“တင်ဒါစည်းမျဉ်းစည်းကမ်းက တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းသလို ဖြစ်နေတယ်”

ဓာတ်ပုံ - ရဲနိုင်ဦး

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် တွေ့ဆုံခြင်း

NLD အစိုးရလက်ထက် ဝန်ကြီးအချို့ကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးခဲ့ရာတွင် တင်ဒါကိစ္စလည်းပါဝင်သည်။ လက်ရှိဘဏ္ဍာနှစ်ဝက်တွင်လည်း ဝန်ကြီးဌာနများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ကောင်းစွာမပြနိုင်ခဲ့။ ၅၁ ရာခိုင်နှုန်းမှာ လုပ်ငန်းပင် မစရသေး။ အကြောင်းရင်းမှာလည်း ဤတင်ဒါကြောင့်ပင်။ ထို့ကြောင့် ဘဏ္ဍာနှစ်ပြောင်း၍ ရည်ရွယ်ချက်ပြောင်းသော်လည်း လုပ်ရပ်ကမပြောင်းနိုင်ခဲ့။ လုပ်ငန်းရှင်ဘက်တွင်လည်း တင်ဒါနှင့်ပတ်သက်၍  တင်ဒါအချိန်ကပ်ခေါ်မှု၊ ငွေထုတ်ရကြန့်ကြာမှု စသည့်အခက်အခဲများရှိရာ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်နှင့်  The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ ဦးမျိုးမြင့်သည် M.K.T ဆောက်လုပ်ရေးလုပ်ငန်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

The Voice Journal – လက်ရှိမှာတော့ တင်ဒါနဲ့ပတ်သက်ရင် လုပ်ငန်းရှင်တွေကြားထဲ ပြောစရာဖြစ်နေတယ်။ ဒီလိုပဲ ဝန်ကြီးဌာနတွေ အလုပ်မပြီးတာကလည်း တင်ဒါက အဓိကအကြောင်းရင်းတစ်ခုဖြစ်လာတယ်။ ဒါ့ကြောင့် တင်ဒါက ဝန်ကြီးဌာနတွေရော၊ လုပ်ငန်းရှင်တွေဘက်မှာရော ဘာ့ကြောင့်အခက်အခဲ ဖြစ်နေတာလဲခင်ဗျ။

UMM – အခုချိန်မှာတော့ လွှတ်တော်မှာ နောက်နှစ်အတွက် ဘတ်ဂျက်စဆွေးနွေးနေပြီပေါ့နော်။ အခု  ဇူလိုင်မှာတင်ပဲ ဆုံးဖြတ်နေပြီ။ အောက်တိုဘာလ  ၁ ရက်ဆို နောက်နှစ်ဘတ်ဂျက်ရောက်ပြီ။ ဆိုလိုတဲ့ အဓိပ္ပာယ်က နောက်နှစ်မှာ အသုံးပြုမယ့်ပိုက်ဆံကို  ဒီနှစ်ဘတ်ဂျက်နှစ်ကတည်းက လွှတ်တော်မှာ အတည် ပြုချက်ယူပြီးသား။ တကယ်တမ်းဖြစ်သင့်တာက ဘတ်ဂျက်ရပြီဆိုရင် အောက်တိုဘာလ ၁ ရက်ကတည်းက ဒီတင်ဒါခေါ်ဖို့ Process ကို စသင့်တာပေါ့နော်။ ဘတ်ဂျက်နှစ်ပြောင်းလဲလိုက်တဲ့ ရည်ရွယ်ချက်ကိုက ဒီပွင့်လင်းရာသီမှာလုပ်နိုင်ဖို့။ အဲဒီအချိန်မှာ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့။ သို့သော်လည်း အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ဝန်ကြီးဌာနတွေရဲ့ တကယ့်လုပ်ရပ်က ကွာဟနေတယ်။ ဘတ်ဂျက်နှစ် ပြောင်းလဲလိုက်ပေမယ့်လည်း ဝန်ကြီးဌာနအတော်များများကတော့ ဘတ်ဂျက်နှစ်စတာနဲ့ တင်ဒါမခေါ်နိုင် ကြဘူး။

ဒီနေ့မှာပဲ စက်မှုဝန်ကြီးဌာနက တင်ဒါတစ်ခုကို  ဒီနေ့မှတင်ခိုင်းတယ်။ စဉ်းစားကြည့်ပါ။ အခုတောင် ဩဂုတ်လ ၂ ရက်ဖြစ်နေပြီဗျာ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တင်ဒါပေါ့နော်။ (၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။) ဒီနေ့မှ တင်ဒါတင်ရမယ်ဆိုတော့ နှစ်လပဲကျန်တယ်။ ရှေ့ဆယ်လမှာ ဘာလုပ်နေလဲ။ ဒါလုံးဝသက်သေအထောက်အထားတစ်ခုပါ။ တင်ဒါခေါ်တဲ့အချိန် အရမ်းနောက်ကျတယ်။ အခုနှစ်လလိုတယ်ဆိုပေမယ့်လည်း တင်ဒါကို ဘယ်နေ့ဖွင့်မလဲမသိသေးဘူးလေ။ တင်ဒါပြန်ဖွင့်မှာနဲ့၊ တင်ဒါကြေညာမှာနဲ့က  နောက်လလည်းဖြစ်နိုင်တယ်။ တကယ်လုပ်ရမယ့်အချိန်က တစ်လပဲကျန်တယ်။ ဒီတစ်လအတွင်းက Site ထဲမှာ တဲသွားထိုးရမှာနဲ့၊ ရှင်းရမှာနဲ့ဆိုရင်  တော်တော်လေးခက်ခဲတယ်။ ဒီလိုဖြစ်တော့ နိုင်ငံတော်က တကယ်လျာထားတဲ့ဟာကို လက်တွေ့မသုံးနိုင်ဘူး ဖြစ်နေတယ်။ နောက်တစ်ခါဆိုးကျိုးက တစ်နှစ်လုပ်ရမယ့်အလုပ်ကို ကန်ထရိုက်တာတွေကို တစ်လ၊ နှစ်လ၊ သုံးလနဲ့ လုပ်ခိုင်းတဲ့အတွက် နေ့၊ ည တွေလုပ်ရတော့ မလိုအပ်ဘဲ အလုပ်သမားတွေသုံးရတယ်။ အချိန်မီမပြီးစီးတာတွေဖြစ်တယ်။ မြန်မြန်ဆန်ဆန်လုပ်ရတော့ လက်ရာမသေသပ်တာတွေဖြစ်တယ်။ နောက်ဆုံးမှာ ဆုံးရှုံးမှုက နိုင်ငံတော်မှာဖြစ်တယ်။ အဲဒီဆုံးရှုံးမှုရဲ့နောက်မှာ နာမည်ပျက်တာက  ကန်ထရိုက်တာတွေ နာမည်ပျက်တယ်။ နောက်ဆုံးကျ  ပုံချလိုက်တာက ကန်ထရိုက်တာမှာဖြစ်နေတယ်။ ကန်ထရိုက်တာအားလုံးလည်း ကောင်းတာမဟုတ်ပါဘူး။ သို့သော်လည်း သူတို့(ဝန်ကြီးဌာန) တွေရဲ့  လုပ်နည်းကိုင်နည်းလည်း လွဲမှားနေတယ်။ ဒါ့ကြောင့် သူတို့လည်း သတ်မှတ်တဲ့ဘတ်ဂျက်နှစ်မှာ လုပ်ငန်း အားလုံးမပြီးစီးဘဲ ၅၁ ရာခိုင်နှုန်း ကျန်ရှိတယ်ဆိုတာ ဒါဝန်ကြီးဌာနရဲ့ အားနည်းချက်တစ်ခုပါပဲ။

ဒါ့အပြင် စက်မှုဝန်ကြီးဌာနရဲ့ တင်ဒါစည်းမျဉ်းမှာ ဘာပါလဲဆိုရင် စက်မှုဝန်ကြီးဌာနမှာ လုပ်ဖူးတဲ့ ကန်ထရိုက်တာဆို အမှတ်၂၀ ပေးမယ်တဲ့။ ကျွန်တော်ဆိုလိုတာက ကန်ထရိုက်တာအားလုံးက မြန်မာနိုင်ငံ သားတွေချည်းပဲ။ သူတို့နဲ့ လက်ပွန်းတတီးလုပ်တဲ့သူမှသာ ဒီတင်ဒါကိုရမလိုဖြစ်နေတယ်။ အမှတ် ၂၀ ဆိုတာ နည်းတဲ့အမှတ်မဟုတ်ဘူး။ ဒီတင်ဒါစည်းကမ်းကို စိတ်ဆိုးပြီး ကျွန်တော်တို့က သွားမတင်တော့ဘူး။  ရှင်းရှင်းပြောရင် ဒါကလုပ်ဇာတ်ကြီးကိုဖြစ်နေတာ။  အဲဒီတော့ လူကြီးတွေက အဂတိနဲ့ ဘယ်လိုပဲအရေးယူယူ တင်ဒါစည်းမျဉ်းစည်းကမ်းက တစ်ကြောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းသလို ဖြစ်နေတယ်။  ဝန်ကြီးဌာနအလိုက် တိုင်းနဲ့ပြည်နယ်အလိုက်  အမျိုးမျိုးသော စည်းကမ်းတွေဖြစ်နေတယ်။

The Voice Journal – ခုပြောတဲ့ အမှတ်၂၀ ဆိုတာက တင်ဒါရဖို့အတွက် ပိုကောင်းတဲ့ အခွင့်အလမ်းလား။

UMM – ကောင်းတာပေါ့။ အမှတ်ပေးတာမှ ၁၀၀ ပေးတာ အမှတ် ၂၀ ပေးတယ်ဆိုတော့ စဉ်းစားကြည့်လေ။ ဟုတ်တယ်မလား။ စစချင်း Technical Profile ကိုအရင်ပြိုင်ရတယ်။ Technical မှာ သူတို့ဝန်ကြီးဌာနမှာ လုပ်ဖူးရင် အမှတ် ၂၀ ပေးမယ်ဆိုတော့  ကျန်တဲ့လူက အလိုလိုနိမ့်နေတယ်။ ကျန်တဲ့နေရာမှာ  အလားတူလုပ်ဖူးရင် ၁၀ မှတ်ပေးမယ်တဲ့။ အလားတူဆိုတာက သူ့ဝန်ကြီးဌာနမှာ ဆောက်တဲ့ပုံစံမျိုး  ကျန်တဲ့ဝန်ကြီးဌာနက ဆောက်ချင်မှဆောက်မှာပေါ့။ ကျန်တဲ့သူက အကြီးကြီးတွေ အများကြီးဆောက်မယ်ဗျာ။ အလားတူမဟုတ်လို့ဆိုပြီး အမှတ် ၂၀ က ဖျက်ထားလိုက်လို့ရတယ်ဗျာ။ ကျန်တဲ့သူက ဝင်တိုးဖို့က Fair Play မဖြစ်တော့ဘူးပေါ့။ ဒီလိုရှိတယ်။

The Voice Jouurnal – သမ္မတရုံးရဲ့ တင်ဒါစည်းကမ်း ၁/၂၀၁၇ ကိုပဲ တိုင်းနှင့်ပြည်နယ်အလိုက်၊  ဝန်ကြီးဌာနအလိုက် ပုံစံမျိုးစုံ အဓိပ္ပာယ်ဖွင့်နေတယ်လို့ ကြားသိနေရတယ်။ အဲဒါဟုတ်ပါသလား။

UMM – ၁/၂၀၁၇ ကိုကမပြည့်စုံတာ။ ၁/၂၀၁၇ မပြည့်စုံတဲ့အပေါ် အခွင့်ကောင်းယူပြီး လိုရာလုပ်နေ တာတွေရှိတယ်။ တော်တော်ကို အထွေထွေအပြားပြားနဲ့ နားလည်ရခက်တဲ့ တင်ဒါစည်းမျဉ်းတွေရှိတယ်။  တချို့လည်း တကယ်ကောင်းအောင် ရိုးရိုးရှင်းရှင်းလုပ်နေတာရှိပါတယ်။ ဥပမာ – တချို့က ဈေးအနည်းဆုံး သူကို ရွေးတာရှိတယ်။ အနည်းဆုံးရွေးတဲ့အခါ ဈေးကိုဦးစားပေးလိုက်ရင် အရည်အသွေးညံ့တယ်။ တချို့ကျ  ဈေးဘယ်လောက်များများ Technical ကို စစ်လိုက်ပြီး ကောင်းရင်ရွေးတာလည်းရှိတယ်။ တချို့က Technical ကို အမှတ် ၇၀ ပေးပြီး ဈေးကို အမှတ် ၃၀ ပေးတာရှိတယ်။ တချို့က Technical ကို အမှတ် ၃၀ ပေးပြီး ဈေးကို အမှတ် ၇၀ ပေးတာရှိတယ်။ ဆိုလိုတာက တစ်နေရာနဲ့တစ်နေရာ မတူဘူးဖြစ်နေတယ်။ ဆိုလိုတာက ၂ ဘီလီယံနဲ့ လုပ်ရမယ့်အလုပ်ကို ၁ ဒသမ ၅ ဘီလီယံနဲ့ တင်ဒါလာဆွဲပြီဆိုရင် ဒီဟာစဉ်းစားရတော့မယ်။ ၂ ဘီလီယံကို ၁ ဒသမ ၉ ဘီလီယံ လောက်နဲ့ဆိုမဆိုးဘူးပေါ့။ ဒီလောက်ဆိုရင်ဖြစ်သင့်တဲ့ ဈေးပေါ့။ ၁ ဒသမ ၅ ဘီလီယံဆိုရင် လုပ်တတ်တဲ့လူကသိတယ်။ ဒါကရှုံးတဲ့ဈေး။

နောက်တစ်ခုက ပြဿနာက အနည်းဆုံးကို ပေးတဲ့နေရာမှာ အထူးသဖြင့်နယ်စပ်ဒေသတွေပေါ့။  သူတို့ဆီမှာလည်း တရားမဝင်ငွေကြေးတို့၊ မူးယစ်ဈေးတို့ရှိတာကိုး။ ကျွန်တော်ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း၊ တိုင်းနှင့်ပြည်နယ်တွေသွားတော့ ခင်ဗျားတို့ဒါဆို (ဈေးမကိုက်ရင်) မဆွဲဘဲနေပါလားလို့ဆိုတော့ ကျွန်တော်တို့ကတော့ မဆွဲဘူးတဲ့။ ဆွဲတဲ့လူက ဘယ်လောက်ရှုံးရှုံး ဝင်ဆွဲတဲ့သူရှိတယ်တဲ့။  ငွေမည်း ခဝါချချင်တဲ့အတွက်။ အဲဒါကြောင့် ဒီလူတွေက ဆောက်လုပ်ရေးလောကကို ဖျက်ဆီးနေတာနဲ့အတူတူပဲ။ ဒါ့ကြောင့် နည်းချင်သလောက်နည်းဆိုရင် ဒီလိုပြဿနာတွေ ရှိလာနိုင်တယ်။

နောက်တစ်ချက်က ၁/၂၀၁၇ မှာပဲ ငွေကို လေးရစ်ခွဲပေးတယ်။ တချို့လုပ်ငန်းရှင်တွေက ငွေကြေးအခက်အခဲရှိတယ်။ တင်ဒါနဲ့ပတ်သက်ပြီး  ကွဲပြားတာက တင်ဒါ Deposit အတွက် တချို့တိုင်းနဲ့ ပြည်နယ်တွေက ၅ ရာခိုင်နှုန်း Deposit ယူတယ်။ တချို့တိုင်းနဲ့ပြည်နယ်က ၁၀ ရာခိုင်နှုန်းယူတယ်။ ဒါတွေကစပြီး ကွဲပြားတယ်။ ဘယ်လောက်ယူယူ တင်ဒါလုပ်မယ့်သူက အရင်စိုက်လိုက်ရတာ။ လုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးဖို့ ၂၅ ရာခိုင်နှုန်းစိုက်ထားရတယ်။ စိုက်လိုက်ရတော့ တကယ်လို့ ၁၀ ရာခိုင်နှုန်းသာ Deposit တင်လိုက်ရရင် ၂၅ ရာခိုင်နှုန်းပြီးဖို့  ၃၅ ရာခိုင်နှုန်း စိုက်လိုက်ရတာပေါ့။ လုပ်ငန်း ၂၅  ရာခိုင်နှုန်းပြီးလို့ ငွေတောင်းတဲ့အခါ တစ်ခါတလေကျ လုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးခါနီးမှ ငွေကျတယ်။ အဆင့်ဆင့်ကြန့်ကြာလို့။ ဒါ့ကြောင့် သူစိုက်ရတဲ့ငွေက ၆၀ ရာခိုင်နှုန်းဖြစ်သွားပြီ။ ဒီလိုဖြစ်တဲ့အခါ မရှိရင်ချေးငှားရမယ်။ အရင်ကမှ တင်ဒါက ပွတ်ကာသီကာ အမြတ်ကျန်ရတဲ့ကြားထဲ ငွေရတာကြန့်ကြာတော့ ဒုက္ခရောက်တာရှိတယ်။ တင်ဒါတန်ဖိုးနည်းရင် ပြဿနာသိပ်မရှိပေမယ့် ဥပမာ – တင်ဒါတန်ဖိုးက ၁၀ ဘီလီယံလောက်ဆိုရင် ၂၅ ရာခိုင်နှုန်းဆို ၂  ဒသမ ၅ ဘီလီယံဆိုတော့ ကိုယ်က ငွေကြေးအင်အားနည်းတဲ့သူဆို အခက်အခဲဖြစ်တယ်။ တခြားအချက်လေးတွေလည်း အများကြီးပါပဲ။

တင်ဒါမတင်ခင်မှာ PE တွေ၊ RSE တွေကို အင်ဂျင်နီယာကောင်စီရဲ့ သတ်မှတ်ချက်အရ လက်မှတ် ထိုးခိုင်းတယ်။ ဥပမာ – ဒီတင်ဒါတစ်ခုကို ကန်ထရိုက်တာ အယောက် ၃၀ တင်ဒါဝင်ဆွဲချင်ဆွဲမယ်။ ၅၀ ဆွဲချင်ဆွဲမယ်။ ဘယ်သူရမယ်မှန်း မသိဘူး။ PE တို့၊ RSE တို့လိုအပ်တဲ့ အင်ဂျင်နီယာပညာရှင်ကို  လက်မှတ်ထိုးခိုင်းတယ်။ တချို့ကုမ္ပဏီတွေမှာက ကိုယ်ပိုင်ရှိတယ်။ တချို့ကုမ္ပဏီတွေမှာက မရှိဘူး။  မရှိတဲ့အခါကျတော့ အပြင်မှာ လက်မှတ်ထိုးခိုင်းတော့  ၁၀ သိန်း၊ သိန်း ၂၀ အဲဒီလိုထိုးရတယ်။ ဥပမာ- ကုမ္ပဏီ ၃၀ ဝင်ပြိုင်တယ်ဆိုပါစို့။ ပေးမှာက ကုမ္ပဏီတစ်ခုထဲဆိုတော့ ကျန်တော့ ၂၉ ကုမ္ပဏီသည် ဘာမှမလုပ်ရဘဲ အလကားသက်သက် ပိုက်ဆံကုန်သွားတာရှိတယ်။ သူ့စည်းမျဉ်းစည်းကမ်းမှာတင်  လွဲချော်နေတာတွေ အများကြီးပဲ။

The Voice Journal – တင်ဒါငွေထုတ်ရတဲ့ အပိုင်းမှာလည်း လက်မှတ်တွေ အများကြီးလိုတယ်ဆိုပြီး သိရတယ်။ ဘယ်လိုတွေလိုတာလဲ။ တကယ်ရော လိုအပ်တဲ့ဟာတွေ ဟုတ်ရဲ့လား။

UMM – ဥပမာ ကျွန်တော်တို့ ဆေး (၁) မှာ ဆောက်နေတဲ့ အဆောက်အအုံပေါ့နော်။ ဆေး (၁) မှာက QC ကလည်းမြန်တယ်။လက်မှတ်ထိုးပေးတယ်။  သို့သော်လည်း အဲဒီမှာထိုးပြီးရင် သူတို့တည်ဆောက် ရေးကော်မတီက အစည်းအဝေးထိုင်တယ်။ ထိုင်ဖို့အတွက် တိုင်းမှာရှိတဲ့ အင်ဂျင်နီယာတွေ၊ စည်ပင်တွေ  အကုန်ခေါ်တယ်။ ဒါကလည်း သိပ်တော့မကြာဘူး။   ပြီးရင် ရန်ကုန်တိုင်းဒေသကြီးမှာ တင်တယ်။  အစိုးရ အဖွဲ့မှာ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးရင်တစ်ခါ လူမှုရေးဝန်ကြီးက လက်မှတ်ထိုးတယ်။ ထိုးပြီးရင်တစ်ခါ ဆေး (၁) ကို ပြန်ရောက်တယ်။ ဆေး (၁)  ကနေ ပြည်ထောင်စုကို ပြန်သွားတယ်။ ပြည်ထောင်စုမှာ ဝန်ကြီးနဲ့ဆုံးဖြတ်တယ်။ အစည်းအဝေးဆုံးဖြတ်ပြီးရင် အစည်းအဝေးမှတ်တမ်း မထွက်သေးလို့၊ ဝန်ကြီး အစည်းအဝေးမထိုင်သေးလို့နဲ့။ ကျွန်တော်တို့လုပ်တာ  ပထမပိုင်းတုန်းကမြန်တယ်။ နောက်ပိုင်းကျ ပိုက်ဆံ တစ်ခါထုတ်တာ သုံးလလောက်ကြာတယ်။ ကျွန်တော်တို့ တော်တော်ဒုက္ခရောက်တယ်။ ဆင့်ကဲဆင့်ကဲ  သိပ်များတယ်။ တနင်္သာရီတိုင်းမှာလည်း သွားလုပ်တဲ့အခါ ငွေတစ်ခါထုတ်ဖို့အတွက် လုပ်ရတဲ့အဆင့်က  ၂၂ ဆင့်ရှိတယ်။ ထောက်ခံချက်လက်မှတ်ထိုးရတာ။  ကျွန်တော်တို့က ဘာလုပ်ရလဲဆိုရင် ရပ်ကွက်အုပ်ချုပ် ရေးမှူးနဲ့ထိုးရတာ။ မြို့နယ်လည်းထိုးရတယ်။ ခရိုင်လည်း ထိုးရတယ်။ စည်ပင်သာယာလည်း ထိုးရတယ်။ မြို့မိမြို့ဖလည်း ထိုးရတယ်။ လွှတ်တော်ကိုယ်စားလှယ်လည်း ထိုးရတယ်။ အဲဒီလောက် အဆင့်တွေများတဲ့ အခါကျ ဘာဖြစ်လာလဲဆိုရင် ခုနပြောသလို ၂၅  ရာခိုင်နှုန်းအတွက် ၅၀ ရာခိုင်နှုန်းအလုပ်ပြီးမှရသလို ဖြစ်နေတယ်။ တစ်နေရာနဲ့တစ်နေရာမတူဘူး။ တချို့ကျ တိုင်းဒေသကြီးကိုယ်တိုင်က ဆုံးဖြတ်ပေးလို့ရတာ ရှိတယ်။ တချို့ကျ တိုင်းဒေသကြီးလည်းပြီးပြီ။  ပြည်ထောင်စုပြန်တင်တယ်။ ကျွန်တော်တို့တော့  နားမလည်ဘူး။ သူတို့ဘာလို့ မယုံမကြည်ဖြစ်နေတာလဲ။ တကယ်ကျ လူ ၂၀ ပဲ လက်မှတ်ထိုးထိုး၊ ၃၀ ပဲ ထိုးထိုး အဲဒီတင်ဒါလုပ်ငန်းမှာ တစ်စုံတစ်ခုမှားတယ်ဆိုရင် အဲဒီလက်မှတ်ထိုးတဲ့လူတွေက တာဝန်ယူမှာ  မို့လို့လား ကျွန်တော်ကသိချင်တာ။ ၂၀ ပဲထိုးထိုး၊  ၃၀ ပဲထိုးထိုး၊ နောက်ဆုံးအမှားအယွင်းဖြစ်ရင်  ကန်ထရိုက်တာပဲ ထောင်ကျမယ်။ QC လည်း ၂  ရာခိုင်နှုန်းသာယူတာ။ တကယ်ဖြစ်ရင် သူလည်းဘာမှ တာဝန်မယူဘူး။ ဆိုလိုတာက လက်မှတ်တွေ အများကြီးထိုးမယ့်အစား သက်ဆိုင်ရာ QC က  အိုကေတယ်ဆိုရင် ဒါကသူတို့တရားဝင်ခန့်ထားတဲ့  QC လေ။ ကျွန်တော်တို့ ခန့်ထားတာမှမဟုတ်တာ။  ထိုးပြီးလို့ရှိရင် အပေါ်ကနှစ်ယောက်၊ သုံးယောက်လို့  ထိုးပြီးပေးလိုက်တော့ပေါ့။ ကန်ထရိုက်တာတွေက  ပိုက်ဆံလည်းချေးထားတော့ သုံးလလောက်ထပ်ကြာရင် သုံးလစာအတိုးတက်တယ်။ ဒါကြောင့်မို့ ငွေပေး တဲ့စနစ်ကလည်း တော်တော်ကို စိတ်ညစ်စရာကောင်းပါတယ်။ တစ်နေရာနဲ့တစ်နေရာမတူဘူး။ ငွေပေးတာ  အင်မတန်ကြာတယ်။ ဘာလို့ လူ ၂၀၊ ၃၀ လက်မှတ်ထိုးပြီးမှ ထုတ်ပေးတာလဲ။

The Voice Journal – အချို့နေရာတွေမှာ  တင်ဒါလျှောက်မယ့်သူမရှိလို့ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ မပြီးတာဆိုပြီး ပြောကြတာရှိတယ်။ လုပ်ငန်းရှင်တွေဘက်ကကျ တင်ဒါလျှောက်ဖို့ ဘယ်လို စ စဉ်းစားလဲ။ ဘာ့ကြောင့် တင်ဒါ မလျှောက်ကြတာလဲ။

UMM – ဘာလို့မလျှောက်လဲဆိုရင် တချို့တိုင်းဒေသကြီးကိုယ်၌ကိုက သူတို့သည် တင်ဒါကို  အသက်သာဆုံးနဲ့ လုပ်ပေးနိုင်တယ်ဆိုတဲ့ပုံစံနဲ့ အမှတ်ယူချင်တဲ့အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ပညာရှင်နဲ့   ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနဲ့ တွက်ချက်တင်ပြပြီး တောင်းခံတာမျိုး မဟုတ်တာက တစ်ပိုင်းပါတယ်။  တချို့နေရာတွေက PAE (Plinth area estimate)  နဲ့ ပုံသေထားပြီး တွက်တာရှိတယ်။ အခြေခံပညာ ကျောင်းတစ်ကျောင်းဆောက်မယ်ဆို တချို့နေရာတွင် မြေညီတယ်။ ခုံတုံးတစ်ပေထားရမယ်။ ။ ရွှံ့မြေမဟုတ် ဘူး။ အောက်သုံးပေဆို တူးလိုက်ရုံပဲ။ သူက အဆင်ပြေတယ်။ တချို့ကျသူက လယ်ကွင်းထဲမှာ ဖြစ်နေတယ်။ မြေက လေးပေလောက်နိမ့်တယ်။ နောက် ရပ်မိရပ်ဖပဲဖြစ်ဖြစ်၊ ကျောင်းအကျိုးတော်ဆောင်ပဲ ဖြစ်ဖြစ် လယ်ကွင်းက ရေဝပ်တယ်။ ကျောင်းဆိုတာ လမ်းထက်မြင့်မှ ဖြစ်မယ်လို့ပြောရင် လယ်ကွင်းရဲ့အပေါ်ကို လေး၊ငါးပေလောက်မြှင့်ပြီး ဆောက်ရတယ်။ မြေပေါ်မှာပဲ ဆောက်လို့ရတာမဟုတ်ဘူး။ မြေကြီးထဲ  သုံးပေလောက်ဝင်ရသေးတယ်။ ခုံးတုံးတစ်ပေဖြစ်ရမယ့်အထဲ ခုံတုံးက လေးပေ၊ ငါးပေဖြစ်ရတယ်။  ပြောချင်တာက တစ်နေရာနဲ့တစ်နေရာ ပေ ၃၀၊  ပေ ၁၂၀ ဆောက်တယ်ဆိုတာ အတူတူပဲဆိုရင် ပြဿနာက သွားဖြစ်တယ်။ ဒါက PAE နဲ့တွက်လို့။  ဒီအနိမ့်အမြင့်မညီတဲ့နေရာတွေကဒီလိုပဲ။ အခက်အခဲတွေ အများကြီးဖြစ်တယ်။ တကယ့်မြေပြင်ကိုကြည့်ပြီးမှ သတ်မှတ်သင့်တာပေါ့။ ဒါ့ကြောင့် မလုပ်ခင်ကတည်းက ဆုံးရှုံးနေလို့ မဆွဲတာ။

နောက်တစ်ချက်က တချို့အစိုးရဝန်ကြီးဌာနတွေက အင်ဂျင်နီယာနဲ့ စနစ်တကျတွက်ချက်တင်ပေးတယ်။ လွှတ်တော်ကဟာ ဘယ်မှာတော့ PAE  ဘယ်လောက်နှုန်း၊ ဒါကြီးကတော့ မဖြစ်သင့်ဘူးဆိုပြီး  ဖြတ်ချတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ကစိစစ်လိုက်လို့ ဘယ်မှာတော့ ဘယ်လောက်လျော့သွားတယ်ဆိုပြီး ဖြတ်ချတယ်။ တကယ်ဖြစ်သင့်လို့ ဖြတ်ချရင်တော့ ပြဿနာမရှိဘူး။ မဖြစ်သင့်တာကို ဖြတ်ချမိရင် ဘယ်လိုပဲလုပ်လုပ် သိန်း ၅၀၀ လောက်လုပ်ရင် သိန်း ၃၀၀ လောက် ရှုံးရမယ်ဆိုတာမျိုးကျ မလုပ်တော့ဘူး။

တချို့နေရာတွေ ငွေမည်းသိပ်ပေါတဲ့နေရာတွေမှသာ ဒီအလုပ်ကိုဝင်လုပ်ပြီး ဒီအလုပ်က အမြတ်ရပါတယ်ဆိုပြီး ပုံစံနဲ့ ငွေမည်းကို ငွေဖြူဖြစ်ချင်တဲ့ နေရာမျိုးကလွဲပြီး ငွေမည်းကို ငွေဖြူလုပ်မယ့်သူမရှိတဲ့ နေရာမျိုးကျ တင်ဒါဆွဲမယ့်သူ မရှိတာမျိုးဖြစ်တာပါ။ ဒါမျိုးကို အစိုးရပိုင်းကရော၊ လွှတ်တော်ပိုင်းကရော  ပြန်လည်စိစစ်ပေးသင့်ပါတယ်။

The Voice Journal- ဆောက်လုပ်ရေးကဏ္ဍမှာ ငွေမည်းခဝါချတာတွေ အတော်များများဖြစ်နေတာလား။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ အတွင်းရေးမှူးဆိုတာ ဆောက်လုပ်ရေးကဏ္ဍကို ထဲထဲဝင်ဝင်သိလို့ မေးကြည့်တာပါ။

UMM – ဒါတွေကတော့ ကျွန်တော်ထင်တာ တကယ့်လုပ်ငန်းအကြီးကြီးတွေ ရန်ကုန်လိုမှာကျသိပ်မရှိဘူး။ ဘာလို့မရှိလဲဆိုရင် ဒီငွေမည်းတွေက  တကယ့် Professional သမားတွေမဟုတ်ဘူး။ သူတို့ကျတော့ အဖြစ်ပေါ့နော်။ လုပ်တဲ့လူတွေ။ ခုနပြောတဲ့ တချို့မြို့နယ်တွေမှာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ မှောင်ခိုလမ်းကြောင်းပဲ ဖြစ်ဖြစ်ရှိတဲ့ ဒေသတွေမှာ ပိုအဖြစ်များတယ်။ တကယ့် မြို့ကြီးပြကြီးတွေမှာ အဖြစ်နည်းတယ်။ ဒါကြောင့်မို့  မန္တလေးမြို့ဆို ဆွဲမယ့် သူမရှိဘူး။ အဲဒီသဘောပေါ့။  ဆွဲလို့မကိုက်ရင် မဆွဲဘူး။ တချို့ကျ နည်းနည်းရှုံးရင် ရှုံးတယ်။ ဆွဲတယ်။ ဒါကကျတော့ ကိုယ့်လုပ်ငန်း လည်ပတ်ဖို့။ ကျွန်တော်တို့လည်း တစ်ခါတလေကျ အရင်းလောက်ပဲပြန်ရတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်း လည်ပတ်ဖို့ ဝန်ထမ်းတွေ လစာပေးလို့ရအောင်လို့  တင်ဒါဆွဲရတာရှိတယ်။ အဲဒီလိုမျိုးကလွဲလို့ နေရာ တိုင်းတော့ အဲဒီလို (ငွေမည်းခဝါချ) ဖြစ်နေတာတော့မဟုတ်ပါဘူး။ ယေဘုယျပြောတာပါ။ လူတိုင်းသိပါတယ်။ မူးယစ်ဆေးဝါးတွေ ဘယ်ဒေသက အများဆုံးထွက်တယ်။ ဘယ်မှာ မှောင်ခိုအများဆုံးရှိလဲဆိုတာကို။ ဒီနေရာတွေမှာတော့ ဖြစ်လေ့ရှိတယ်။ ဘာလို့လဲဆို ကျွန်တော်က ဆောက်လုပ်ရေးလုပ်ငန်းရှင်များ  အသင်းချုပ်မှာလည်း အတွင်းရေးမှူးဖြစ်တဲ့အတွက်  တိုင်းနှင့် ပြည်နယ်အားလုံးကို ဆက်စပ်နေရတော့ အသင်းတွေရဲ့ တင်ပြချက်အရ ဒါကတကယ့်ကို မှန်ကန်တဲ့ဟာကို ပြောခြင်းဖြစ်ပါတယ်။

The Voice  Journal – ၁/၂၀၁၇ ကို လိုက်နာတဲ့အခါမှာ လိုသလိုအဓိပ္ပာယ်ဖွင့်ပြီး Third-Party လုပ်နေကြလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် Third-Party စည်းမျဉ်းစည်းကမ်းဆိုပြီး ရေးဆွဲနေတာရှိတယ်။ အဲဒါကရော ဘယ်လောက်အရေးပါလဲဗျ။

UMM – တချို့ကလည်း Third-Party လို့ သုံးနှုန်းတယ်။ တချို့ကလည်း QC ဆိုပြီး ပြောကြတယ်။ အခေါ် နည်းနည်းလေးတော့ မတူဘူး။ Third-Party မှာ ဘာသွားဖြစ်လဲဆိုရင် တချို့ကျတော့ နိုင်ငံတော်က ပေးထားတဲ့ဈေးနှုန်းကို သူတို့မသိဘူး။ သူတို့ပေးထားတဲ့ဈေးနှုန်းက မြန်မာဈေးနှုန်း။ သူတို့စစ်တာက  International နဲ့ စစ်တာ။ သူတို့ကတကယ့်ကို နိုင်ငံတော်ရဲ့ စံချိန်စံညွှန်းကဘယ်လို၊ သူတို့ရဲ့သမား ဂုဏ်တွေပြတာ။ ပြတဲ့အခါကျတော့ အဆင်မပြေဘူးပေါ့။ ဒီကန်ထရိုက်ဘက်ကို လိုက်ဖို့မလိုဘူး။ Third-Party ဆိုကတည်းကိုက Client နဲ့ ကန်ထရိုက်ကြားမှာနေရတဲ့၊ ဟိုဘက်ဒီဘက်ကို မှန်ကန်မျှတစွာ နေပေးရမယ့် ပုဂ္ဂိုလ်ပေါ့နော်။  အဲဒီလိုဖြစ်သင့်တာပေါ့။  နောက်တစ်ခါ သံချောင်းဈေးဆိုလည်း တွက်တာက  တင်ဒါခေါ်ကတည်းက ဆောက်လုပ်ရေးဈေးက ခြောက်သိန်းဈေး၊ တကယ်အပြင်မှာ ဝယ်ခိုင်းတာက  ဆိုဒ်ပြည့်ဆို ကိုးသိန်းဝယ်ရတဲ့အခါကျ ကိုးသိန်းဝယ်ရင်ရှုံးပြီ။ ကုမ္ပဏီကြီးတွေကတော့ ဝယ်ရတာပေါ့။  တခြားကုမ္ပဏီတွေ ပုတ်ခတ်ပြောတာမဟုတ်ဘူး။  အင်အားမရှိတဲ့ပုဂ္ဂိုလ်က မလွယ်ဘူး။ ခြောက်သိန်းနဲ့ တွက်လို့ ခြောက်သိန်းတန်ဝယ်ပေမယ့် QC က ကိုးသိန်းတန်နဲ့စစ်ရင် သူပြဿနာတက်ပြီ။ ဒါက Third-Party  မှာ လက်ရှိဖြစ်နေတဲ့ ပြဿနာပေါ့နော်။ တချို့နေရာကျတော့ မျှတတဲ့သူလည်းရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်စွာ ထိန်းကျောင်းသွားတာလည်း  ရှိပါတယ်။

နောက်တစ်ချက် Third-Party စစ်တဲ့ပိုက်ဆံကို ဘယ်သူကပေးရလဲဆို ကန်ထရိုက်တာကပေးရတယ်။ ဒါကလွဲမှားနေတာတစ်ခု။ QC ကို တကယ်တမ်း ပေးသင့်ပေးထိုက်တာက Owner က ပေးရတာ။ သူ့အလုပ်ကို စစ်တာကိုး။ အစစ်ခံရမယ့်သူက ကိုယ့်ပိုက်ဆံပြန်ပေးရမယ်ဆိုတာက နည်းနည်းတော့လွဲနေတယ်။ စစ်ရမယ့်ကိစ္စကိုလည်း ဒီတင်ဒါကို ဒီတန်ဖိုးသတ်မှတ်ရင် ဒီလိုစစ်ရမယ်ဆိုတာမျိုး သတ်မှတ်သင့်တာပေါ့။ ဒါမျိုးမဟုတ်ဘဲ Third-Party တွေကိုယ်တိုင်ကကို တစ်ကြောင်းတစ်ဂါထာစစ်နေရင်  နည်းနည်းတော့ အခက်အခဲရှိတာပေါ့။

The Voice Journal – ဒါဆို Third Party အပေါ် စည်းမျဉ်းစည်းကမ်းထုတ်မယ်ဆိုတဲ့အပေါ်ဘယ်လိုမြင်လဲ။

UMM – ထုတ်တာကတော့ ထုတ်သင့်ပါတယ်။ ဒါလုပ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့လည်း အဲဒီလူတွေက ရဲ့ဝင့်ပြတ်သားဖို့လိုတယ်။ အခုခေတ်မှာဗျာ တင်ဒါလုပ်တယ်။ သဘောက သိန်း ၁၀၀ ဆိုပါစို့။ မြို့မိမြို့ဖ ကပဲဖြစ်ဖြစ်၊ ကျောင်းအကျိုးတော်ဆောင်ကပဲဖြစ်ဖြစ်  ၁၀ သိန်းဖိုးလောက် အိမ်သာလေးဆောက်ပေးပါဆိုတဲ့ အခါ မဆောက်ပေးရင် သူ (Third-Party) က လက်မှတ် မထိုးပေးတော့ဘူး။ ဒါဆို မတရားတော့ဘူးလေ။ အိမ်သာဆောက်ရင် အိမ်သာဖို့  Third-Partyက ရပ်တည်ပြီး ပြောပေးဖို့လိုတယ်။ သူကပါ အလိုတူ၊  အလိုပါ ဟိုဘက်ကနေရပ်တည်ရင် ဒါ Third-Party မဟုတ်တော့ဘူး။ စည်းမျဉ်းစည်းကမ်းမှာလည်း အစိုးရဘက်မို့၊ လုပ်ငန်းရှင်ဘက်မို့ ဘက်လိုက်တာဆိုရင်လည်း စည်းမျဉ်း၊ စည်းကမ်းကသပ်သပ်၊ တကယ်  အလုပ်ဖြစ်နေတာက သပ်သပ်ဖြစ်သွားလိမ့်မယ်။  တကယ်တမ်း Third-Party ဆိုတာ လုံးဝကိုဘေးထွက်  ကြည့်နေပြီး ခင်ဗျားမှားရင်မှားတယ်၊ ခင်ဗျားမှားရင် မှားတယ်ဆိုပြီး သွားရမယ့်သူပေါ့။ အဲဒီလိုလူက  တကယ့်စည်းမျဉ်းစည်းကမ်းအတိုင်း မျှမျှတတဖြစ်ဖို့လိုတယ်။ တကယ်တမ်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာလွှတ်တော်အဖွဲ့အစည်းတွေ၊  သက်ဆိုင်ရာ Third-Party တွေအနေနဲ့ တကယ့်ကို  မှန်ကန်မျှတတဲ့ စိတ်ထားရှိဖို့လိုတယ်။ ဒါဆိုရင်တော့ အောင်မြင်မှာပါ။ ရှိလည်းရှိသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ကန်ထရိုက်တာတွေဘက်မှာလည်း တကယ့်ကို  ဆိုးဆိုးရွားရွားလုပ်တဲ့သူတွေရှိပါတယ်။ အရှင်းလင်းဆုံး ပြောရရင် တတ်လို့လုပ်တာမဟုတ်ဘဲ၊ ငတ်လို့ လုပ်တာမျိုးတွေလည်းရှိတယ်။ နောက်ကန်ထရိုက်ဆိုရင် ခိုးကို ခိုးရမယ် ဆိုတာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့ ကန်ထရိုက်တာတွေထဲမှာလည်း   အားလုံးကောင်းတယ်တော့ မဆိုလိုပါဘူး။ အခုနောက်ပိုင်း QC တွေ၊ Third-Party တွေနဲ့ စစ်တဲ့အခါကျတော့ ဒီလိုမျိုးကန်ထရိုက်တာတွေလည်း ဘေးကိုရောက်သွားပါပြီ။

The Voice Journal – အခုနောက်ပိုင်း အဂတိမှုနဲ့ စုံစမ်းရတဲ့ ဝန်ကြီးဌာနတွေပေါ်လာတယ်။ အဓိကတော့ တင်ဒါကိစ္စတွေမှာပေါ့။ တကယ့်မြေပြင်မှာရော  လာဘ်ပေးလာဘ်ယူမှုတွေက ဘယ်လိုအခြေအနေရှိလဲ။

UMM – ခုနပြောတဲ့ စက်မှုဝန်ကြီးဌာနမှာ သူ့ဆီမှာလုပ်ဖူးရင် အမှတ် ၂၀ ပေးတယ်ဆိုတာကကို နည်းနည်းလွဲနေတယ်။  အားလုံးက မြန်မာနိုင်ငံသားပါ။ မြန်မာနိုင်ငံမှာ ကုမ္ပဏီထောင်ပြီး မြန်မာနိုင်ငံမှာလုပ်တာကို  သူ့ဆီမှာလုပ်ဖူးသူက တပန်းသာနေတယ်။ ဒါမျိုးတွေက တရားဝင်မဟုတ်ရင်တောင်  သက်သက်ကြီး ဇာတ်လမ်း  လုပ်ထားသလိုဖြစ်နေတယ်။ ဒါတွေက အနီးစပ်ဆုံးကို ပြောပြတာ။ ဒါပေမဲ့ ယခင်ခေတ်နဲ့ စာရင်တော့ တော်တော်လေးကောင်းလာပါတယ်။ တချို့နေရာတွေ မှာ တကယ့်ကိုပွင့်လင်းမြင်သာပြီး တကယ့်ရိုးရိုးသားသား ပေးတာရှိပါတယ်။ တချို့ကျတော့ တင်ဒါဆယ်ခုရှိတယ်။ တကယ်ကောင်းတဲ့ သုံးလေးခုကို  သူ့လူပေးပြီး ကျန်တဲ့ခြောက်ခု၊ ခုနစ်ခုကိုတော့ တွက်ခြေကိုက်တဲ့ စားရတဲ့ဟာကို သူ့လူသူပေးတာရှိတယ်။ မရှိဘူး မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ ၂၀၁၀ ရှေ့အစိုးရလက်ထက်ကစပြီး တဖြည်းဖြည်းနဲ့တော့ ပိုအဆင်ပြေလာတယ်။ ဟိုတုန်းကဆို ကျွန်တော်တို့  ဝင်တိုးလို့မှမရတာ။ သူ့လူနဲ့ သူ ဖြစ်နေတာလေ။ ၂၀၁၀ နောက်ပိုင်းကျ တဖြည်းဖြည်းကောင်းလာတယ်။  ၂၀၁၀ အစိုးရကတည်းက စပြီးကောင်းလာတာပါ။ အခုလည်း ထိုက်သင့်သလောက်တော့ ကျန်ပါသေးတယ်။ တော်တော်ကျန်တယ်ဆိုတာက ပညာရှိနည်းနဲ့လုပ်တာတွေ အများကြီးပေါ့။ သူ့လူသူပေးချင်တဲ့အတွက်ပေါ့။ မကြာသေးခင်ကဗျာ ကျွန်တော်နဲ့ တော်တော်လေးဖြစ်လိုက်သေးတယ်။ လွှတ်တော်တစ်ခုမှာ။ ဘာလဲဆိုတော့ ကုမ္ပဏီပိုင်ရှင်ထဲမှာ ဒေါက်တာဘွဲ့ပါရင် သုံးမှတ်ဆိုတော့။ ကုမ္ပဏီပိုင်ရှင်က  မဆိုင်ဘူးလေ။ ဒါကမဆိုင်ဘူးလေဗျာ။ သူက ပိုက်ဆံရှိလို့ ကုမ္ပဏီထောင်တာပဲ။ ကျန်တဲ့ လုပ်ငန်းလုပ်တဲ့ အင်ဂျင်နီယာရဲ့ အရည်အချင်းကို သတ်မှတ်တာ၊  အမှတ်ပေးတာက လက်ခံလို့ရသေးတယ်။ အဲဒီတော့  ကုမ္ပဏီပိုင်ရှင်တစ်ယောက်က Ph.D ရထားတော့ အဲဒီသူကို ပေးချင်လို့ဆိုတာ သက်သက်ထင်ရှားနေတာ ပေါ့ဗျာ။ အဲဒီလိုမျိုးတွေက အများကြီးရှိပါသေးတယ်။ ယခင်ခေတ်ထက်စာရင်တော့ Positive ဘက်ကို  ရောက်လာတယ်လို့ ပြောလို့ရပါတယ်။

The Voice Journal – လက်ရှိမှာ ဆောက်လုပ်ရေးကဏ္ဍမှာ လည်ပတ်ရတာ အခြေအနေဘယ်လိုရှိလဲ။  စီးပွားရေးတွေ အခြေအနေကောင်းလာပြီလား။  အရင်ကတော့ ဆောက်လုပ်ရေးတွေ ရပ်သွားတယ်ဆိုတာမျိုး လုပ်ငန်းရှင်တွေပြောနေကြလို့။

UMM – အမှန်ပဲဗျ။ တကယ်ကျတော့ ဆောက်လုပ်ရေး ကဏ္ဍက အတော်လေးကို အခြေအနေမကောင်းဘူးလို့  ပြောရမယ်။ အဓိကအားဖြင့် အခန်းရောင်းဝယ်တဲ့ကိစ္စတွေပေါ့နော်။ ဒီအစိုးရတက်စကတော့ ရှေ့အစိုးရရဲ့ ဘတ်ဂျက်ကို ပြန်စိစစ်နေရလို့ တင်ဒါက မပေးဘူး။  နောက်တစ်နှစ်ပေးတယ်။ နောက်ကျ ခြောက်လ ဘတ်ဂျက်ဖြစ်သွားတော့ ဘတ်ဂျက်ကနည်းတော့ တင်ဒါမပေးပြန်ဘူး။ ဘယ်လိုပြောရမလဲဆို ကိုယ့်ဘာသာ Developer လုပ်ရောင်းချ (တိုက်ခန်းဆောက် ပြန်ရောင်း) ရတာတွေ ကျဆုံးသွားတဲ့အချိန်မှာပဲ တစ်ဖက်က နိုင်ငံတော်ရဲ့တင်ဒါကလည်း အကျဘက်ကို ရောက်တဲ့အခါကျ တကယ့်ကန်ထရိုက်တာစစ်စစ် တွေအတွက် အခက်အခဲနဲ့ ကြုံရတဲ့ကာလလို့ ပြောရမယ်။ Developer ကတော့ တိုက်ခန်းဆောက်တယ်။  ပြန်ရောင်းတယ်။ မရောင်းရရင်  သူမလုပ်တော့ဘူး။  တခြားအလုပ်လုပ်မယ်။ ကန်ထရိုက်တာတွေမှာလည်း  ငွေနည်းနည်းပဲ ရင်းနိုင်သူတွေလည်း မလုပ်နိုင်တော့ဘူး။ ထိုနည်းတူစွာ နိုင်ငံတော်တင်ဒါဘက်လှည့်မယ်ဆိုတော့လည်း တင်ဒါကနည်းသွားတော့ အခက်အခဲဖြစ်တာပေါ့။ နောက်ပိုင်းပေးလိုက်ပြန်တော့ သူတို့ တင်ဒါဖွင့်တဲ့ ကာလတွေက အရမ်းတိုတယ်။ ဒေါ်လာဈေးကလည်း သိတဲ့အတိုင်း ၁၄၀၀ ကျော်လောက်ကနေ ၁၆၀၀ ကျော်လောက် တက်သွားတော့ ဒုက္ခကြုံရတယ်။ ဒါတွေနဲ့ကြုံရလို့ ဆောက်လုပ်ရေးက အခုထိ ယဲ့ယဲ့ပဲ ရှိပါတယ်။ တကယ့်ကို Industry တွေထဲမှာ Professional လောက်ပဲ ကျန်တယ်။  အကြီးကြီးတွေကတော့ ရှင်းရှင်းပြောရင် ငွေထုပ်ပိုက်ပြီးစောင့်နေတာ။ ခေတ်ကောင်းရင် ဝင်အောလိုက်မယ်။ ခေတ်မကောင်းရင် ဘေးထိုင်နေမယ်။  တကယ့် Professional လုပ်တဲ့သူကတော့ သူ့ရဲ့ ဝန်ထမ်းတွေကို ထိန်းဖို့အတွက် ရှုံးရှုံးမြတ်မြတ် ဒီထဲမှာလည်ပတ်ရတာပေါ့။

The Voice Journal – အစိုးရသက်တမ်း သုံးနှစ်လေးလကျော်သွားပြီ။ ကျန်တဲ့သက်တမ်းမှာရော ဒီအစိုးရမတက်ခင် အခြေအနေမျိုးကို ဆောက်လုပ်ရေးကဏ္ဍက ပြန်ရောက်လာနိုင်သလား။  ရှေ့အစိုးရတုန်းကတော့ ဆောက်လုပ်ရေးကဏ္ဍကောင်းတယ်ဆိုပြီး လုပ်ငန်းရှင်တွေက ပြောကြတာဆိုတော့ လေ။

UMM – အမှန်အတိုင်းပြောရရင် အဲဒီလိုကောင်းလာမယ်လို့ မျှော်လင့်လို့မရဘူး။  ဒီအခြေအနေထက် မဆိုးသွားဖို့ပဲ မျှော်လင့်လို့ရတယ်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *