အမှန်တကယ် လုံခြုံ၊ လွတ်လပ်ပါ၏လော

သူနှင့် ထိပ်တိုက်တွေ့သူတိုင်း ထောင်နန်းစံရသည်။

လွတ်လပ်စွာပြောဆိုရေးသားမှုများ ခြောက်လှန့်ခံနေရသည်။ နေ့စဉ်လူမှုဘ၀အတွက် ထိတွေ့ဆက်ဆံနေရသည့် တယ်လီဖုန်း၊ ဆက်သွယ်ရေးအင်တာနက်အသုံးပြုသူများနှင့် မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဝေဖန်ရသည့် မီဒီယာသမားများ၊ ဝေဖန်သူများကိုလည်း နှုတ်ပိတ်စေနိုင်သည်။

သို့သော် ယင်းက နာမည်ကျော်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တော့ မဟုတ်။

နိုင်ငံတော်သမ္မတဦးထင်ကျော်လက်ထက်တွင် လက်မှတ်ရေးထိုးအတည်ပြုပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ သို့မဟုတ် နိုင်လွတ်လုံဥပဒေပင်။

ယင်းဥပဒေကို ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရန်ရည်ရွယ်ချက်ဖြင့် သမ္မတဦးထင်ကျော်လက်ထက်က လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သည်။

သို့သော် နှစ်နှစ်အကြာတွင် ယင်းရည်ရွယ်ချက်များနှင့် သွေဖည်ကာ ဒီမိုကရေစီနိုင်ငံတစ်ခု၏ ရေသောက်မြစ်ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်နှင့် ရေးသားခွင့်များကို နိုင်လွတ်လုံဥပဒေက ခြိမ်းခြောက်နေပြီလော။

ခပ်စိတ်စိတ်တွေ့လာရသော နိုင်လွတ်လုံ ပုဒ်မ ၁၀

ပြည်သူ့ဆန္ဒမဲဖြင့် ဥပဒေပြုရေးလွှတ်တော်အတွင်းသို့ ရောက်ရှိလာသည့် လွှတ်တော်ကိုယ်စားလှယ်မှသည် ဝန်ကြီးများအထိ နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် မကင်းနိုင်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူက ပြီးခဲ့သည့် ဇွန်လတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပတ္တာနယ်မြေရဲစခန်းတွင် နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။

လောလောလတ်လတ်တွင် ယင်း ပုဒ်မကို ပွဲထုတ်ထားသူက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အရက်သောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်ကာ နေပြည်တော်စည်ပင်ရိပ်သာတွင် ဗုံးထောင်ထားကြောင်း ပြောကြားသည်ဟူ၍ သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

အဆိုပါသတင်းကို ရေးသားဖြန့်ဝေခဲ့သည့် Competitor (ပြိုင်ဘက်မီဒီယာ)နှင့် Aung Paing Min အမည်ရှိ  Facebook Account ပိုင်ရှင်နှင့် ယင်းရေးသားချက်ကို ထပ်မံဖြန့်ဝေသူ ၁၂ ဦးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ပြဿနာနှင့်   ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမော်မော်တို့ကို အမျိုးသားသစ္စာဖောက်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည့်  ကရင်နီလူငယ်ခြောက်ဦးသည် နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့် အမှုရင်ဆိုင်နေရသည်။

ထိုလူငယ်ခြောက်ဦးကို ကယားပြည်နယ် အစိုးရအဖွဲ့ရုံးလက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နောင်က နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် လက်ရှိအချိန်အထိ ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးလျက် ရှိသည်။

ရန်ကုန်တိုင်းတွင်လည်း နိုင်လွတ်လုံ ဥပဒေပုဒ်မ (၁၀) ဖြင့် မလွတ်ကင်းချေ။

မင်္ဂလာဒုံမဲဆန္ဒနယ်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ယင်းဥပဒေကို အသုံးပြုကာ NLD ပါတီဝင်များ အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကို ပုဂ္ဂိုလ်ရေးထိခိုက်သည့် တိုင်ကြားစာများပေးပို့ခဲ့သည့်အတွက် နိုင်လွတ်လုံဥပဒေပုဒ်မ (၁၀) ဖြင့် တရားစွဲဆိုထားသည်။

မွန်ပြည်နယ်မှ ဦးအောင်ကိုကိုလွင်ကမူ နိုင်လွတ်လုံဥပဒေဖြင့် ပထမဆုံးစီရင်ခံရသူအဖြစ် မှတ်တမ်းဝင်သူပင်။

လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ထမင်းတစ်နပ်လျှော့စားဆိုသည့် ဗီဒီယိုမိန့်ခွန်းကို ဖြန့်ဝေခဲ့သည့် Aung  Ko Ko Lwin အမည်ရှိ Facebook  Account ပိုင်ရှင်ဦးအောင်ကိုကိုလွင်ကို မွန်ပြည်နယ်ဒေသခံတစ်ဦးက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုခဲ့သည်။

ဦးအောင်ကိုကိုလွင်ကို အမှုဖွင့်စစ်ဆေးပြီး လေးလအကြာတွင် စက်တင်ဘာလ ၂၇ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

နိုင်လွတ်လုံဥပဒေသည် ဥပဒေပြုရေးလွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၏ အသုံးချခံဥပဒေဖြစ်နေသလော မွေးခွန်းထုတ်စရာပင်။

“နစ်နာတဲ့သူက အဖွဲ့အစည်းဝင်တစ်ခု ဖြစ်မယ်။ အဲဒီဆောင်ရွက်ချက်သည် သူတင်မကဘူး။ သူ့အဖွဲ့အစည်းကိုပါ ထိခိုက်နစ်နာနိုင်တယ်ဟေ့ဆိုရင်တော့ ၆၆ (ဃ) ထက် အနက်အဓိပ္ပာယ်ကျယ်ဝန်းတဲ့ နိုင်လွတ်လုံနဲ့ စွဲလေ့ရှိပါတယ်”ဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က သုံးသပ်သည်။

နိုင်လွတ်လုံဥပဒေဖြင့် တိုင်ကြားမှုများတွင် လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရအဖွဲ့ဝင်များအပြင် ပြည်သူများကြားတွင်လည်း ယင်းဥပဒေဖြင့် တရားစွဲဆိုမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးခင်မောင်မြင့်သည် နိုင်လွတ်လုံ ဥပဒေပုဒ်မ၁၀ ဖြင့် တရားရင်ဆိုင်သည့် အမှုငါးမှုခန့်ကို ဥပဒေအကြံပေးအဖြစ် လက်ရှိတွင် လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်သည်။

“တစ်ဖက်လူကို ပြင်းပြင်းထန်ထန်ထိထိရောက်ရောက်ဒုက္ခပေးနိုင်တဲ့အတွက် ပြည်သူတွေက တိုင်ပြီဟေ့ဆိုရင် အခုကျတော့ နိုင်လွတ်လုံပုဒ်မ ၁၀ ကို အာရုံကျလာကြတယ်”ဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က ရှင်းပြသည်။

ထိုသို့ လူအများအာရုံစိုက်လာကြသည့် နိုင်လွတ်လုံဥပဒေကို စေ့ငုကြည့်ရာ …။

၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုက ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံဥပဒေ) တွင် စုစုပေါင်းအခန်းခြောက်ခန်း ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၇ ပါ ပြဋ္ဌာန်းချက်ကို ကျယ်ကျယ်ပြန့်ပြန့် လူအများပိုမိုသိရှိစေရန်ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့သည်ဟု ယူဆနိုင်သည်။

ပုဒ်မ ၃၅၇ တွင် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေး ဆိုင်ရာလုံခြုံမှုများအတွက် ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ဖော်ပြထားသည်။

နိုင်လွတ်လုံဥပဒေအခန်း (၄)  တားမြစ်ချက်များတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှ တစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီ ထက်ကျော်လွန်၍ ချုပ်နှောင်ခြင်းမပြုရဟု  ပြဋ္ဌာန်းထားသည်။ ထို့ပြင် ဖမ်းဝရမ်းမရှိဘဲ နေအိမ်၊ အဆောက်အအုံ၊ ပရဝဏ်အတွင်း ရှာဖွေသိမ်းဆည်းခြင်း၊ လူတစ်ဦးဦးအား ဖမ်းဆီးခြင်းမပြုရန် တားမြစ်သည်။

ထို့ပြင် နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံစမ်းခြင်းများ၊ ဆက်သွယ်ရေးကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်နားထောင်ခြင်း၊ အီလက်ထရွန်နစ်ဆက်သွယ်ရေးသတင်း အချက်အလက်များကို တောင်းယူခြင်း၊ ထုတ်ပေးခြင်းစသည်တို့ကို တားမြစ်ထားသည်။

စာပေးစာယူ၊ပါဆယ်ထုပ်စသည်တို့ကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်းများအပြင် နိုင်ငံသားတစ်ဦးတရားဝင်ပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို မတရားသိမ်းယူခြင်း၊ ပျက်စီးစေခြင်းစသည့်အချက်များကိုလည်း ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။

ယင်းအချက်များအပြင် ပုဒ်မ ၈ (စ) တွင်မူ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုတို့ကို ပုတ်ခတ်ခြင်း၊ ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းများကိုလည်း ဥပဒေအရအကာအကွယ်ပေးထားသည်။

နိုင်လွတ်လုံပုဒ်မ ၈ (စ) သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ နှင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နှင့် ဆင်တူသည့်အတွက် ယင်းပုဒ်မကို ဖြုတ်ပေးရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြဝေဖန်ကြသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၀ အသရေဖျက်မှုတွင် အပြစ်ဒဏ်ကို ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ၊ ယင်းဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တွင်မူ သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ယင်းဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်လွတ်လုံပုဒ်မ ၁၀ တွင် အနည်းဆုံးထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ကျပ်သုံးသိန်းမှ ကျပ် ၁၅ သိန်းအထိ ငွေဒဏ်များ ဖြစ်စေကျခံရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

နိုင်လွတ်လုံဥပဒေဖြင့် တရားစွဲဆိုခံရသူသည် အာမခံမရရှိဘဲ အချုပ်ဖြင့် တရားရင်ဆိုင်ရခြင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှူးက နိုင်လွတ်လုံဥပဒေဖြင့် တိုင်တန်းချက်ကို အမှုဖွင့်ပေးလျှင် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ငါးနှစ်မှ ဒဏ်ငွေ ၂၅ သိန်းအထိ ပြစ်ဒဏ်များကို ကျခံရနိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယင်းအားသာချက်များကြောင့် နိုင်လွတ်လုံဥပဒေဖြင့် အမှုဖွင့်လှစ်တိုင်ကြားသည့် အမှုများများပြားလာကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က မှတ်ချက်ပြုသည်။

လစ်ဟာမှုများရှိသည်ဟု ဝေဖန်ခံနေရသည့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အများပြည်သူသိရှိရန်ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဝေဖန်သံညံစေသည့် ပုဒ်မ ၈ (စ) ကို ပြင်ဆင်ချက်တွင် ထည့်သွင်းထားခြင်း မရှိပေ။

“နိုင်လွတ်လုံဥပဒေကြီး ပြန်ပြင်တဲ့အထဲမှာ ဒါမပါဘူးဆိုတာ မြင်တော့ မြင်တယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ အားမလျှော့သေးဘူး။ ဆက်တော့ သွားနေတယ်။ Definition ရှုထောင့်ကနေ  သွားတဲ့ဟာတွေတော့ ရှိနေသေးတယ်” ဟု ပုဒ်မ ၈ (စ) ဖျက်သိမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) ဥက္ကဋ္ဌ ဒေါ်ယဉ်ရတနာသိန်းက လက်ရှိဆောင်ရွက်နေသည့်အခြေအနေကို ရှင်းပြသည်။

ပုဒ်မ ၈ (စ) ကြောင့် လူမှုကွန်ရက်အသုံးပြုကာ လက်လွတ်စပယ်ပြောဆို ရေးသားခြင်းများအတွက် အဟန့်အတားတစ်ခုအဖြစ်ရှိနိုင်သော်လည်း မီဒီယာသမားများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများ၏ ပြောဆိုရေးသားချက်များကို အတားအဆီး ဖြစ်စေသည်။

“ဥပမာ – စစ်တပ်တို့၊ အစိုးရဝန်ကြီးဌာနတွေနဲ့ ပတ်သက်ပြီး နိုင်လွတ်လုံဥပဒေက ကြောက်စရာကောင်းနေတာပေါ့။ သူတို့တွေအနေနဲ့ အမှန်တရားဖြစ်နိုင်ခြေရှိတဲ့ အကျင့်ပျက်ခြစားမှုတွေအကြောင်း ထုတ်ဖော်ပြောဖို့ အခက်အခဲရှိတာပေါ့”ဟု FEM ဥက္ကဋ္ဌ ဒေါ်ယဉ်ရတနာသိန်းက သုံးသပ်သည်။

ဥပဒေ၏ လှစ်ဟာချက်များရှိသည့်အတွက် ပြင်ဆင်ရန်ဆောင်ရွက်နေဆဲကာလတွင်ပင် ယင်းဥပဒေဖြင့် တရားစွဲဆိုသည့် အမှုများတိုးပွားလျက်ရှိသည်။

အချုပ်ကျခံနေသူမှပင် ထိုဥပဒေဖြင့် အခြားတစ်ဦးအား တရားစွဲသည်အထိ။

ထောင်အတွင်းမှ အမှုရင်ဆိုင်နေရသည့် ဗိုလ်မှူးကြီးဟောင်း နေမျိုးဇင်က ၀ရမ်းပြေးအဖြစ် ကြေညာခံထားရသည့် မိုက်ကယ်ကျော်မြင့်ကို နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားသည်။

ထိုသို့ဆိုလျှင် နိုင်လွတ်လုံဥပဒေသည် ယင်းဥပဒေပြဋ္ဌာန်းရခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုများကို ကာကွယ်ပေးရန်ဟူသည့် အချက်များကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ပါ၏လော။

ဆယ်သွယ်ရေးကဏ္ဍနှင့် CCTV တို့မှ နေ့စဉ် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးများ ချိုးဖောက်၍ ရနေဆဲဖြစ်ကြောင်း ဒေါ်ယဉ်ရတနာသိန်းက လက်ရှိပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးနှင့်ပတ်သက်၍ သုံးသပ်သည်။

တရားစွဲဆိုခံရသည်နှင့် အချုပ်အတွင်းမှ အမှုရင်ဆိုင်ရကာ မှားယွင်းစွပ်စွဲကြောင်း ပေါ်ပေါက်လျှင်ပင် ပြန်လည်ကုစားချက်များ ထည့်သွင်းရေးဆွဲထားခြင်းမရှိသည့် နိုင်လွတ်လုံဥပဒေနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“ဒီဥပဒေက ပြသာ ပြဋ္ဌာန်းလိုက်တာပဲ။ ရာထူး၊အာဏာကြီးတဲ့သူတွေနဲ့ ပတ်သက်ပြီး ခပ်လွယ်လွယ်စွဲဆိုလို့ ရလိုက်တာကလွဲရင် ပုံမှန်နိုင်ငံသားက ပုဂ္ဂလိကလုံခြုံရေးအတွက် လုံးဝအကာအကွယ် မရဘူးလေ”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *