ကျောက်အုတ်တို့ ပြိုလေရာ (၂) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

အခန်း (၁)
နောက်ခံကား (၁)
ဗြိတိသျှတို့မသိမ်းပိုက်မီ မြန်မာ့ပညာရေး

ဗြိတိသျှတို့မသိမ်းပိုက်မီ မြန်မာနိုင်ငံ၏ ပညာရေးကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများက လုံးဝနီးပါးတာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဘုန်းတော်ကြီးကျောင်းများကို အထောက်အကူပေးသော တစ်ခုတည်းသော ပညာရေးဌာနမှာ လူကျောင်း ခေါ် အိမ်ကျောင်းများဖြစ်သည်။ ထို့ထက် ဗြိတိသျှတို့မသိမ်းပိုက်မီ ၁၈ ရာစု ခေတ်ဦးလောက်ကပင် ခရစ်ယာန်မစ်ရှင်ကျောင်းများလည်း ရှိသလောက် ရှိနေပြီဖြစ်ပါသည်။

(က) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ
(သာသနာမှုပညာရေး)

မြန်မာ့သမိုင်းစဉ်တွင် ဗုဒ္ဓဘာသာ၏ ဂိုဏ်းကြီးများဖြစ်သည့် မဟာယနနှင့် ထေရဝါဒဂိုဏ်းတို့ ယှဉ်တွဲထွန်းကားသော သရေခေတ္တရာခေတ်မှသည် ပဒေသရာဇ်ခေတ်နှောင်း ကုန်းဘောင်ခေတ်အလယ်ပိုင်းလောက်ထိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကသာ အမျိုးသားပညာရေးကို အဓိကတာဝန်ယူခဲ့ကြသည်။ ထိုကာလများအတွင်း သံသရာမှလွတ်မြောက်ရေးသက်သက်ကိုသာ ကျင့်သုံးတော်မူကြသော အရညဝါသီ ရဟန်းတော်များ (မင်းကျောင်း) နှင့် လောကီ ရေးရာတွင် ပါဝင်ရောက်ဆောင်ရွက်နေကြသော ဂါမဝါသီရဟန်းတော်များ (ပွဲကျောင်း) ဟူ၍ ရှိခဲ့သည်။ အဆိုပါပွဲကျောင်းများသည် လောကီရေးနှင့် စပ်ဆိုင်သမျှ အတတ်ပညာများ၊ အသက်မွေးဝမ်းမှုပညာများသာမက စစ်ရေးအတတ်ပညာကိုပါ သင်ကြားပေးခဲ့သည်။ (ဦးတင်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း – ၁၉၃၃)

မင်းကျောင်းများကမူ ပိဋကတ်သုံးပုံကိုသာ အဓိကသင်ကြားပေးခဲ့သည်။ ဝိနည်းပိဋကတ်မှာ ရဟန်းတော်များနှင့်သာ အဓိကသက်ဆိုင်သည်ဖြစ်ရာ လူ့လောကယဉ်ကျေးမှုကို အနည်းငယ်မျှသာ အကျိုးပြုပေသည်။ သုတ္တံပိဋကတ်သည်သာ လူ့လောကနှင့် တိုက်ရိုက်ဆက်စပ်ပြီး လူမှုဆက်ဆံရေးအဆင့်အတန်းကို ညွှန်ပြသည်။ အဘိဓမ္မာပိဋကတ်မှာ အဆင့်အမြင့်ဆုံးလေ့လာမှုတစ်ရပ်အဖြစ် သတ်မှတ်ထားကြသည်။ အဓိကသင်ရိုးညွှန်းတမ်းမှာ စာရိတ္တပြုပြင်ပုံသွင်းရေးနှင့် မြန်မာ့ယဉ်ကျေးမှုအခြေခံများချမှတ်နိုင်ရေးပင်ဖြစ်သည်။ အဓိကသင်ရိုးမှာ ပါဠိဘာသာ၊ ပိဋကတ်သုံးပုံ မြန်မာပြန်၊ ပရိတ်ကြီးနှင့် လောကနီတိတို့ ဖြစ်သည်။ (စည်သူ ဦးကောင်း ၁၉၂၉)

ဘာအကြောင်းကြောင့်ရယ်မသိ၊ ကုန်းဘောင်ခေတ်နှောင်းပိုင်းသို့ရောက်သောအခါ ပွဲကျောင်းများမှာ နေရာတော်တော်များများတွင် ပျောက်ကွယ်သွားပြီး မင်းကျောင်းတွေသာ ကျန်ရစ်တော့သည်။ ဤတွင် မင်းကျောင်းများ၏ ပညာရေးဆိုင်ရာ ချဉ်းကပ်မှုကိုကြည့်ပြီး မစ္စတာ ဖာနီဗယ်က “မြန်မာပညာရေးရဲ့ မူလရည်ရွယ်ချက်မှာ ‘ကလေးတွေကို ဘ၀မှာ ဘယ်လိုနေရမယ်’ (How to Live) ဆိုတာကိုသာ သင်ကြားပေးပြီး ‘ဘယ်လိုအသက်မွေးကြမလဲ’ (How to make living) ဆိုသည့်အပိုင်းတွင်မူ အားနည်းလှသည်” ဟု ဝေဖန်ခဲ့ပါသည်။ (J.S Furmivall, 1929, August)

(ခ) လူကျောင်း (အိမ်ကျောင်း) များ

ဆိုခဲ့ပါ ဘုန်းတော်ကြီးကျောင်းများအပြင် လူကျောင်းခေါ် အိမ်ကျောင်းများလည်း ရှိသေးသည်။ ဤကျောင်းများသို့ အဓိကလာရောက်သင်ကြားကြသူများမှာ ဘုန်းကြီးကျောင်းနှင့် မအပ်စပ်လှသော မိန်းကလေးများနှင့် ဘုန်းကြီးကျောင်းသို့ မပို့လောက်သေးသော ယောက်ျားလေးများဖြစ်သည်။ ဤကျောင်းများ၏ အရေအတွက်မှာ အလွန်ပင်နည်းပါးလှသည်။ ဘုန်းတော်ကြီးကျောင်းအရေအတွက်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။ သင်ကြားမှုအရည်အသွေးနှင့် အတိုင်းအတာတွင်လည်း ဘုန်းတော်ကြီးကျောင်းများ၏ အဆင့်အတန်းကို မမီပါချေ။ ယေဘုယျအားဖြင့် အခြေခံအဆင့်မျှသာ သင်ကြားပေးနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ဤကျောင်းများ၏ ကျေးဇူးကြောင့် မြန်မာနိုင်ငံတွင် စာတတ်မြောက်သူ အလွန်များပြားခဲ့ခြင်းဖြစ်ပါသည်။ မစ္စတာ တော်စိန်ခိုကမူ ‘အမျိုးသမီးများ၏ ပညာရေးတောင်းဆိုချက်အရ ဤကျောင်းများ ပေါ်ပေါက်လာသည်ဟု ဆိုပါသည်။ (Taw Sein Ko, 1913)

(ဂ) ခရစ်ယာန်မစ်ရှင်ကျောင်းများ

၁၇၂၁ လောက်မှစ၍ ကိုလိုနီခေတ်ဦး ၁၉၂၉ လောက်အထိ ရှိခဲ့သော ခရစ်ယာန်မစ်ရှင်အဖွဲ့များ၏စာရင်းကို သက္ကရာဇ်အစဉ်အတိုင်း ဖော်ပြလိုက်ပါသည်။ (စည်သူ ဦးကောင်း၊ ၁၉၂၉)

၁။ ရိုမန်ကာသိုလိတ်သာသနာ
– မီလန်မြို့၊ ဘာနဗိုက်အဖွဲ့မှ အီတလီလူမျိုး ကာသိုလိတ် ဘုန်းကြီးများ (၁၇၂၁ – ၁၈၂၉)
– ပရိုပါဂန်ဒ ခေါ် သာသနာဖြန့်ချိရေးအသင်းမှ ဘုန်းကြီး များ (၁၈၂၉ – ၁၈၄၀)
– တူရင်မြို့မှ အော့ဘလိတ်ဘုန်းကြီးများ (၁၈၄၀ – ၁၈၅၅)
– ပဲရစ်မြို့ အထရင်ဂျီယားစ် မစ်ရှင်သာသနာပြုများ (၁၈၅၅ – နောက်ပိုင်း)

၂။ ပရိုတက်စတင့်သာသနာ
– အမေရိကန်နှစ်ခြင်းသာသနာပြုများ (၁၈၂၆ – နောက်ပိုင်း)
– အင်္ဂလီကန်သာသနာပြုများ (ဒေသနာတော် ပြန့်ပွားရေး အသင်း – S.ဏ.G) (၁၈၅၅ – နောက်ပိုင်း)

ဆိုခဲ့ပါ ‘ခရစ်ယာန်မစ်ရှင်ကျောင်း’ များမှာ ကိုလိုနီခေတ်ရောက်သည်ထိ ပညာရေးလုပ်ငန်းများကို ဆက်လက်တာဝန်ယူထားကြဆဲ ဖြစ်ပါသည်။

အားကောင်းချက်၊ အားနည်းချက်

ဗြိတိသျှတို့ မသိမ်းပိုက်မီ မြန်မာ့ပညာရေး၏ အဓိကအားကောင်းချက်မှာ လူတိုင်းပညာသင်ကြားနိုင်ခြင်းပင် ဖြစ်သည်။ (Universal Education System) ဗုဒ္ဓဘာသာကို အခြေခံသော ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ရပ် ထူထောင်နိုင်ခြင်းကိုလည်း နောက်ထပ်အားကောင်းချက်ဟု ဆိုနိုင်ပါသည်။ သို့တိုင် ဤအချက်မှာ ဗုဒ္ဓဘာသာကိုးကွယ်သော ဗမာနှင့် တိုင်းရင်းသားအချို့နှင့်သာ ဆိုင်သည်။ ကျန်တိုင်းရင်းသားများအတွက်မူ ခရစ်ယာန်မစ်ရှင်ကျောင်းများက တာဝန်ယူသွားသည်။

အဓိကအားနည်းချက်မှာ အသက်မွေးဝမ်းကျောင်းပညာနှင့် ခေတ်သစ်လောကဓာတ်ပညာနှင့် မနီးစပ်လှခြင်းပင် ဖြစ်သည်။ ကမ္ဘာကြီးနှင့် မဆက်စပ်ဘဲ ထီးထီးကြီးရပ်တည်မှု၏ အကျိုးဆက်ဖြစ်ပါလိမ့်မည်။ ခေတ်သစ်ပညာရေးဒဿနများနှင့် အလှမ်းဝေးခြင်း၊ တစ်နည်း အဆက်ပြတ်အထီးကျန်ခြင်းဖြစ်ပါသည်။ (မစ္စတာ ဖာနီဗယ် ၁၉၂၈၊ ဇန်နဝါရီ)

အာသာဖယ်ယာ အစီရင်ခံစာ

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၃ နှစ်အကြာ ၁၈၆၆ ခုနှစ် တွင် အောက်မြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီး ‘ဆာအာသာ ဖယ်ယာ’ သည် အိန္ဒိယအစိုးရ ညွှန်ကြားချက်အရ မြန်မာ့ပညာရေး ရည်မှန်းချက်နှင့်ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို ရေးဆွဲပေးခဲ့သည်။ ဆာအာသာဖယ်ယာ ချမှတ်လိုသော ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်းပညာရေးကို အခြေခံသည့်ပညာရေးစနစ် ဖြစ်သည်။ (စည်သူ ဦးကောင်း၊ ၁၉၂၉)

အဆိုပါအစီရင်ခံစာတင်သွင်းပြီး သုံးနှစ်အကြာတွင် အောက်မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများနှင့် လူကျောင်းများကို စာရင်းစတင်ကောက်ယူသည်။ ၁၈၆၉ – ၇၀ နှစ်အတွင်း ဘုန်းတော်ကြီးကျောင်းအရေအတွက်မှာ ၃,၄၃၈ ဖြစ်ပြီး လူကျောင်းမှာ ၃၄၀ ရှိသည်ဟု သိရပါသည်။ ဘုန်းတော်ကြီးကျောင်းပညာရေး မည်မျှကျယ်ပြန့်ကြောင်း ဖော်ပြနေသည့်အချက် ဖြစ်ပါသည်။ (Report of Vermacular and Vocational Education Recorganization Committee, 1936)

သို့တိုင် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး လေးနှစ်အကြာ ၁၈၈၉-၉၀ တွင် အောက်မြန်မာနိုင်ငံရှိ မှတ်ပုံတင်ပြီး ဘုန်းတော်ကြီး ကျောင်းအရေအတွက်မှာ ၁,၈၄၆ ဖြစ်ပြီး နောင်ဆယ်နှစ်အကြာ ၁၈၉၈ – ၉၉ တွင် ၁၀၀၀ ကျော်ခန့်သာရှိတော့သည်။ ဤအချိန်တွင် လူကျောင်းအရေအတွက်ကား များစွာတိုးလာသည်။ ၁၈၈၉-၉၀ က မှတ်ပုံတင်ပြီး လူကျောင်းအရေအတွက်မှာ ၇၀၄ ကျောင်းရှိခဲ့ရာမှ ၁၈၉၈ – ၉၉ တွင် ၁ç၂၀၀ ထိ တိုးလာပါသည်။ ဤသည်ပင် ကိုလိုနီခေတ်ဦး၏ အဓိကကျသော အပြောင်းအလဲတစ်ရပ်ဟု ဆိုနိုင်ပါလိမ့်မည်။ (အထက်ပါ စာ – မှ)

 

ကျော်ဝင်း
(၁၅ ဇူလိုင်၊ ၂၀၁၉)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *