အမှီအခိုကင်း လူ့အခွင့်အရေးကော်မရှင်ဖြစ်ရေး

လူ့အခွင့်အရေးကော်မရှင် အပြည့်အဝလွတ်လပ်ခွင့်ရှိရေးအတွက် ကော်မရှင်ကို ရွေးချယ်ဖွဲ့စည်းသည့် ပုံစံ ပြင်ဆင်ရန် တောင်းဆိုသံများ ထွက်လာသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလာကြသည်။ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်းကုန်ခါနီးက ဖွဲ့စည်းပေးခဲ့ပြီး လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေသည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် အသစ်ပေါ်ပေါက်လာမည့် လူ့အခွင့်အရေးကော်မရှင်လွှမ်းမှုများမခံရဘဲ လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်သည့် ကော်မရှင်မျိုးဖြစ်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုလာကြခြင်းဖြစ်သည်။ ယင်းသို့ မည်သည့်အကြောင်းအရင်းများက တောင်းဆိုလာရခြင်း ဖြစ်သနည်း။

လက်ရှိကော်မရှင်မှာ ၂၀၁၄ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ငါးနှစ်တာ တာဝန်ယူပြီးနောက်တွင် ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းရန်အချိန် ရောက်လာပြီဖြစ်သည်။

ထိုအချိန်တွင် လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြင်ဆင်ရန်အတွက် ဩဂုတ်လ ၅ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်း ၂၄ ဖွဲ့က ကိုယ်စားလှယ်များသည် လူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပြင်ဆင်ခြင်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားပြီးဖြစ်ကြောင်း အဆိုပါကော်မရှင်၏ အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောဆိုသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်စေချင်တာ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်စေချင်တာတွေကို နိုင်ငံတကာဥပဒေတွေနဲ့ ချိန်ကြည့်ပြီးတော့မှ ပြင်စေချင်တာတွေကို ပြင်ဆင်ဖို့ကို ရှေ့နေချုပ်ရုံးကို တင်ထားတယ်။ စကားရပ်တွေကို ညှိနှိုင်းနေတုန်းရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ပြင်ဆင်မည့် ဥပဒေအချက်များကို အသေးစိတ်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်တွင် ပြင်ဆင်မည့် စကားရပ်များကို ညှိနှိုင်းဆဲဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောဆိုသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေသည် အမှန်တကယ် ပြင်ဆင်သင့်နေပြီလော။ ပြင်ဆင်လိုက်သည့် ဥပဒေက အဆိုပါကော်မရှင်အတွက် ပို၍ ကောင်းလာမည်လော မေးခွန်းထုတ်စရာလည်း ရှိလာသည်။

အရပ်ဘက်အဖွဲ့အစည်းများ ပြင်ဆင်ရန်တောင်းဆိုသည့်အချက်များအနက် အရေးကြီးဆုံးတစ်ချက်မှာ ကော်မရှင်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စိစစ်ရေးအဖွဲ့ကို ပြင်ဆင်ရန်တိုက်တွန်းချက် ဖြစ်သည်။

ကော်မရှင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များကို စိစစ်ရွေးချယ်သည့်အဖွဲ့တွင် ပါဝင်နေသူများကို ပြင်ဆင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။

တည်ဆဲဥပဒေအရ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်ရန် စိစစ်ရေးအဖွဲ့ကို ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားသည်။

ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ မြန်မာနိုင်ငံတရားလွှတ်တော်ရှေ့နေများကောင်စီမှ ကိုယ်စားလှယ်တစ်ဦး၊ ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်နှစ်ဦး၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်တစ်ဦးတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်လျှင် ဝေဖန်ခံရသည့် တိုင်တန်းခံရရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ထိပ်တန်းနေရာများတွင် ရှိသည်။ ယင်းသို့ ရှိနေချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုပြီး ခန့်အပ်ခံရသူလည်းဖြစ်၊ ရဲတပ်ဖွဲ့ကို ဦးဆောင်ရသူလည်း ဖြစ်သည့် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ကော်မရှင်လောင်းရွေးချယ်စိစစ်ရေးအဖွဲ့တွင် ပါဝင်ခြင်းကို အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။

ကော်မရှင်လောင်းများ ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ပါဝင်နေခြင်းသည် လူ့အခွင့်အရေးကော်မရှင်ကို အများပြည်သူက အပြည့်အဝယုံကြည်ရန်ခက်ခဲသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

ကိုယ်စားလှယ်လောင်းများ ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ မပါဝင်စေရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့က လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပါဝင်နေသဖြင့် တပ်မတော်နှင့် ဆက်နွှယ်နေသည့် ပြည်ထဲရေးဝန်ကြီးကို ကော်မရှင်ဝင်များ ရွေးချယ်စိစစ်ရေးအဖွဲ့မှ ထုတ်ပယ်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရန်ကုန်တာဝန်ခံ ဦးအောင်ကျော်မျိုးက ပြောဆိုသည်။

“ရွေးချယ်စိစစ်ရေးအဖွဲ့မှာက ပြည်ထဲရေးဝန်ကြီးလည်း ပါနေတယ်။ ရဲတပ်ဖွဲ့တို့ တပ်မတော်တို့ကနေ လူ့အခွင့်အရေးချိုးဖောက်ပါတယ်လို့ တိုင်ကြားတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးမယ်ဆိုရင် ကော်မရှင်ကို ရွေးချယ်ထားတဲ့ သူတွေထဲမှာ ပြည်ထဲရေးဝန်ကြီးက ပါနေတဲ့အခါမှာ စုံစမ်းမှုမှာ သွားပြီးတော့ လွှမ်းမိုးမှုဖြစ်နိုင်တယ်” ဟု ၎င်းက ထောက်ပြသည်။

စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးပါဝင်နေမှုကို ပြင်ဆင်ရန် နောက်ထပ်ပြောဆိုသူက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း ဖြစ်သည်။

“လူ့အခွင့်အရေးကျူးလွန်ပါတယ် ဆိုပြီးတော့ သံသယရှိသူကိုယ်တိုင် ရွေး ချယ်ရေးအဖွဲ့မှာ မပါဝင်တာတော့ ပိုကောင်းတာပေါ့။ ပြည်ထဲရေးလိုမျိုးဌာန တွေ၊ တပ်မတော်နဲ့ ပတ်သက်တယ်ဆိုတဲ့ ဌာနတွေ မပါတာတော့ ပိုကောင်းတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် ကော်မရှင်တွင် ပါဝင်နေသည့် စစ်မှုထမ်းများကို ဖယ်ရှားရန်လည်း အရပ်ဘက်အဖွဲ့များက တောင်းဆိုထားကြသည်။

ထို့အပြင် စိစစ်ရွေးချယ်ရေးအဖွဲ့တွင် တပ်မတော်နှင့် ဆက်နွှယ်ပတ်သက်သူများ ပါဝင်သည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ကိုယ်စားလှယ်တစ်ဦးစိစစ်ရေးအဖွဲ့တွင် ပါဝင်နေခြင်းကို ဖယ်ရှားပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ထို့အပြင် ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ပါဝင်နေသူအချို့ကိုပင် တိတိကျကျမသိရခြင်းက ကော်မရှင်လောင်း ရွေးချယ်ရေးတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းအတွက် ထောက်ပြစရာဖြစ်နေကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။

“အမျိုးသမီးရေးရာကလည်း ပါနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ရမယ်ဆိုတာလည်း ဘယ်သူတွေ ပါဝင်မှန်းကို မသိဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ပါဝင်နေသူအချို့ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေသည့် အရပ်ဘက်အဖွဲ့အစည်းများပင် မသိရခြင်းက ကော်မရှင်၏ ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်စရာလည်း ဖြစ်လာသည်။

ထို့အပြင် ရွေးချယ်စိစစ်ရေးအဖွဲ့တွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်နှစ်ဦးဆိုသည့်အချက်ကို အရပ်ဘက်အဖွဲ့များက ရွေးချယ်ပေးသည့် ‘အရပ်ဘက် အသိုင်းအဝိုင်းက လွတ်လပ်သော ကိုယ်စားလှယ်များ’ ဟု ပြင်ဆင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုထားသည်။

ကော်မရှင်ဝင်များအနေနှင့် အသက် ၃၅ နှစ်ထက်မငယ်သူများဖြစ်ရမည်ဆိုသည့် အချက်ကိုလည်း အသက်ကို လျှော့ချပြင်ဆင်ရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဥပဒေအရ အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် ကော်မရှင် အဖွဲ့ဝင်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့က ကိုယ်စားလှယ် လောင်း ၃၀ ဦးကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတထံ အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး အနည်းဆုံး အဖွဲ့ဝင် ခုနစ်ဦးမှ အများဆုံး ၁၅ ဦးအထိ ဖွဲ့စည်းခွင့်ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ထပ်မံရွေးချယ်ခံရပါက နောက်ငါးနှစ်အထိတာဝန်ထမ်းဆောင်နိုင်ကြောင်း အဆိုပါကော်မရှင်ဥပဒေတွင် ပါရှိသည်။ ကော်မရှင် ဥက္ကဋ္ဌသည် ပြည်ထောင်စုဝန်ကြီးနှင့် အဆင့်တူပြီး ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒုတိယဝန်ကြီးနှင့် အဆင့်တူပင်ဖြစ်ကြောင်း အဆိုပါဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ကြသည်။

“ကော်မရှင်ဝင်တွေက လူ့အခွင့်အရေးအကြောင်း သိဖို့လိုသလို၊ လူ့အခွင့်အရေးအတွက် လုပ်ဆောင်ချင်တဲ့ စိတ်ဓာတ်လည်းရှိဖို့ လိုတယ်။ တာဝန်အရ မဟုတ်ဘဲ လူအခွင့်အရေးချိုးဖောက်တာ ဘယ်သူဖြစ်ဖြစ်၊ ချိုးဖောက်ခံရတာ ဘယ်သူဖြစ်ဖြစ် လူ့အခွင့်အရေးရှုထောင့်ကနေ လုပ်ဆောင်လိုသူတွေ ဖြစ်ဖို့လိုတယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။

ကော်မရှင်စိစစ်ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သူများကြောင့် လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရာတွင် လွတ်လပ်ခွင့်အတွက် အရပ်ဘက်အဖွဲ့များက မေးခွန်းထုတ်ကြသော်လည်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကမူ ကော်မရှင်၏ လုပ်ဆောင်မှုများသည် လွတ်လပ်သည်ဟု ချေပသည်။

“ကျွန်တော်တို့ ဘာလုပ်ပါရစေ ဆိုပြီးတော့ သမ္မတကိုလည်း တင်ပြစရာ မလိုဘူး။ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း တင်ပြစရာ မလိုဘူး။ ဘယ်နေရာကို စစ်ပါမယ်ဆိုပြီး တင်ပြရုံပဲ။ အကုန်လုံး လွတ်လပ်ပါတယ်။ ဘယ်သူမှ မတားပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနှင့် ၂၀၁၈ ခုနှစ်တွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်လာကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်အနေဖြင့် အကျဉ်းထောင်များကို သွားရောက် စစ်ဆေးခဲ့ပြီး အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိ၊ မရှိနှင့် အကျဉ်းထောင်များ၏ လိုအပ်ချက်များကို အစီရင်ခံစာများထုတ်ပြန်ခဲ့သည်။

အကျဉ်းထောင်များကို သွားရောက်စစ်ဆေးရာတွင် အကြောင်းကြားပြီးမှ ဝင်ရောက်စစ်ဆေးရမည်ဟူသည့် အချက်ကို ပြင်ဆင်ရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၈ ခုနှစ်တွင် အကျဉ်းထောင်များကို သွားရောက် စစ်ဆေးခဲ့သော်လည်း ကြိုတင်အကြောင်းကြားကာ သွားရောက်ခဲ့သည့်အတွက် ထောင်တွင်း ပကတိအခြေအနေများကို သိရှိရန်မှာ ခက်ခဲမှုရှိနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ထို့ကြောင့် အကျဉ်းထောင်များကို သွားရောက်စစ်ဆေးရာတွင် ဥပဒေတွင် ပါဝင်သည့် အကြောင်းကြားရမည် ဆိုသည့် စကားကို ရှောင်တခင်စစ်ဆေးနိုင်သည်ဟု ပြင်ဆင်သင့်ကြောင်း ဦးအောင်မျိုးကျော်က ပြောဆိုသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးခြင်းကို ကန့်သတ်ထားမှုကလည်း ရှိနေသည်။

နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးကို ထိခိုက်စေနိုင်သည့် စာရွက်စာတမ်း သို့မဟုတ် အထောက်အထားများ၊ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းများက လုံခြုံမှုအဆင့်အတန်း သတ်မှတ်ထားသော စာရွက်စာတမ်းများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေး၍မရကြောင်း ကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကော်မရှင်သည် အောက်ပါအကြောင်း တစ်ရပ်ရပ်နှင့် ငြိစွန်းသော တိုင်တန်းချက်ကို စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရဟု ဥပဒေတွင် ဖော်ပြထားသည်။

တရားရုံးတစ်ခုခု၏ ရှေ့မှောက်၌ စစ်ဆေးကြားနာဆဲအမှုများနှင့် တရားရုံးတစ်ခုခု၏ စီရင်ဆုံးဖြတ်ချက်အပေါ် အယူခံမှု သို့မဟုတ် ပြင်ဆင်မှုဝင်ရောက်ဆဲ အမှုများ၊ တရားရုံးတစ်ခုခုက အပြီးသတ်စီရင်ဆုံးဖြတ်ပြီးသော အမှုများကိုလည်း စုံစမ်းစစ်ဆေးခြင်းမပြုရဟု အဆိုပါဥပဒေတွင် ဖော်ပြထားသည်။

ယင်းအချက်များသည် ကော်မရှင်၏ လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ကို ကန့်သတ်ရာရောက်နေသည့်အတွက် ပြင်ဆင်ရန်လိုအပ်ကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုသည်။

“နိုင်ငံတော်အစိုးရက ဝန်ကြီးဌာနတွေက ထိပ်တန်းလျှို့ဝှက်ချက်လို့ ပြောလိုက်ရင် ဒီကိစ္စကို လုံးဝစစ်ဆေးလို့ မရတဲ့ ကန့်သက်ချက်တွေ ရှိတယ်။ လုပ်ချင်တဲ့သူ တက်လာဦးတော့ ဥပဒေမှာ ပေးထားတဲ့ အချက်တွေက လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတာတွေရှိတယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။

လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ ပါဝင်နေသည့် ပဋိပက္ခများတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မရှိကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။

“လက်နက်ကိုင်ပဋိပက္ခဖြစ်တဲ့ နေရာကို သွားပြီး စုံစမ်းစစ်ဆေးမှုလုပ်တဲ့ အချိန်မှာ သူတို့က လူ့အခွင့်အရေးရှုထောင့်ကနေ ရပ်တည်တဲ့အပိုင်းမှာ အားနည်းတယ်လို့ ပြောရမယ်” ဟု ၎င်းက ဝေဖန်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၎င်းတို့ သက်တမ်းအတွင်း အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောဆိုသည်။

လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ကော်မရှင်အသစ်တွင် ပြည်သူက ယုံကြည်ကိုးစားရသူများကို နေရာပေးရန် လိုအပ်နေကြောင်း၊ အစိုးရအနေနှင့်လည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ပိုပေးရန် လိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *