ကျောက်အုတ်တို့ ပြိုလေရာ (၃) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)

အခန်း (၂)

နောက်ခံကား (၂)

ကိုလိုနီခေတ် မြန်မာ့ပညာရေး

ကိုလိုနီပညာရေးအစနှင့် မက္ကောလေးအစီရင်ခံစာ

ဆာအာသာဖယ်ရာ အစီရင်ခံစာထွက်ပေါ်ပြီး နောက်တစ်နှစ် ၁၈၆၇ တွင် ပညာရေးဌာန စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခါစက ပညာရေးဌာနတွင် ပညာမင်းကြီးတစ်ဦးနှင့် စာရေးတစ်ဦးသာ ရှိခဲ့သည်။ (စည်သူဦးကောင်း၊ ၁၉၂၉)

မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ စတင်ကျင့်သုံးသော ပညာရေးစနစ်မှာ ၁၈၃၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် မက္ကောလေးတင်သွင်းခဲ့သည့် ပညာရေးအစီရင်ခံစာအပေါ် အခြေခံပါသည်။ အဆိုပါ မက္ကောလေးအစီရင်ခံစာ၏ အခြေခံမူသုံးချက်မှာ ယခုလိုဖြစ်သည်။

၁။ အရှေ့တိုင်းပညာရပ်ထက် အနောက်တိုင်းပညာရပ်ကို ဦးစားပေးရန်၊
၂။ အင်္ဂလိပ်စာကို သင်ကြားရေးမဏ္ဍိုင်အဖြစ် အသုံးပြုရန်၊
၃။ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပြီး အင်္ဂလိပ်လူမျိုး တစ်ယောက်လို တွေးခေါ်စဉ်းစားနိုင်သော ပညာတတ်များ မွေးထုတ်နိုင်ရန်တို့ ဖြစ်သည်။

အမျိုးသားရေးစိတ်အခံဖြင့် မြန်မာတော်တော်များများကမူ ဤအချက်သုံးချက်လုံးကို မကျေနပ်ကြချေ။ (ဒေါက်တာ ညီညီ၊ ၁၉၆၅၊ မေလ)

မြန်မာနိုင်ငံ ပညာရေးဆင်ဒီကိတ်

မြန်မာတို့၏ ပညာရေးကို ကြီးကြပ်ကွပ်ကဲပေးရန် ရည်ရွယ်ချက်ဖြင့် ဗြိတိသျှအစိုးရသည် ၁၈၈၁ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ‘မြန်မာနိုင်ငံ ပညာရေးဆင်ဒီကိတ်’ ကို ဖွဲ့စည်းပေးခဲ့ပါသည်။ အဆိုပါ ဆင်ဒီကိတ်တွင် အဖွဲ့ဝင် ကိုးဦးပါသည်။ ၎င်းတို့မှာ –

၁။ ပညာမင်းကြီး
၂။ တိုင်းပညာဝန်တစ်ဦး
၃။ ရန်ကုန်ရှိ အစိုးရဟိုက်စကူးကျောင်းအုပ်ကြီး
၎။ မြန်မာအမျိုးသား တိုင်းပညာဝန်၊ သို့မဟုတ် ပညာအုပ်တစ်ဦး
၅။ ဗြိတိသျှစစ်ဘက်အရာရှိတစ်ဦး
၆။ မြန်မာအမျိုးသားစစ်ဘက်အရာရှိတစ်ဦး
၇။ မြေတိုင်းဌာန သို့မဟုတ် လမ်းလုပ်ငန်းဌာနမှ အရာရှိတစ်ဦး
၈။ ဝတ်လုံတစ်ဦးနှင့်
၉။ ဆေးဘက်အရာရှိတစ်ဦးတို့ ဖြစ်သည်။

ဆင်ဒီကိတ်၏ လုပ်ငန်းတာဝန်များမှာ အထောက်ပံ့ခံစနစ်အရ အစိုးရကျင်းပသည့် စာမေးပွဲများကို စီစဉ်ကြီးကြပ်ရန်နှင့် ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ဥပဒေပညာနှင့် လက်မှုပညာရပ်များကို မြှင့်တင်ပေးရန်တို့ ဖြစ်သည်။ ဆိုခဲ့ပါဆင်ဒီကိတ်နှင့် ပူးတွဲဆောင်ရွက်ကြရသည့် ကဏ္ဍအလိုက်အဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ပညာရေးဌာန
၂။ ခရိုင်အရာရှိများနှင့် ၎င်းတို့၏ လက်ထောက်များ
၃။ မြူနီစီပယ် အာဏာပိုင်များ
၎။ ကာလကတ္တားတက္ကသိုလ်နှင့်
၅။ ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများ ဖြစ်သည်။

၁၈၈၆ ခုနှစ်တွင် ပညာရေးဆင်ဒီကိတ်ကို ၁၈၆၀ ပြည့်နှစ်အက်ဥပဒေပုဒ်မ ၂၁ အရ မှတ်ပုံတင်အဖွဲ့အစည်း ပြုလုပ်ခဲ့သည်။ ၁၉၂၁ ခုသို့ရောက်သောအခါ ဖျက်သိမ်းလိုက်သည်။ (RAB Report, 1921)

ဌာနဆိုင်ရာစနစ်

ကျောင်းများကို အထောက်အပံ့ပေးသည့်နည်းအရ စီမံခန့်ခွဲမှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရာမှ ကိုလိုနီခေတ်ပညာရေးမှာ စနစ်တစ်ခုအဖြစ် တည်တံ့လာခဲ့သည်။ အဆိုပါ အထောက်အပံ့ခံစနစ်အရ ဘုန်းတော်ကြီးကျောင်းများနှင့် လူကျောင်းများမှာ တိုင်းရင်းသားဘာသာသင်ကျောင်းများ ဖြစ်လာသည်။ ခရစ်ယာန်သာသနာပြုကျောင်းမှာမူ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများ ဖြစ်လာသည်။ သို့အတွက် ကိုလိုနီခေတ် မြန်မာ့ပညာရေး ဖြစ်ပေါ်တိုးတက်လာပုံကို ရှင်းရှင်းလင်းလင်း ခြေရာခံနိုင်ရန် ‘တိုင်းရင်းသားဘာသာသင်ကျောင်းများ၏ ပညာရေး’ နှင့် ‘အင်္ဂလိပ် – မြန်မာ နှစ်ဘာသာသင်ကျောင်းများ၏ ပညာရေး’ ဟူ၍ နှစ်မျိုးခွဲပြီး လေ့လာရန်လိုလာသည်။

ပထမပညာရေး (တိုင်းရင်းဘာသာသင်ကျောင်းများ၏ ပညာရေး) မှာ ပြည်သူလူထုအများစုကြီး၏ ပညာရေးဖြစ်သည်။ အဓိကအားဖြင့် ကျေးလက်ဒေသ၏ ပညာရေးဟုဆိုနိုင်သည်။ မူလတန်းပညာရေးသမိုင်းပင်ဖြစ်သည်။ ဒုတိယပညာရေး (အင်္ဂလိပ် – မြန်မာ နှစ်ဘာသာသင်ကျောင်းများ၏ ပညာရေး) မှာ နိုင်ငံကို သိမ်းပိုက်ပြီးနောက် ပေါ်ပေါက်လာသော လူမှုရေးပုံစံသစ်အတွက် အနာဂတ်ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးပါသည်။ မူလတန်းလွန်ပညာရေးဖြစ်သည်။ အဓိကအားဖြင့် မြို့ပြဒေသ၏ ပညာရေးဟု ဆိုနိုင်သည်။ ဤခြားနားချက်မှာ အပေါ်ယံသက်သက်မဟုတ်။ အမှန်တကယ်ရှိနေသော အခြေခံကွဲလွဲချက်ဖြစ်သည်။ (စည်သူ ဦးကောင်း …၊ ၁၉၂၉)

နောက်ပိုင်းတွင် ဆိုခဲ့ပါခြားနားချက်အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာကျောင်းများနှင့် ကောလိပ်များပါ ပေါ်ထွက်လာပါသည်။

(က) တိုင်းရင်းသားဘာသာ ပညာရေး

ဆာအာသာဖယ်ရာ၏ အစီရင်ခံစာက ‘ကျေးရွာများတွင် နောက်ထပ်ကျောင်းများ တိုးချဲ့စရာမလို။ တိုးချဲ့လျှင် ဘုန်းတော်ကြီးကျောင်းများနှင့် ထိပ်တိုက်တိုးနိုင်သည်ဟု ဆိုပါသည်။ သို့အတွက်
‘အစိုးရသင်ကြားစေလိုသည့် စာအုပ်များကို ဘုန်းတော်ကြီးကျောင်းများသို့ ပို့ပေးလျှင် လုံလောက်ပြီ’ ဟု ညွှန်ကြားထားပါသည်။ လက်တွေ့တွင်ကား ဆာအာသာဖယ်ရာမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါ။ ၁၈၆၇-၆၈ စာသင်နှစ်တွင် အစိုးရပေးပို့သည့် ကျောင်းသုံးစာအုပ်များကိုလက်ခံသော ဘုန်းကြီးကျောင်းအရေအတွက်မှာ ၄၁ ကျောင်းသာ ရှိခဲ့သည်။ သင်ကြားသောကျောင်းသားဦးရေမှာလည်း ၉၁ ယောက်သာ ရှိခဲ့သည်။ ၁၈၆၈-၆၉ စာသင်နှစ်တွင် ကျောင်းသုံးစာအုပ် ၁၂၀ ဖြန့်ချိခဲ့ရာ သင်ကြားသည့်ကျောင်းသားအရေအတွက်မှာ ၈၂ ယောက်သာ ရှိခဲ့သည်။ သို့ဖြင့် ၁၈၇၀ ပြည့်နှစ်တွင် ဤစနစ်ကို ဖျက်သိမ်းပစ်လိုက်ရပါသည်။

ဤအချိန်တွင် အစိုးရထံ မှတ်ပုံတင်ထားသော ဘုန်းတော်ကြီးကျောင်းများ၏ အရေအတွက်မှာ အကျဘက်ရောက်လာပြီး လူကျောင်းများ၏ အရေအတွက်မှာ သိသိသာသာတိုးလာသည်။ ၁၈၆၇-၆၈ တွင် မှတ်ပုံတင်ထားသော ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းရှိပြီး လူကျောင်း တစ်ကျောင်းမျှ မရှိပါ။ ၁၈၉၈-၉၉ နှစ်တွင်ကား မှတ်ပုံတင်ထားသော လူကျောင်း ၇၂၃ ကျောင်းထိ ရှိလာပါသည်။ ဤအချက်က ဘာကိုဖော်ပြနေသနည်းဆိုလျှင် ဘုန်းတော်ကြီးကျောင်းများအနေနှင့် ဗြိတိသျှအစိုးရနှင့် လက်တွဲဆောင်ရွက်လိုခြင်းမရှိကြောင်း ဖော်ပြရာ ရောက်ပါသည်။ ဤအချိန်တွင် လူကျောင်းများမှာကား ပညာမင်းကြီး ရုံးက သတ်မှတ်ပေးသော နည်းစနစ်များနှင့် သင်ရိုးညွှန်းတမ်းများအတိုင်း လိုက်နာသင်ကြားကြသည့်ကျောင်းများဖြစ်လာလေသည်။

၁၉၁၀ ပြည့်နှစ်နောက်ပိုင်းသို့ ရောက်သောအခါ ဗြိတိသျှအစိုးရက ဘုန်းတော်ကြီးကျောင်းပညာရေးကို ‘လောကဓာတ်ကျောင်း’ များဖြင့် အစားထိုးလာခဲ့သည်။ ‘လောကဓာတ်ကျောင်း’ ဆိုသည်မှာ ထိုခေတ်သုံးစကားဖြစ်ပြီး ပညာရေးဌာနက ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားသော ကျောင်းများဖြစ်သည်။ သည်လိုနှင့် ဘုန်းတော်ကြီးကျောင်းအချို့နှင့် လူကျောင်းများမှာ အစိုးရအသိအမှတ်ပြု တိုင်းရင်းဘာသာသင်ကျောင်းများ ဖြစ်လာခဲ့ပါသည်။ (REC 1921)

 

ကျော်ဝင်း
၁၇ ဇူလိုင်၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *