ညဥ့်ငှက်တစ်ဦး၏ အိပ်မက်

အရောင်းစင်တာတစ်ခုတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၂၁ နှစ်အရွယ် လရိပ်ချို (အမည်လွှဲ) သည် ပြည့်တန်ဆာအဖြစ် ၂ နှစ်ခွဲခန့် လုပ်ကိုင်ပြီးချိန်တွင် ယင်းလောကမှ လွတ်မြောက်ချင်နေသူဖြစ်သည်။

ဝင်ငွေမလုံလောက်သဖြင့် ပြည့်တန်ဆာလောကသို့ မရောက်ချင်ဘဲ ရောက်ခဲ့ရသည်ဟု သူက ဆိုသည်။

တစ်လလျှင် ပုံမှန်ကျပ်တစ်သိန်းခွဲခန့် ရရှိသည့် ယင်းငွေဖြင့် မိသားစုကို ထောက်ပံ့ပေးနေရာမှ အစ်ကိုဖြစ်သူမှာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အလုပ်မလုပ်နိုင်သည့်အခါ မိသားစုတာဝန်က သူ့အပေါ်ကျရောက်လာတော့သည်။

မိခင်ဖြစ်သူက နောက်အိမ်ထောင်ဖြင့်နေပြီး မိမိတို့အပေါ် ပြန်မကြည့်နိုင်သဖြင့် မောင်နှမသုံးဦး၏ စားဝတ်နေရေးမှာ သူ့ခေါင်းပေါ် အလိုလိုရောက်လာခဲ့ရကြောင်း လရိပ်ချိုက ပြောသည်။

ထို့ကြောင့် တစ်လလျှင် အများဆုံး ကျပ်တစ်သိန်းခွဲသာ ဝင်ငွေရှိခဲ့ရာမှ တစ်လလျှင် အနည်းဆုံး ကျပ်ငါးသိန်းခန့် အလွယ်တကူရှာဖွေနိုင်သည့် ပြည့်တန်ဆာအလုပ်ကို မချစ်သော်လည်း အောင့်ကာ နမ်းနေရသည်။

“ဝင်ငွေချင်းကျတော့ တော်တော်ကွာခြားတယ်။ ကာစတန်မာက ညီမလေးကို ခေါ်တဲ့ဈေးပဲလေ”ဟု လရိပ်ချိုက  ပြောသည်။

မိသားစုစားဝတ်နေရေးအပြင်  အစ်ကိုဖြစ်သူအတွက် ဆေးဖိုးကိုပါ အကုန်အကျခံနေရကြောင်း ၎င်းက ဆိုသည်။

ပြည့်တန်ဆာလောကသို့ ရောက်လာရသူများတွင် လရိပ်ချိုကဲ့သို့ မိသားစုအတွက် အနစ်နာခံကာ ရောက်လာသူများ  ရှိသလို အလှအပအတွက်ဖြစ်စေ၊ အဝတ်အစားအတွက်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ငွေပိုလိုအပ်သဖြင့် ရောက်ရှိလာသူများဖြစ်သည်ဟု လရိပ်ချိုက ပြောသည်။

National AIDS Program က၂၀၁၈ ခုနှစ်အတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တစ်နိုင်ငံလုံးတွင်  ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူ ခြောက်သောင်းခွဲခန့် ရှိသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ယင်းပမာဏထက် များပြားနိုင်သည်ဟု  ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ဖူးသည့် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် တော်ဝင်ခရေကွန်ရက်ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောသည်။

ပြည့်တန်ဆာအလုပ် လုပ်ကိုင်သူများပြားလာခြင်းသည် နိုင်ငံ၏စီးပွားရေး အခြေအနေပေါ်မူတည်ကာ ပြဿနာကို  အမြန်ဖြေရှင်းရန် လိုအပ်သူများအတွက်  ငွေရလွယ်သည့်အလုပ်ကို လုပ်ကိုင်ကြရကြောင်း ၎င်းက ရှင်းပြသည်။

“ဥပမာ – စက်ရုံမှာ အလုပ်လုပ်တယ်။ တစ်လလုံးကုန်မှာ ရှစ်သောင်းပဲရမယ်ဆိုရင် အပြင်မှာ အလုပ်သွားလုပ်လို့  တစ်ညထဲတင် လေးငါးသောင်းရမယ်ဆိုရင် (ပြည့်တန်ဆာအလုပ်ကို) သူကိုယ်တိုင်ပဲ ရွေးချယ်သွားလိမ့်မယ်” ဟု ဒေါ်နှင်းနှင်းယုကပြောသည်။

နိုင်ငံတော်အနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊  လုံလောက်သည့် အခြေခံလစာများ သတ်မှတ်ပေးခြင်းတို့ရှိလျှင် ဤလောကသို့ မည်သူမှ ရောက်လာစရာမရှိဟု  ဒေါ်နှင်းနှင်းယုက ထပ်လောင်းပြောဆိုသည်။

“တချို့ဆိုရင် အရမ်းသနားဖို့ကောင်းတယ်။ ပညာတွေတတ်၊ ဘွဲ့တွေလည်း ရပြီးပြီ။ ဒါပေမဲ့ သူတို့ရဲ့ ငွေကြေးငတ်မွတ်မှုကြောင့် လဲလှယ်လိုက်ရတာတွေက မတန်တာတွေ အများကြီးပဲ”  ဟု ၎င်းက ပြောဆိုသည်။

ငွေရသည်မှန်သော်လည်း ပြင်ပလောကတွင်မူ မကောင်းတာလုပ်စားသည့် မိန်းမဟူ၍ ခွဲခြားဆက်ဆံခံနေရခြင်းမျိုးများရှိနေသည်ဟု လရောင်ချိုက ရင်ဖွင့်သည်။

ယခင်က ရင်းနှီးခဲ့သည့် သူငယ်ချင်းများက အတူတူ မသွားချင်၊ မစားချင်သည့် အနေအထားမျိုးများဖြင့် ဆက်ဆံခံရသည့်အပြင် ဈေးမရောင်းပေးချင်သည့် ပြဿနာကိုလည်း ကြုံတွေ့ရသည်ဟု ၎င်းက ဆိုသည်။

“အအေးသွားဝယ်တယ်။ ညီမက အဲလိုလုပ်နေတာမို့ မရောင်းဘူးတဲ့။ အနည်းနဲ့ အများတော့ ရင်ထဲမှာတော့ ခံစားရတာပေါ့။ ပိုက်ဆံပေးဝယ်တာချင်းအတူတူ  ခွဲခြားဆက်ဆံခံရတယ်” ဟု လရိပ်ချိုက သူ့ခံစားချက်ကို ပြောပြသည်။

ထိုသို့ကြုံသည့်အချိန်တွင် မျက်ရည်ကျခဲ့ရသော်လည်း ပိုက်ဆံအတွက် ရုန်းထွက်ရန် ခက်ခဲခဲ့ရသည်။

ယင်းအပြင် ပြည့်တန်ဆာအလုပ်ကြောင့် AIDS ရောဂါရရှိခဲ့ပြီး ART ဆေးသောက်နေရသူတို့တွင်လည်း ကျန်းမာရေးတာဝန်ရှိသူအချို့၏ ခွဲခြားဆက်ဆံခံရခြင်းများလည်း ရှိနေသည်ဟု  မန္တလေးတိုင်းအတွင်း ပြည့်တန်ဆာများအရေး ဆောင်ရွက်ပေးနေသည့် ရင်ခတ်ပန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဝေက ပြောသည်။

ဘ၀ပေးအခြေအနေကြောင့် ပြည့်တန်ဆာဖြစ်ရပြီးသည့်နောက် အသိပညာအားနည်းမှုကြောင့် ရောဂါပိုး ကူးစက်ခံရခြင်းများ ဖြစ်လာရသည်ဟု ၎င်းက ဆိုသည်။

“ART ဌာနမှာဆိုရင် ဟဲ့ နင်တို့က ဒါလုပ်လို့ ဒါဖြစ်တာဆိုပြီး အခုအချိန်ထိ ခွဲခြားတုန်းပဲ ရှိသေးတယ်” ဟု ဒေါ်ခင်မြင့်ဝေ က ပြောဆိုသည်။

ထို့ကြောင့် ART ဆေးယူရန်ရှက်လာပြီး ဆေးမယူဘဲနေသဖြင့် ရောဂါပိုးကူးစက်မှုများ ပိုများလာခဲ့မှုများ ရှိသောကြောင့် ၎င်းတို့ကို ရင်ခတ်ပန်းအဖွဲ့မှ ကူညီလုပ်ကိုင်ပေးနေသည်ဟု ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း Care Myanmar က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရှိ လိင်လုပ်သားများ၏ ဘ၀စာတမ်းတွင် အမျိုးသမီးများကို လိင်လုပ်ငန်းသို့ ရောက်ရှိစေသည့် လမ်းကြောင်းအနက် လရိပ်ချိုကဲ့သို့ မိသားစုဝင်များကို ထောက်ပံ့ရခြင်း၊ အခြားဝင်ငွေရှာဖွေမည့်သူ မရှိခြင်းတို့ကြောင့်အပြင်  ပွဲစားမှတစ်ဆင့် စုဆောင်းခံရခြင်း၊ ကိုယ်တိုင် စတင်လုပ်ကိုင်ခြင်း၊ သူငယ်ချင်းမှ အကြံပေးခြင်းနှင့် မိသားစုက တိုက်တွန်းခြင်းတို့လည်းရှိသည်ဟု ဆိုထားသည်။ လုပ်ကိုင်နေသည့် လုပ်ငန်းခွင်များသည် ကေတီဗီကဲ့သို့ နေရာမျိုး၊ အနှိပ်ခန်း၊ နိုက်ကလပ်/ဘီယာဆိုင်တို့အပြင် ပြည့်တန်ဆာဆောင်၊ လမ်းဘေးနှင့် ဖုန်းတစ်မျိုးတည်းသာ အသုံးပြုပြီး လုပ်ကိုင်နေသူများလည်း ရှိသည်ဟု ယင်းစစ်တမ်းအရ သိရသည်။

ပြည့်တန်ဆာအလုပ်သည်လည်း အသက်မွေးဝမ်းကျောင်းသည့် လုပ်ငန်းတစ်ခုဖြစ်ကာ လုပ်ကိုင်နေသူများကိုလည်း သာမန်အမျိုးသမီးများအဖြစ်သာ မြင်စေချင်သည်ဟု ဒေါ်နှင်းနှင်းယုက တိုက်တွန်းပြောဆိုသည်။

ပြည့်တန်ဆာအလုပ်ကို အခြားနိုင်ငံအချို့ကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်ရရှိလျှင် မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုများလျော့ပါးလာစေမည့်အပြင် HIV  ကာကွယ်တားဆီးရေးကိုလည်း လုပ်ကိုင်နိုင်မည်ဖြစ်ကာ ပြည့်တန်ဆာများအပေါ် အကြမ်းဖက်မှုများကိုလည်း ကာကွယ်နိုင်မည်ဟု ဒေါ်နှင်းနှင်းယုက ထပ်လောင်းပြောဆိုသည်။

အဘက်ဘက်မှ အကာအကွယ်မရသည့် အခြေအနေမျိုးတွင် ပြည့်တန်ဆာများအတွက် မြေနိမ့်ရာလှံစိုက်သည်က  ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေဟု ၎င်းတို့အရေးကို လုပ်ကိုင်ပေးနေသူများက တူညီစွာ ပြောဆိုကြသည်။

ဥပဒေကို လိုသလို ပုဒ်မများတပ်ကာ အဖမ်းခံနေရခြင်းများရှိပြီး လျှပ်ပေါ်လော်လီ၊ မြှူဆွယ်ဖြားယောင်း စသည့် စကားလုံးများသည် ယနေ့ခေတ်နှင့် မကိုက်ညီတော့ကြောင်း ဒေါ်နှင်းနှင်းယုက ပြောသည်။

“စကားစု စကားရပ်တွေက ဟိုတုန်းက ရေးဆွဲထားတာဆိုတော့ ဒီခေတ်နဲ့ လုံးဝမညီတော့ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ တချို့တွေလည်း လက်လှမ်းမမီတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေတွင် ART ဆေးသောက်နေရသူတစ်ဦးသည် အချုပ်ထဲ၊  ထောင်ထဲတွင် ဆေးသောက်ရမည်ဟု ပါသော်လည်း လက်တွေ့တွင်မူ ဆေးသောက်ခွင့်ရရန် အခက်အခဲများ ရှိနေသေးသည်ဟု ၎င်းက ပြောဆိုသည်။

ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည့်တန်ဆာအရေး လှုပ်ရှားပေးနေသူများ ပါဝင်သည့် အဖွဲ့က ရေးဆွဲထားပြီး ယင်းဥပဒေကြမ်းကို  လက်ရှိအစိုးရလက်ထက်အတွင်း အတည်ပြုပြဋ္ဌာန်းပေးနိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေအရ ပြည့်တန်ဆာအလုပ်လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူမှုများ ရှိနေသော်လည်း လျော့နည်းပပျောက်ခြင်းမရှိသဖြင့် ၎င်းတို့ကို ဖမ်းဆီးခြင်းထက် အသိပညာပေးခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖန်တီးပေးခြင်း စသည်တို့ ပါဝင်မည်ဟု ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သည့် တော်ဝင်ခရေကွန်ရက်ထံမှ သိရသည်။

“၁၉၄၉ ဥပဒေကြောင့် ခဏခဏ ထောင်ထဲကို ရောက်နေတဲ့သူတွေရှိတယ်။  မလိုအပ်ဘဲ ဖမ်းနေတာရယ်၊ ဒီဥပဒေကြီးက ကြာနေပြီဖြစ်လို့ ပြင်ဆင်ဖို့ လုပ်ဆောင်နေတာ ရှိပါတယ်” ဟု တော်ဝင်ခရေ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုကဆိုသည်။

လက်ရှိတွင် ပြင်ဆင်သည့်အပိုင်း  ပြီးစီးသွားကာ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။

ပထမအကြိမ် ဖမ်းဆီးခံရလျှင် အသိပညာပေးမည်ဖြစ်ပြီး ထပ်မံဖမ်းဆီးခံရလျှင် တစ်လထက်မပိုသည့် ထောင်ဒဏ်များလည်း ပါဝင်မည်ဟု ယင်းဥပဒေကြမ်းအရ သိရသည်။

“ထောင်မချဘဲနဲ့ ငွေဒဏ်လောက်နဲ့ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်” ဟု မန္တလေးမြို့ ရင်ခတ်ပန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြင့်ဝေက ပြောသည်။

လက်ရှိတွင် ပြည့်တန်ဆာလုပ်ကိုင်သဖြင့် ဖမ်းဆီးခံရလျှင် ၎င်း၏ မိသားစုဝင်များက ယင်းလောကထဲ အလိုအလျောက် ရောက်နေသဖြင့် လျော့ကျမသွားဘဲ  ပို၍ပင်တိုးလာသည့် အခြေအနေမျိုးဟု  ဒေါ်ခင်မြင့်ဝေက ပြောသည်။

ဘိုးဘိုးအောင် ရေးဆွဲသည့် ၀လုံးကို ဖျက်လိုက်လျှင် နောက်တစ်လုံးထပ်ပေါ်သကဲ့သို့ ဖြစ်သည်။

“တစ်ယောက်ကို ထောင်ချလိုက်ရင် သူတို့ရဲ့ ညီမတွေ၊ တူမတွေက ဖြစ်သွားတယ်။ တစ်ယောက်ဖမ်းရင် သုံးယောက် ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ရှင်းပြသည်။

Care မြန်မာ၏ အစီရင်ခံစာတွင်လည်း ပြင်းထန်သောပြစ်ဒဏ်များ လျှော့ချပေးရန် လိင်လုပ်သားများက လိုလားကြသည်ဟု ဆိုထားသည်။

အမှန်စင်စစ် ယင်းအလုပ်ကို မည်သူကမှ လုပ်ကိုင်လိုကြသည်မဟုတ်ဟု အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေသည့် မန္တလာရောင်စဉ်အဖွဲ့ကလည်း ပြောသည်။

လိင်လုပ်သားများသည် များသောအားဖြင့် ပညာအရည်အချင်းနိမ့်ပါးသူများ ဖြစ်ကြပြီး ယင်းအလုပ်ကို ပျော်၍ လုပ်ကိုင်ကြသည်ဟု အထင်လွဲခံရခြင်းများရှိသည်ဟု မန္တလာရောင်စဉ်အဖွဲ့၊ တော်ဝင်ပန်း စီမံချက်မန်နေဂျာ ဒေါ်ထူးဧပရယ်ကျော်က  ဆိုသည်။

လိင်လုပ်သားများဘ၀ တိုးတက်မြင့်မားစေရန်အတွက် တော်ဝင်ပန်းစီမံချက်ကို ၂၀၂၀ ပြည့်နှစ်အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသမီးများ နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်ခံရမှုများ လျော့နည်း  ပပျောက်စေရန်၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လိုအပ်သည့်  ဥပဒေဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးပညာပေး အစီအစဉ်များဖြင့် ကူညီပေးမည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

လိင်လုပ်သားများအတွက် အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း စသည်တို့ကိုပေးနေပြီး သင်တန်းပြီးသူများ အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် ချေးငွေကျပ်ငါးသိန်းကိုပါ ပေးသည်။

တစ်နေ့လျှင် အချိန်သုံးနာရီခန့်သာပေး၍ သင်တန်းတက်ရပြီး အလုပ်ကိုလည်း မထိခိုက်သဖြင့် တက်ရောက်ရန်  စိတ်ဝင်စားသူများပြားသည်ဟု ဒေါ်ထူးဧပရယ်ကျော်က ဆိုသည်။

လရိပ်ချိုသည်လည်း ယင်းစီမံချက်တွင် အလှပြင်သင်တန်းတက်ရောက်ရန်အတွက် လျှောက်ထားပြီး လူတွေ့ အင်တာဗျူးလည်း ဖြေဆိုထားသည်ဟု  ၎င်းက မျှော်လင့်ချက်ဖြင့် ပြောသည်။

အလှပြင်တတ်လာလျှင် ဆိုင်ဖွင့်ပြီး  ပြည့်တန်ဆာလောကမှ ထွက်မည်ဟု ၎င်းက ဖွင့်ဟသည်။

“သင်တန်းဆင်းလက်မှတ်ရပြီဆိုရင် (ပိုက်ဆံ) နည်းနည်းချင်း စုပြီးတော့ (အလှပြင်) ဆိုင်လေးဖွင့်ဖို့ စဉ်းစားထားတယ်။ ဒါဆိုရင် အဆင်ပြေလာမယ်လို့ ထင်တယ်”ဟု လရိပ်ချိုက သူ့အိပ်မက်ကို  ပြောပြလေသည်။  

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *