“ကျွန်တော်က ရုပ်ရှင်ကို ရိုက်တဲ့ ရည်ရွယ်ချက်ကိုက ရုပ်ရှင်ကားတွေ ဖန်တီးချင်လို့ပါ။ ဆုလိုချင်လို့ ရိုက်တာ မဟုတ်ပါဘူး”

အခုလက်ရှိရုံတင်ပြသနေတဲ့ သူစိမ်းအိမ်ဇာတ်ကားဖန်တီးဖြစ်ပုံ၊ အသက် ၁၃ နှစ်အရွယ် ကလေးတွေအတွက် Rating System သတ်မှတ်ဖြစ်ပုံနဲ့ သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးဖြစ်တဲ့အကြောင်းတွေကို ဒါရိုက်တာ ထူးပိုင်ဇော်ဦးကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice :       ဒီကားမှာပါဝင်တဲ့ သရုပ်ဆောင်တွေကို အဓိက ဘယ်လိုအချက်တွေကြည့်ပြီး ရွေးချယ်ဖြစ်ခဲ့တာလဲ။

HPZO :        ရုပ်ရှင်တစ်ကားရိုက်မယ်ဆိုရင်တော့ ကျွန်တော်က ဘယ်မင်းသား၊ မင်းသမီးနဲ့ ရိုက်ပြီး ဇာတ်လမ်းကို တည်လိုက်မလဲ အဲဒီလိုမျိုး မစဉ်းစားဘူး။ ဘယ်ဇာတ်လမ်းတော့ ရိုက်မယ်။ အဲဒီဇာတ်လမ်းမှာ ဘယ်သရုပ်ဆောင်က ကျွန်တော် လိုချင်သော အကောင်းဆုံးသရုပ်ဆောင်မှုတွေကို ပေးနိုင်မလဲဆိုတာ အရင်ဆုံးတွက်တယ်။ အဲဒီအတွက် ဖွေးဖွေး၊ အန်တီခိုင်တို့ ရွေးဖြစ်တာလည်း သူတို့ဟာ ဈေးကွက်မှာ  အရမ်းကို အောင်မြင်နေလို့ မဟုတ်ဘူး။ ကျွန်တော်ရဲ့ဇာတ်လမ်းမှာ သူတို့ သရုပ်ဆောင်လိုက်ရင် အများကြီး ကြွသွားမယ်၊ အရမ်းအသက်ဝင်လာမယ်လို့ ယူဆတဲ့ အတွက်ပါ။ ဇာတ်ညွှန်းရတဲ့အချိန်မှာ Fresh ဖြစ်တဲ့ အိုက်တင်တွေ တွေ့ချင်တာကြောင့် ဇာတ်ကောင်လေးယောက်ကို အသစ်တွေနဲ့ပဲ သုံးချင်တယ်။ အဲဒါကြောင့် သူတို့လေးယောက်ကို လူ ၇၀၀ ကျော်ကနေ ရွေးထားတာပါ။ ဒီဇာတ်ကားကြီးက လူစိတ်ဝင်စားအောင် သရုပ်ဆောင်အသစ်၊ အဟောင်းတွေနဲ့ ရိုက်လိုက်မယ် အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဇာတ်လမ်းနဲ့ လိုက်မယ့် သရုပ်ဆောင်တွေပဲ ရွေးချယ်ထားတာပါ။

Voice :       ဇာတ်ကားမရိုက်ကူးခင်ပြင်ဆင်မှုအပိုင်းတွေ ဘယ်လိုမျိုးတွေ လုပ်ခဲ့ကြလဲ။

HPZO :        ပရိုဂျူဆာတွေနဲ့ တိုင်ပင်တာ ကလေးလလောက်ကြာတယ်။ ဇာတ်လမ်းရတဲ့အချိန်မှာ ဇာတ်ညွှန်းရေးတဲ့ ညီမက ငါးလတိတိဖတ်ပြီး ရေးတယ်။ အဲဒီတော့ဇာတ်ညွှန်းဖြစ်ဖို့က ကိုးလလောက် ကြာတယ်။ မရိုက်ကူးခင် တစ်ပတ်အလိုမှာ ပါဝင်တဲ့သူတွေအားလုံးနဲ့ Pre-Production အပိုင်း တိုင်ပင်ဆွေးနွေးကြတယ်။ ဆင်းန်တစ်ဆင်းန်ချင်းစီအလိုက် တစ်ယောက်ချင်းစီမှာ ဘယ်လို စိတ်နေသဘောထားရှိရမလဲ၊ ဇာတ်ကောင်စရိုက်ကို ဘယ်လိုအံဝင်အောင်လုပ်မလဲ အဓိက သူတို့ကို တစ်ပတ်အကြိုမှာ အိုက်တင်လေ့ကျင်တာထက် ဇာတ်ကောင်စရိုက်ဝင်အောင် ပြောကြတယ်။ ဆွေးနွေးကြတယ်။ သရုပ်ဆောင်အချင်းချင်းကြားထဲမှာ Chemistry တည်ဆောက်တာတွေ လုပ်တယ်။ ဥပမာ – မိသားစုဆို မိသားစုလို စိတ် ဖြစ်နေအောင်၊ သူငယ်ချင်းဆိုလည်း သူငယ်ချင်းလို စိတ်ဖြစ်နေအောင်လို့ Hangout တွေထွက်ကြသလိုမျိုး အဲဒီလိုမျိုးတွေ တည်ဆောက်ဖြစ်ကြတယ်။

Voice : သရုပ်ဆောင်အဟောင်းတွေမှာ သူတို့ ပင်ကိုစတိုင်တွေ ရှိနေတော့  အဲဒီအပိုင်းကို ဘယ်လိုမျိုး ညှိနှိုင်းယူဖြစ်လဲ။

HPZO :        သူတို့ကိုယ်ပိုင်စတိုင်ကို ကျွန်တော်လိုချင်တဲ့ စတိုင်ဖြစ်အောင်လုပ်ရတာ အဓိက ဒီကားမှာ ကြုံရတဲ့ Challenge ပါပဲ။ ဒါပေမဲ့လည်း ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာလည်း သူတို့က ကျွန်တော် လိုချင်တဲ့ Direction ကိုလိုက်ပါသွားကြတယ်လို့ မြင်ပါတယ်။

Voice :ဒီကားကို အသက်အရွယ်  ၁၃ နှစ်အရွယ်တွေအတွက် Rating Syste သတ်မှတ်ဖြစ်တာ ဘယ်လိုကြောင့်လဲ။

HPZO :        ဒီကားမှာ နည်းနည်းလေး သွေးထွက်သံယိုဖြစ်တဲ့ အကွက်တွေ၊ ကလေးငယ်တွေ ကြည့်ဖို့ မသင့်တဲ့ အကွက်လေးတွေပါလို့ ၁၃ နှစ်အောက် မကြည့်သင့်ဘူးလို့ သတ်မှတ်ထားတာပါ။ အဓိကတော့ ဒီမှာက စနစ်တကျသတ်မှတ်ထားတဲ့ စနစ် မဟုတ်တဲ့အတွက် ကလေးတွေ ခေါ်လာရင်တော့ ဘာမှလုပ်လို့တော့ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီလိုမျိုး သတ်မှတ်ထားပါတယ်။ မိဘတွေအနေနဲ့လည်း ကြိုပြီးသိဖို့အတွက်ပါ။

Voice :       ညဇာတ်ကားနဲ့ အကယ်ဒမီ လွဲခဲ့ဖူးတော့ ဒီကားအပေါ်မှာ ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

HPZO :        ဘယ်ဆုပဲဖြစ်ဖြစ် လွဲခဲ့ရင်လည်းကျွန်တော်က ရုပ်ရှင်အပေါ်မှာ  ထားတဲ့စိတ်က ပြောင်းသွားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ရုပ်ရှင်ကို ရိုက်တဲ့ ရည်ရွယ်ချက်ကိုက ရုပ်ရှင်ကားတွေ ဖန်တီးချင်လို့ပါ။ ဆုလိုချင်လို့ ရိုက်တာမဟုတ်ပါဘူး။

Voice :       လရောင်အောက်ဘက်မိုင်အဝေးဇာတ်ကား အခုလက်ရှိ ဘယ်အခြေအနေလောက် ပြီးသွားပြီလဲ။ အခက်အခဲဆို ဘာတွေဖြစ်မလဲ။

HPZO :       Edit တွေတော့ မဆက်ရသေးဘူး။ အကုန်လုံး အကောင်းဆုံးကြိုးစားထားတော့ အဲဒီအပေါ်မှာ အားရကျေနပ်ပါတယ်။ ၂၀၀၄ ခုနှစ်ကို အခြေတည်ထားတဲ့ ကားဖြစ်တဲ့အတွက် ခေတ်ကာလ Timeline က အခုခေတ်ပုံစံ မဟုတ်တော့ အပြင်မှာ ရိုက်ကူးတဲ့အချိန်မှာ ၂၀၀၄ တုန်းက ရှိရမယ့် Location ၊ အဝတ်အစား၊ ကားတွေ အဲဒီအပိုင်းလေးကို တော်တော်ဂရုစိုက်ရတယ်။ တစ်ခုခု အမှားတွေ ပါသွားမှာစိုးလို့ပါ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *