“ကျွန်တော်နဲ့ အဆင်မပြေဘူးထင်တာတွေ၊ ကျွန်တော်လုပ်ဖို့ ယုံကြည်ချက်မရှိတာတွေ ကျွန်တော် မလုပ်နိုင်ဘူးလို့ ထင်တာတွေဆို လုံးဝငြင်းပစ်တာများတယ်”

ဓာတ်ပုံ - မိုးကျော်လွင်

မကြာခင်ရိုက်ကူးမယ့် ခေါ်သံဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ၊ ဇာတ်ကားလက်ခံမှုပုံစံတွေ၊ ဗီလိန်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တဲ့ အကြောင်းနဲ့ အနုပညာလှုပ်ရှားမှုတွေကို သရုပ်ဆောင် အောင်မြင့်မြတ်ကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice :       ဒီဇာတ်ကားကို ဘယ်လိုကြောင့် လက်ခံဖြစ်တာလဲ။

AMM  :        အဓိကတော့စီနီယာတွေနဲ့ တွဲရိုက်ချင်တာလည်း ပါတယ်။ ပြီးတော့ ဒီဘက်အခြမ်းမှာ အတွေ့အကြုံတွေ လိုချင်တာလည်း ပါတယ်။ ဇာတ်ကလည်း ကျွန်တော့် ကာရိုက်တာနဲ့ အဆင်ပြေမယ်လို့ ထင်တယ်။ ဇာတ်ကားပုံစံက Horror Comedy ကိုမှ ကျွန်တော်က Comedy မပါလောက်အောင် နည်းတယ်။ အဲဒါကြောင့် ရိုက်ဖြစ်သွားတာပါ။

Voice :       ဒီကားထဲမှာ ကိုရဲတိုက်ပါတော့ သူနဲ့အတူတူ တွဲရိုက်ရမယ်ဆိုတော့ ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

AMM  :        ကိုရဲတိုက်က ကျွန်တော် အရမ်းကြိုက်တဲ့ အနုပညာရှင်တွေထဲမှာ ထိပ်ဆုံးက ပါတယ်။ သူနဲ့ရိုက်ရမှာ ရင်ခုန်တယ်။ အခုရုံတင်နေတဲ့ ဒဏ္ဍာရီမိုးဆိုလည်း နှစ်တွေအများကြီး သူ့ကို မတွေ့ရပေမယ့် သရုပ်ဆောင်မှုတွေ ပြန်တွေ့လိုက်ချိန်မှာ အကုန်လုံးက အလွမ်းပြေကြတယ်။ အဲဒီတစ်ခုက သူ့ကို အရမ်းသဘောကျတယ်။ ကျွန်တော်က ဘယ်အနုပညာပဲ ဖြစ်ဖြစ် အနုပညာကို ကြိုက်တယ်။ အဲဒီလိုပဲ အစ်ကိုက ဘယ်လောက်ဆိုးဆိုး ခွင့်လွှတ်ကြတယ်။ သူက အနုပညာစစ်တာကို။ အနုပညာစစ်စစ်ထွက်တဲ့ သူကို ပရိသတ်တွေကလည်း သိတယ်။ အနုပညာကို  အားပေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အနုပညာကို အားပေးတယ်။ အဲဒီလိုပဲအဆိုတော်ဆိုလည်း သူရဲ့သီချင်းကို ကျွန်တော်တို့ နားထောင်တာလေ။ ကျွန်တော်တို့ သူရဲ့ Creation ကို ခံစားတာ။ သူ Personal Life တွေ ဘာတွေ ဖြစ်နေနေ ကျွန်တော်တို့ စိတ်မဝင်စားဘူး။ သိစရာလည်း မလိုဘူး။ သူ ဆိုးချင်ဆိုးမယ်။ မိုက်ချင် မိုက်မယ်။ ဒါပေမဲ့ သူ့ဆီကနေ ထွက်လာတဲ့ အရည်အသွေးတစ်ခုက အရမ်းအားကောင်းနေရင်ပြီးတာပဲလေ။

Voice :       ဥပါယ်တံမျဉ်ပြီးတဲ့ နောက်ပိုင်း ကိုယ့်ဆီကို ဘယ်လိုဇာတ်လမ်းမျိုးတွေ ကမ်းလှမ်းလာတာများလဲ။

AMM  :        အများကြီး ကမ်းလှမ်းကြတာ။ အထူးသဖြင့် ဗီလိန်ဘက် တွေ ပိုများတယ်။ အဲဒါကြောင့် ကျွန်တော် တော်တော်များများ မရိုက်ဖြစ်ဘူး။ ၂၀၁၉ မှာလည်းတော်တော်များများ ကမ်းလှမ်းကြတယ်။ ကျွန်တော် မရိုက်ဖြစ်တာ အများကြီးပဲ။ မရိုက်ဖြစ်တာကလည်း ကျွန်တော်နဲ့ အဆင်မပြေဘူးထင်တာတွေ၊ ကျွန်တော်လုပ်ဖို့ ယုံကြည်ချက် မရှိတာတွေ ကျွန်တော် မလုပ်နိုင်ဘူးလို့ ထင်တာတွေဆို လုံးဝ ငြင်းပစ်တာများတယ်။

Voice :       ဗီလိန်နဲ့ ပရိသတ် အသိအမှတ်ပြုခံရပြီးမှ ဘယ်လိုကြောင့် မရိုက်ချင်တာလဲ။

AMM  :        တစ်ချိန်လုံး ခေါက်ရိုးကျိုးသွားတာမျိုး မလုပ်ချင်ဘူး။ ကျွန်တော်ရိုက်ချင်တဲ့ အချိန်ပေါ်လာရင် ပြန်ရိုက်ဖြစ်မယ်။ ဒီကားဆိုလည်း ကောင်းနေတဲ့ ကာရိုက်တာကြီး မဟုတ်ဘူး။ အဘက်ဘက်ကနေ ယိုယွင်းနေတဲ့ သူတွေ စုနေကြတာ။ အဓိကတော့ ကိုယ့်ကို တန်ဖိုးထားတဲ့ လူတွေ၊ နားလည်တဲ့ သူတွေ သူ့အလိုလို ရောက်လာကြတယ်။ ရောက်လာတဲ့အခါမှ တွဲလုပ်ဖြစ်တယ်။

Voice :       ဇာတ်ကားလက်ခံမှုပုံစံတွေကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်ထားလဲ။

AMM  :        အများကြီးမရှိဘူး။ ကိုယ် ကြိုက်မယ့်ဟာ၊ ကိုယ်နဲ့ အဆင်ပြေမယ့်ဟာတွေပဲ လုပ်ဖြစ်မယ်။ အဓိကရုပ်ရှင်ပဲ ရိုက်ဖြစ်မယ်။ ကြော်ငြာတွေက သိပ်အဆင်မပြေဘူး။ အွန်လိုင်းမှာသူ Product လေးကိုင်ပြီး ဓာတ်ပုံရိုက်ဆို ဘာလုပ်ရမလဲ မသိဘူး။ မိန်ကလေးတွေက ဓာတ်ပုံရိုက်ရတာ လွယ်တယ်လေ။ ယောက်ျားလေးတွေကျတော့ ဓာတ်ပုံရိုက်ဆိုတော့ ဘာလုပ်ပြရမလဲမသိဘူး။ ကိုယ့်နဲ့လည်း မရင်နှီးတဲ့အခါကျတော့ မလုပ်ဖြစ်တော့ဘူး။ ရုပ်ရှင်ဘက်ကို ပိုအားသန်တော့ ပြင်ဆင်မှုအားကောင်းကောင်းနဲ့ လုပ်ပြရတဲ့ဟာမျိုးတွေ ပိုလုပ်ဖြစ်မယ်။

Voice :       လတ်တလောဝေဖန်တဲ့သူတွေအပေါ် ချစ်သူက ပြန်ရှင်းနေတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။

AMM  :        သူ့ကိုလည်း ပြောထားပါ တယ်။ ခဏခဏကြီးပြောနေတော့လည်း စိတ်အချဉ်ပေါက်တဲ့ အချိန်နဲ့ ကြုံတော့ အဲဒီလိုဖြစ်သွားတာပါ။ အခုတော့ သူတင်ထားတဲ့ စာကို ပြန်ဖျက်လိုက်ပါပြီ။ ကျွန်တော့်ကိုလည်း ဝေဖန်တာတွေ ရှိတာပဲ။ ကျွန်တော်ကတော့ ခေါင်းထဲမှာ အကုန်  Block လုပ်ထားလိုက်တယ်။ ကိုယ် မတွေ့ချင်တာတွေဆို မကြည့်တော့ဘူး။ မမြင်ချင်တာတွေရှိရင် ကျော်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဘက်ကြီးကို ရောက်သွားရင်အချိန်တွေက အဲဒီဘက်ကို ပါသွားရော။ ကိုယ်လုပ်ရမယ့်ဟာတွေ မလုပ်နိုင်တောဘူး။ တစ်ချိန်လုံး စိတ်ဖိစီးနေတယ်။ နေရတာလည်း အဆင်မပြေဘူး။ အဲဒီအတွက် သူတို့ကို Attention မပေးတော့ဘူး။ အနုပညာရှင်ဖြစ်လာတဲ့အတွက် ကြိုက်တဲ့ သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမယ်။ ချစ်တဲ့သူလည်း ရှိမယ်။ ကိုယ့်ဘေးမှာ ရှိတဲ့သူတွေကို အဖျားခတ်မှာပဲလေ။ အဲဒီတော့ ကိုယ့်ကို မုန်းတဲ့ သူနှစ်ယောက် တွေ့တဲ့ အချိန်မှာ ကိုယ့်နောက်မှာ ကိုယ့်ကို ချစ်တဲ့သူတွေက အယောက် ၂၀၀ ရှိတယ်။ အဲဒီအယောက် ၂၀၀ ကြီးကိုပါ ဒီက စိတ်ညစ်တဲ့ အရာတွေ မကူးစက်သွားစေချင်ဘူး။ သူတို့ဆီက အပျော်တွေနဲ့ပဲ သွားနေလိုက်တော့မှာပေါ့။ အဲဒီလိုလေး တွေးပါတယ်။

Voice :       ချစ်သူသက်တမ်းက ကြာပြီဆိုတော့ အဓိက ဘယ်လိုမျိုးညှိနှိုင်းယူကြလဲ။

AMM  :        နှစ်ယောက်က နားလည်မှုနဲ့ပဲ သွားပါတယ်။ အဓိကနှစ်ယောက်က ဖုံးထားတာတွေ ဘာမှ မရှိဘူး။ ကျွန်တော် အလုပ်တွေဆို သူပါမှ ရတာလေ။ ဘယ်နေ့ ရိုက်မယ်၊ ဘာတွေလုပ်ဖို့ရှိလဲဆိုတာ သူပဲ အကုန်လုံးမှတ်ထားပေးတာပါ။ ကျွန်တော့်ကို အများကြီး Support ပေးပါတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *