ထိန်းကျောင်းရန် မြန်မာနိုင်ငံအနေနှင့် အတွေ့အကြုံရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောဆိုသည်။ တပ်မတော်အစိုးရလက်ထက်မှ ဦးသိန်းစိန်အစိုးရလက်ထက်သို့ ကူးပြောင်းသည့် ကာလတွင် နိုင်ငံတကာခရီးသွားများအလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

၂၀၀၉၊ ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ခရီးသွားဝင်ရောက်မှုပမာဏ တစ်သန်းမကျော်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ခရီးသွားတစ်သန်းကျော် ဝင်ရောက်ခဲ့သည်။ ထိုအချိန်က ဟိုတယ်ဈေးနှုန်းမြှင့်တက်မှုအခက်အခဲများ ကြုံတွေ့ခဲ့ရပြီး ယင်းကို သင်ခန်းစာယူကာ တာဝန်သိ ခရီးသွားလုပ်ငန်းပေါ်လစီကို ၂၀၁၂ ခုနှစ်ကတည်းက အကောင်ထည်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါမူဝါဒသည် အစိုးရဝန်ထမ်း၊ ခရီးသွားလုပ်ငန်းရှင်၊ ခရီးသွား၊ ဒေသခံများ စသည့် အလွှာလွှာအသီးသီးမှ ပါဝင် ပတ်သက်သူများ လိုက်နာကျင့်သုံးရမည့် အချက်များကို ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မည်သို့ဆိုစေ ပုဂံကို ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး အနှစ်နှစ်အလလ မျှော်မှန်းချက်တို့ အရာထင်ခဲ့ပြီ။ ယင်းသည် ပုဂံကို ကမ္ဘာအမွေအနှစ်သတ်မှတ်နိုင်ရေးသက်သက်မဟုတ်။ ကျဆင်းနေသော ခရီးသွားအင်ဂျင်ကို ပြန်လည်လှုပ်နှိုးမည့် မောင်းနှင်အားဖြစ်ကြောင်း ဦးအောင်အေးဟန်က ယခုကဲ့သို့ ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမောင်းနှင်အားအတွက် ကြီးမားတဲ့ အထောက်အကူတစ်ခုပါပဲ”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *