မျက်စိကျန်းမာဖို့အတွက် အစားအစာငါးမျိုး

မျက်စိအမြင်အာရုံဟာ ခန္ဓာကိုယ်အစိတ်အပိုင်းထဲက အရေးကြီးတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ဖုန်းအသုံးပြုရင်း မျက်စိကိုအလုပ်ပေးချိန်ပိုများပြားတဲ့ ယနေ့ခေတ်မှာနေ့စဉ်စားသုံးတဲ့အစားအစာတွေကနေ မျက်စိကို ကျန်းမာစေဖို့အတွက်အထောက်အကူဖြစ်စေနိုင်မယ့် အစားအစာတွေကိုရွေးချယ်စားသုံးပေးဖို့လိုပါတယ်။ ဒါကြောင့်မျက်စိကျန်းမာရေးအတွက်စားသုံးသင့်တဲ့ အစားအစာငါးမျိုးကိုဖော်ပြလိုက်ပါတယ်။

ကိုက်လန်ရွက်

အစိမ်းရောင်ရှိတဲ့ဒီအရွက်တွေက ဗီတာမင် A နဲ့ ဆက်စပ်တဲ့ Lutein နဲ့ Zeaxanthin ကြွယ်ဝတဲ့အတွက် နေရောင်ခြည်ကြောင့် ပျက်စီးနိုင်တဲ့မျက်စိရဲ့ တစ်ရှူးတွေကိုကာကွယ်ပေးပြီး မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အစိမ်းရောင်ရင့်ရင့်ရှိပြီး အာဟာရဓာတ်တွေများစွာပါဝင်တဲ့ အခြားသောအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ဘရိုကိုလီ၊ ကီဝီနဲ့  အနီရောင်စပျစ်သီး၊ လိမ္မော်သီး၊ ပြောင်းဖူး၊ သရက်သီးနဲ့ သခွားမွှေးသီးတွေကလည်း စားသုံးသင့်တဲ့အသီးအရွက်တွေပါပဲ။ ဒီအသီးအရွက်တွေ စားသုံးပေးမယ်ဆိုရင် သင့်ရဲ့မျက်စိကအလင်းရောင်တွေကိုကြည့်မိတဲ့အခါမှာလည်း ခံနိုင်ရည်ရှိနေမှာပါ။

အာလူး

အာလူးကလည်း Beta Carotene ဓာတ်ပါဝင်ပြီး ဒီဓာတ်ကိုခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ် ပြောင်းလဲပေးလိုက်တဲ့အတွက် မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုနှေးကွေးစေပါတယ်။ မျက်စိခြောက်သွေ့ခြင်းနဲ့  ညအမှောင်မှာမျက်စိအမြင်အားနည်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။  မျက်စိထဲကို ရောဂါပိုးဝင်ရောက်မှုအတွက်လည်း ဒီဓာတ်တွေကလျှော့ချပေးနိုင်ပါတယ်။ အသည်း၊ နို့နဲ့ ဥတွေကလည်း ဗီတာမင် A ကြွယ်ဝတာကြောင့်စားသုံးသင့်ပါတယ်။

စတော်ဘယ်ရီ

လတ်ဆတ်ခြင်းနဲ့အရည်ရွှမ်းတဲ့ စတော်ဘယ်ရီသီးတွေကဗီတာမင် C ပါဝင်တဲ့အတွက် မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။Antioxidant  ပါဝင်တဲ့အတွက် မျက်စိအတွင်းတိမ်အန္တရာယ်ကို လျှော့ချရာမှာကူညီပေးပါတယ်။ စတော်ဘယ်ရီကဲ့သို့ ဗီတာမင် C ပါဝင်တဲ့ အသီးအနှံတွေဖြစ်တဲ့ ငရုတ်ကောင်း၊ ဘရိုကိုလီ၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုကဲ့သို့ အသီးများနဲ့ သခွားမွှေး သီးများကိုလည်း စားသုံးပေးနိုင်ပါတယ်။

ဆော်လမွန်ငါး

မျက်စိခြောက်သွေ့ခြင်းတွေ ဖြစ်နေပြီဆိုရင်တော့ Omega-3 fatty ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါး စားသုံးပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။ ကျန်းမာရေးအတွက် လိုအပ်တဲ့အဆီအချို့ကိုနေ့စဉ်စားသုံးပေးသင့်ပြီး ဆော်လမွန်ငါး ဒါမှမဟုတ် ဒီလိုအဆီဓာတ်ပါဝင်တဲ့ငါးအမျိုးအစားကို  တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် စားသုံးပေးသင့်ပါတယ်။ ဗီတာမင် D ရရှိဖို့အတွက်ဆိုရင်တော့ ဆော်လမွန်ငါးကအကောင်းဆုံးပါပဲ။ သူကလည်း မျက်စိအတွင်းတိမ်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆော်လမွန်ငါးမျိုးအပြင် ဆာဒင်းငါး၊ ငါးသလောက်၊ နို့နဲ့ လိမ္မော်သီးဖျော်ရည်တို့ကလည်း ဗီတာမင် D ပါဝင်လို့မျက်စိကျန်းမာရေးအတွက် ရွေးချယ်စားသုံးသင့်တဲ့  အစားအစာတွေပါပဲ။

လက်ဖက်စိမ်း

လက်ဖက်စိမ်းခတ်ထားတဲ့ရေနွေးတစ်ခွက်ဟာ စိတ်ဖိစီးမှုတွေကိုလျှော့ကျပြီးအရသာရှိစေပါတယ်။ လက်ဖက်စိမ်းမှာပါဝင်တဲ့ Antioxidants ဟာ မျက်စိအတွင်းတိမ်ကိုလျော့ကျစေပါတယ်။ လက်ဖက်ကဲ့သို့ မျက်စိကိုကျန်းမာစေတဲ့ ဓာတ်တွေပါဝင်တဲ့ ချောကလက်၊ ဘယ်ရီသီးတွေနဲ့ ပန်းသီးကိုလည်း စာသုံးပေးသင့်ပါတယ်။

 

Reference: https://www.eatright.org

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *