အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေသစ် ဘာထူးခြားမလဲ

မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် လစ်ဟာချက်ဖြစ်နေဆဲ အခွန်ရှောင်ရှားမှုကို ကာကွယ်ဟန့်တားနိုင်မည့် ပြဋ္ဌာန်းချက် ဤဥပဒေသစ်တွင် ပါဝင်လာမည်ဖြစ်သည်။

ဤဥပဒေသစ်ဆိုသည်မှာ လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ဖြစ်သည်။

ထိုဥပဒေသည် ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိကောက်ခံနေသည့် အခွန်ဆိုင်ရာဆောင်ရွက်ချက်များကို အသေးစိတ်ပြဋ္ဌာန်းထားသည့် စီမံအုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာဥပဒေ ဖြစ်သည်။

ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ဥပဒေတစ်ရပ်ရပ် အရထည့်သွင်းရမည့် အခြားအခွန်အမျိုးအစားများနှင့် သက်ဆိုင်သည့် ဥပဒေဖြစ်သည်။

လက်ရှိကျင့်သုံးနေသော အခွန်ဥပဒေများတွင် သီးခြားစီဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်းများရှိသလို ဥပဒေကို လိုက်နာရန်ပျက်ကွက်မှု၊ ချိုးဖောက်မှုများကို အရေးယူအပြစ်ပေးသည့် ပုံစံတွင်လည်း ကွဲပြားမှုရှိသည်။

ယခုအခါ ထိုအချက်များကို တစ်ပြေးညီ သတ်မှတ်လိုက်ပြီး ယခင်က အခွန်ဥပဒေများတွင် မပါဝင်ခဲ့သော၊ လစ်ဟာနေသောအချက်များလည်း ဖြည့်စွက်ပါဝင်လာသည်။

ပြင်ဆင်ချိန်ကြာမြင့်ခဲ့သည့် ဥပဒေသစ်

လက်ရှိ တည်ဆဲအခွန်ဥပဒေများထက် ယခုအခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေတွင် ပြည်တွင်းအခွန်များဦးစီးဌာနကို လုပ်ပိုင်ခွင့်နှင့် တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုပေးအပ်ထားသည်။

“တကယ်တမ်း ပြည်တွင်းအခွန်များ ဦးစီးဌာနကို လုပ်ပိုင်ခွင့်ပေးထားတဲ့ ဥပဒေတွေက သိပ်ပြီးတော့ အားမကောင်းဘူး။ ဘယ်ဟာကို ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ မရှိဘူး။ အခု ဒီဥပဒေကကျတော့ လုပ်ထုံးလုပ်နည်းတွေရော၊ လုပ်ငန်းစဉ်တွေကိုပါ ဘယ်လို လုပ်ရမယ်ဆိုတာကို ဥပဒေနဲ့ ပြဋ္ဌာန်းလိုက်တဲ့အတွက် ကြိုဆိုရမယ့် ကောင်းမွန်တဲ့ ကိစ္စပါ”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်  (UMFCCI) ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်က ဆိုသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပေဒ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ရသည့် ခရီးက အချိန်အတော်ကြာမြင့်ခဲ့သည်။

အဆိုပါဥပဒေမူကြမ်းကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် ဆွေးနွေးညှိနှိုင်းမှု ၂၂ ကြိမ်ပြုလုပ်ခဲ့ရကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးက ပြောသည်။

မြန်မာနိုင်ငံဝါဏိဇ္ဇဘွဲ့ရများအသင်းက ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ဟောပြောပွဲတွင် ၎င်းက ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

ယခုအခါ ထိုအခွန်ဥပဒေများ၏ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတွင် တစ်စုတစ်စည်းတည်း ပြဋ္ဌာန်းလိုက်ခြင်းလည်း ဖြစ်သည်။

မကြာမီ အသက်ဝင်တော့မည့် အဆိုပါဥပဒေသစ်တွင် ပြောင်းလဲမှု၊ ထူးခြားမှုများပါဝင်သည်။

ဥပဒေသစ်မှာ ဘာတွေပါလဲ

ပထမဆုံးအချက်မှာ အခွန်ထမ်း တစ်ဦးချင်းစီအတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် (Tax Identification Number – TIN) သတ်မှတ်ပေးခြင်းဖြစ်ပြီး ထို TIN အမှတ်ကို အခွန်အားလုံးအတွက် အသုံးပြုရမည် ဖြစ်ကြောင်း ယင်း ဥပဒေတွင် ဖော်ပြထားသည်။

“နောက်ပိုင်းမှာ ဒီ TIN နံပါတ် တစ်ခုထဲကိုပဲ သုံးရမယ်။ ဘဏ်တွေကလည်း ဒီဟာကို အသုံးပြုရမယ်။ တခြား သက်ဆိုင်ရာဌာနတွေနဲ့လည်း TIN  နံပါတ်ကို ကျွန်တော်တို့ အကုန်ချိတ်ဆက်ထားပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ရှင်းပြသည်။

နောက်ပိုင်းကာလများတွင် အခွန်ကိစ္စရပ်များသာမက အခွန်ထမ်း၏ လုပ်ငန်းဆောင်ရွက်ချက်၊ ငွေပေးငွေယူအချက်အလက်များကို TIN နံပါတ်ရိုက်ရှာရုံဖြင့် သိရှိနိုင်မည်ဖြစ်ပြီး လတ်တလောတွင် ကုမ္ပဏီ၊ လုပ်ငန်းများအတွက် TIN  နံပါတ်အလုံးရေသုံးသိန်းထုတ်ပေးထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နောက်တစ်ချက်မှာ အခွန်ကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးခြင်းကို ယခင်က မြန်မာနိုင်ငံမှ ထွက်ခွာချိန်မှသာ ထုတ်ပေးလေ့ရှိပြီး ယခုဥပဒေသစ်အရ အဆိုပါလက်မှတ်ကို အခွန်ထမ်းပြည်သူက တောင်းခံလာပါက ဥပဒေပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိလျှင် ထုတ်ပေးမည်ဖြစ်သည်။

အခွန်ထမ်းနှင့် အခွန်ဌာနရုံးအကြား ယခင်ထက် ပိုမိုတာဝန်ယူ၊ တာဝန်ခံမှုရှိစေရန် အများပြည်သူဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက် (Public Rulings) နှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများအတွက် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းချက် (Advance Rulings) များလည်း ပါဝင်လာသည်။

“အရင်တုန်းက အခွန်ကျမယ်၊ မကျဘူးပြောလိုက်ရင် ပြီးသွားရော။ အခု ကတော့ အဲလိုမေးလာရင် တရားဝင်စာနဲ့ ဖြေရမယ်။ မှားပြီး ပြောမိရင်လည်း ပြောထားတဲ့အတိုင်းပဲ။ ကျွန်တော်တို့ ဖြေတဲ့ စကားသည် မှားရင်လည်း ကျွန်တော်တို့ တာဝန်ယူရမယ်ဆိုတဲ့ သဘောပေါ့။ ပိုခိုင်မာစေတဲ့သဘောပါ”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပြသည်။

အဆိုပါ ဥပဒေသစ်တွင် တခြားသော ပြောင်းလဲမှု၊ ထူးခြားချက်များစွာ ရှိသေးသည်။

အဓိကအချက်မှာ ယခင်က အခွန်ဌာနက အသာစီးယူထားသည့် ဥပဒေပြဋ္ဌာန်းချက်များရှိခဲ့သော်လည်း ယခု ဥပဒေသစ်တွင် အခွန်ထမ်းနှင့် အခွန်ဌာနကြား ပိုမိုမျှတသည့်ပြဋ္ဌာန်းချက်များဖြစ်လာကြောင်း ဦးမင်းထွဋ်ကပင် ဆက်လက်ပြောပြသည်။

အခွန်ထမ်းများ အခွန်ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကာလစည်းကမ်းသတ်များကို ပြင်ဆင်ခြင်းနှင့် အခွန်ပေးဆောင်ရန် ခက်ခဲချိန်တွင် အခွန်ပေးရမည့်ရက်ကို တိုးမြှင့်ခွင့်တောင်းခံနိုင်ပြီး ပေးသွင်းရမည့် အခွန်ကို အရစ်ကျဖြင့် ပေးဆောင်စေမည့် အစီအစဉ်စသည့်အချက်များလည်း ပါဝင်သည်။

“အရင်က အခွန်စည်းကြပ်မှုပြီးသွားရင် သုံးနှစ်အတွင်းမှာ ဒီအခွန်ထမ်းသည် မှန်မှန်ကန်ကန်ပဲ အခွန်ပေးခဲ့တယ်။ သို့သော်လည်းပဲ အခွန်မှူးက မှားယွင်းတွက်ချက်မိလို့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခွန်ထမ်းဘက်က မှားယွင်းမှုရှိခဲ့တယ်လို့ သိပြီး ရိုးရိုးသားသားနဲ့ပြန်တင်ပြမယ်ဆိုရင် အခွန်ပြန်စည်းကြပ်မှု လုပ်လို့ရမယ်။ အခု ဥပဒေအရတော့ ခုနစ်နှစ်အတွင်းမှာ မှားတာတွေ့လို့ ပြန်ပြင်ချင်တယ်ဆိုရင် ပြန်ပြင်လို့ ရမယ်”ဟု မြန်မာနိုင်ငံဝါဏိဇ္ဇဘွဲ့ရများအသင်း အတွင်းရေးမှူးဦးမိုးကျော်က ဆိုသည်။

ထို့အတူတည်ဆဲဥပဒေများအရ အခွန်လိမ်လည်မှုအတွက် ပြန်လည်စည်းကြပ်ခြင်းကို နှစ်အကန့်အသတ်မရှိ လုပ်ဆောင်ခွင့်ပြုထားသော်လည်း ယခု ဥပဒေသစ်အရ ယင်းသို့ စည်းကြပ်မှုကို ၁၂ နှစ်အတွင်း လုပ်ဆောင်ခွင့်ရှိမည်ဖြစ်ကြောင်း ပြင်ဆင်ပြဋ္ဌာန်းထားသည်။

ဥပဒေသစ်မှ ပြစ်မှု၊ ပြစ်ဒဏ်

အခွန်ပေးဆောင်ရန်ပျက်ကွက်ပါက စတင်ပျက်ကွက်ချိန်မှ ခုနစ်နှစ်အတွင်း ဒဏ်ကြေးသတ်မှတ်ပေးသွင်းစေမည်ဖြစ်ပြီး အခွန်ပေးဆောင်ပျက်ကွက်မှုသည် လိမ်လည်မှု သို့မဟုတ် တမင်ရည်ရွယ်ချက်ဖြင့် မမှန်မကန်ပေးဆောင်မှုဖြစ်ပါက စတင်ပျက်ကွက်ချိန်မှ ၁၂ နှစ်အတွင်း ဒဏ်ကြေး သတ်မှတ်ပေးသွင်းစေမည် ဖြစ်သည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်မှုများအတွက် နောက်ဆုံးအဆင့်ဖြစ်သည့် တရားစွဲဆိုမှုတွင် ပျက်ကွက်မှုစတင်ပြီး ၁၂ နှစ်အတွင်း သို့မဟုတ် ထို ၁၂ နှစ်အတွင်း အခွန်ပေးဆောင်ရန်ပျက်ကွက်မှုကို အခွန်ဌာနက မသိရှိဘဲ ထိုကာလကျော်လွန်မှ သိလျှင် ယင်းသို့သိပြီးချိန်မှ သုံးနှစ်အတွင်း တရားစွဲဆိုခွင့် ရှိကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အဆိုပါ ဥပဒေတွင် ပါဝင်သည့် အချက်များအနက် အခွန်ထမ်းများမဖြစ်မနေလိုက်နာရမည့် အချက်လေးချက် ရှိသည်။

ယင်းမှာ အခွန်ထမ်းမှတ်ပုံတင်ရန်၊ အခွန်ဆောင်ရာတွင် ပိုလွန်သော ပြန်အမ်းငွေကို အချိန်မီတောင်းခံရန်၊ ပေးဆောင်ရမည့် အခွန်ကို မှန်မှန်ကန်ကန်ကြေညာရန်နှင့် ပေးဆောင်ရမည့် အခွန်ကို အချိန်မီထမ်းဆောင်ရန်တို့ ဖြစ်သည်။

ထိုလေးချက်ကိုသာ အခွန်ထမ်းများအနေနှင့် အဓိကလုပ်ဆောင်ရန်လိုကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်မြမြဦးက ဆိုသည်။

ယခု ဥပဒေသစ်အရ အခွန်ပြန်အမ်းငွေကို ခြောက်နှစ်အတွင်း တောင်းခံနိုင်ခွင့်ရှိပြီး တည်ဆဲဥပဒေအရမူ တစ်နှစ်အတွင်းသာ တောင်းခွင့်ပြုထားသည်။

“အရင်က တစ်နှစ်ကျော်သွားရင် တောင်းခွင့်သာရှိတာ၊ ဥပဒေအရ ပေးလို့ မရတော့ဘူး။ အခုကျတော့ ပြန်အမ်းငွေပေးတာ နောက်ကျရင် အခွန်ရုံးက အတိုးပါ ထပ်ပေါင်းပေးရမယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

ယခုဥပဒေတွင် အသစ်ထပ်တိုးလာသည်က အတိုး ဖြစ်သည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်မှုများ၊ ဥပဒေချိုးဖောက်မှုများအတွက် သတ်မှတ်ထားသော ဒဏ်ကြေးအပြင် အတိုးကိုပါ အခွန်ထမ်းက ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ထမ်းသို့ ပြန်အမ်းငွေပေးချိန်နောက်ကျပါကလည်း နောက်ကျသည့် အချိန်ကာလအတိုင်း အခွန်ဌာနက အတိုးပြန်ပေးရန် ပြဋ္ဌာန်းထားသည်။

အခွန်ပြန်အမ်းငွေကို တောင်းခံခွင့်ရှိသည်ဆိုသော်လည်း အချိန်နှောင့်နှေးကြန့်ကြာမှုနှင့် လုပ်ငန်းစဉ်ရှုပ်ထွေးမှုကို အခွန်ထမ်း၊ လုပ်ငန်းရှင်များက ထောက်ပြလေ့ရှိပြီး ယခုဥပဒေသစ်တွင် ယင်း လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်း အသေးစိတ်ကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

“တချို့ကိစ္စတွေမှာ ကြိုတင်ခွန်ကို လုပ်ငန်းရှင်တွေက ကြိုဆောင်ထားရတယ်။ ကြိုတင်ခွန်ဖြစ်လို့ ပိုတာလိုတာရှိနိုင်တယ်။ လိုတာဆိုရင် လုပ်ငန်းရှင်တွေက ချက်ချင်းပေးရပြီး ပိုသွားတဲ့အခါမျိုးမှာ နိုင်ငံတော်နဲ့ အခွန်ထမ်းကြားမှာ လုပ်ငန်းစဉ်လိုလာပြီ”ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်က ဆိုသည်။

ယင်းအခြေအနေမျိုးတွင် ပြန်အမ်းငွေထုတ်ပေးရမည့် ပြည်တွင်းအခွန်များဦးစီးဌာနတွင် တိကျရှင်းလင်းသည့် လုပ်ငန်းစဉ်ရှိရန်နှင့် ပြတ်သားထိရောက်သည့် လုပ်ပိုင်ခွင့်ရှိရန်လိုအပ်ကြောင်းကို ၎င်းက ဆက်ပြောသည်။

နောက်ထပ်အရေးကြီး ပြဋ္ဌာန်းချက်များက လိုက်နာရန် ပျက်ကွက်မှုအတွက် ဒဏ်ကြေးနှင့် ပြစ်ဒဏ်များ ဖြစ်သည်။

အခွန်ထမ်းမှတ်ပုံတင်ရန် ပျက်ကွက်ခြင်းနှင့် အခွန်ထမ်း၏ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးလ်မေး၊ လုပ်ငန်းအမျိုးအစား စသည့်သတင်းအချက်အလက်များ ပြောင်းလဲမှုကို အသိပေးရန် ပျက်ကွက်ခြင်းတို့အတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် တပ်ရိုက်ခံရမည်ဖြစ်သည်။

ငွေတောင်းခံလွှာ၊ ငွေရပြေစာ၊ စာရင်းမှတ်စုများကို မမှန်မကန် ဖော်ပြလျှင် ကျပ်နှစ်သိန်းခွဲအထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး အခွန်ကြေညာလွှာတင်သွင်းရန် နောက်ကျလျှင်လည်း ဒဏ်ကြေးများ ထပ်မံလိုက်ပါလာမည် ဖြစ်သည်။

အခွန်ထမ်းများအနေနှင့် စာရင်း၊ မှတ်တမ်းများကို ခုနစ်နှစ်အထိ သိမ်းဆည်းထားရန်ပြဋ္ဌာန်းထားပြီးဖြစ်ရာ အခွန်ဌာနမှ စာရင်း၊မှတ်တမ်းများတောင်းခံချိန်တွင် မပြသနိုင်ပါက ယင်းသို့ မပြသနိုင်သည့် ရက်မှစတင်ကာ တစ်ရက်လျှင် ကျပ်ငါးထောင်မှ ကျပ်တစ်သိန်းအထိ ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သည်။

ပေါ့ဆမှု သို့မဟုတ် မရိုးသားသော နည်းဖြင့် အခွန်လျော့နည်းပေးဆောင်မှုတွင် လျော့နည်းပေးဆောင်သည့် ပမာဏသည် ကျပ်သိန်းတစ်ထောင်အထက် သို့မဟုတ် အမှန်တကယ် ပေးဆောင်ရမည့် အခွန်၏ ၅၀ ရာခိုင်နှုန်းထက်ကျော်လွန်လျှင် လျော့နည်းပေးဆောင်ခဲ့သော အခွန်၏ ၇၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ထပ်မံပေးဆောင်ရမည် ဖြစ်သည်။

အထက်ပါပြဋ္ဌာန်းချက်နှင့် အကျုံးမဝင်သည့် အခွန်လျော့နည်းပေးဆောင်မှုအတွက် လျော့နည်းပေးဆောင်သည့် အခွန်၏ ၂၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်မည်ဖြစ်သည်။

နောက်ထပ်ထူးခြားချက်မှာ အခွန်ရှောင်မှုမဖြစ်စေရန် ကာကွယ်ဟန့်တားသည့် ပုဒ်မ ဖြစ်သည်။

အခွန်ရှောင်သည့် လုပ်ဆောင်ချက်များစိစစ်တွေ့ရှိပါက အခွန်ထမ်းတင်ပြလာသည့် အချက်အလက်များကို မကြည့်ဘဲ အဆိုပါအခွန်ထမ်း၏ လုပ်ငန်းဆိုင်ရာပကတိစီးပွားရေးအခြေအနေပေါ် မူတည်ကာ စည်းကြပ်ကောက်ခံမည် ဖြစ်သည်။

အထူးကုန်စည်ခွန်တွင် ပါဝင်သော ကုန်ပစ္စည်းကို ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုသည် မြင့်မားသော အထူးကုန်စည်ခွန်ကို ရှောင်ရှားနိုင်ရန် ဖြန့်ချိရေးကုမ္ပဏီတစ်ခု ထပ်မံထူထောင်ကာ ထိုဖြန့်ချိရေးကုမ္ပဏီသို့ ၎င်း၏ ကုန်ပစ္စည်းများကို ဈေးကွက်ပေါက်ဈေးထက် များစွာနည်းပါးသည့် ဈေးနှုန်းဖြင့် ရောင်းချလိုက်ပြီး ထိုဖြန့်ချိရေးကုမ္ပဏီမှတစ်ဆင့် ဈေးကွက်အတွင်းသို့ ယင်းကုန်ပစ္စည်းကို ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချစေခြင်းသည် အထူးကုန်စည်ခွန်နှုန်းထားကို ရှောင်ရှားပြီး ကုန်သွယ်လုပ်ငန်းခွန် ဘောင်အတွင်းသို့ ပြောင်းလဲကာ အခွန်ရှောင်ရှားမှုဖြစ်သည်။

အဆိုပါဖြစ်ရပ်မျိုး ယခင်က ရှိခဲ့ဖူးသည့်အတွက် ယင်းကဲ့သို့ အခွန်ရှောင်ရှားမှုမျိုးကို ဟန့်တားနိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က ပြောသည်။

ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းတို့ အတွက် ပြဋ္ဌာန်းချက်သစ်

ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်ပြီး လိုက်နာလုပ်ဆောင်ရမည့် ပြဋ္ဌာန်းချက်များလည်း ယခုဥပဒေသစ်တွင် ပါဝင်သည်။

အခွန်ထမ်းမှတ်ပုံတင်အမှတ်သတ်မှတ်ပြီးနောက်တွင် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ဘဏ်စာရင်းဖွင့်ထားသူ၊ ငွေကြေးလုပ်ဆောင်မှုပြုလုပ်သူများ၏ အခွန်ထမ်းမှတ်ပုံတင်နံပါတ်ကို ထိန်းသိမ်းထားရမည်ဖြစ်သည်။

“တစ်ချိန်ကျရင် ဒီ အခွန်ထမ်းမှတ်ပုံတင်နံပါတ်နဲ့ လုပ်ဆောင်ချက်အကုန်လုံးကို တောင်းလိုက်တာနဲ့ ဝင်ငွေထိမ်ချိန်ထားတာရှိရင်လည်း ပေါ်လာမှာပေါ့။ ဒါက ဘဏ်တင်မကဘူး၊ ငွေရေးကြေးရေး အဖွဲ့အစည်းအားလုံးပါ အကျုံးဝင်ပါတယ်”ဟု မြန်မာနိုင်ငံဝါဏိဇ္ဇဘွဲ့ရများအသင်း အတွင်းရေးမှူးဦးမိုးကျော်က ပြောသည်။

အခွန်ပေးဆောင်ရန် ပျက်ကွက်မှုနှင့် အခွန်ကြွေးကျန်များနှင့် ပတ်သက်၍လည်း သိထားရမည့်အချက်များ ရှိသေးသည်။

အခွန်ကြွေးကျန်ကို အခွန်ထမ်းကိုယ်တိုင် မပေးဆောင်နိုင်သည့် အခြေအနေတွင် အဆိုပါအခွန်ထမ်းထံမ ငွေကြေးလက်ခံရယူထားသူ၊ ပိုင်ဆိုင်ခွင့်အပ်နှင်းခံထားရသူများက အခွန်ထမ်းပေးသွင်းရန်ကျန်သော အခွန်ပမာဏကို ပေးဆောင်ရမည်ဖြစ်သည်။

ဘဏ်တွင် ငွေကြေးအပ်နှံထားသူဖြစ်ပါက ထိုငွေကြေးကို လက်ခံထားသော တတိယပုဂ္ဂိုလ်ဖြစ်သည့် ဘဏ်တွင် အခွန်ပေးဆောင်ရန်တာဝန်ရှိသည့် သဘောဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းပြသည်။

“အခွန်ကောက်ခံမှုနဲ့ ပတ်သက်လို့ ပိုကျယ်ပြန့်လာတဲ့ သဘောပါ”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အခွန်ကြွေးကျန်ရှိနေသော အခွန်ထမ်းသည် ဘဏ်တွင် အပေါင်အာမခံထားသော မရွှေ့ပြောင်းနိုင်သော၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများရှိပါက ယင်းပိုင်ဆိုင်ခွင့်များကို ပြည်တွင်းအခွန်များဦးစီးဌာနက လက်ဝယ်သိမ်းဆည်းခွင့် ရှိသည်။

သို့သော် အဆိုပါ အပေါင်အာမခံကို ဘဏ်က ကြွေးဆုံးအဖြစ် တရားရင်ဆိုင်ပြီး တရားရုံးက ပေးအပ်သည့် အနိုင်ဒီကရီရရှိထားလျှင်မူ ခြွင်းချက်ဖြစ်သည်။

“များသောအားဖြင့် ဘဏ်ချေးငွေတွေမှာ အပေါင်အာမခံနဲ့ သွားတာဖြစ်လို့ အခွန်ပေးဆောင်ဖို့ဖြစ်လာရင် အခွန်ရုံးကသာ ဦးစားပေးတစ်ဖြစ်တဲ့သဘောပေါ့။ ဒါတွေကို ဘဏ်တွေအနေနဲ့လည်း သိထားဖို့လိုတယ်”ဟု မြန်မာနိုင်ငံဝါဏိဇ္ဇဘွဲ့ရများအသင်း အတွင်းရေးမှူးဦးမိုးကျော်က ပြောသည်။

ထူးခြားမှု၊ ပြောင်းလဲမှုများစွာနှင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေသစ်မှာ မကြာခင်အသက်ဝင်လာတော့မည် ဖြစ်သည်။

အဆိုပါ ဥပဒေသစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးရဲမင်းအောင်က ယခုလို မှတ်ချက်ပေးသည်။

“ပြတ်သားထိရောက်တဲ့ လုပ်ပိုင်ခွင့်ကတော့ ပေးတာကောင်းတယ်။ လိုလည်း လိုအပ်တယ်။ ဒီဥပဒေက အခွန်စီမံခန့်ခွဲမှုစနစ်ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ့် ဥပဒေလို့ မြင်ပါတယ်”

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *