၄၅ ဦးကော်မတီ အခြေခံဥပဒေပြင်ဆင်ရေးနှင့် (၂၁) ရာစု ပင်လုံပြည်ထောင်စု သဘောတူစာချုပ် အဆက်အစပ်နှင့် မေးခွန်းများ

ပြောစရာတွေက များလွန်းလှသည်။ ထိုများလွန်းလှသည့်အထဲမှ  အခြေခံဥပဒေပြင်ဆင်ရေးအကြောင်းက ပြောချင်မေးချင်စရာ အကောင်းဆုံး ဖြစ်သည်။ သိကြသည့်အတိုင်း ၄၅ ဦး ကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (တိုတိုပြောရလျှင် ခြေဥပြင်ဆင်ရေး) အတွက် စုစည်းထားသည့် အချက်ပေါင်း ၃၇၅၀ ကျော်ပါရှိသည့် အစီရင်ခံစာပေါ်ထွက်လာခဲ့သည်။ ယင်းအချက်များအပေါ် ဆန်းကြ၊ စစ်ကြ၊ ထောက်ပြဝေဖန်ကြသည်တို့လည်း မနည်းမနော။ စာရေးသူလည်း ယင်းအချက်များကို  အကြမ်းဖျင်းကြည့်မိသည်။ ပါတီအားလုံး ပေါင်းလိုက်လျှင် ပြင်ဆင်ချင်စရာ  ကောင်းသောအချက်များပါသည်ကို ငြင်းမရပါချေ။ သို့သော် ….

အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ ယခုလွှတ်တော်ထဲတွင်  ဆွေးနွေးနေကြသည်။ ဆွေးနွေးပြီးလျှင် လွှတ်တော်၌ အတည်ပြုကာ ခြေဥမူကြမ်းတစ်ရပ် ဆက်လက်ရေးဆွဲရဦးမည်။ ပြီးလျှင် လက်ရှိ  ၂၀၀၈ ခြေဥ၏ အခန်း (၁၂) အတိုင်း ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ဦးမည်ဖြစ်သည်။ သို့ဆိုလျှင် တစ်ဖက်က ၂၁ ရာစုပင်လုံညီလာခံကြီး ယခုထိ သုံးကြိမ်ပြုလုပ်ကာ ရရှိထားသည့် ပြည်ထောင်စုသဘောတူစာချုပ်  အချက် စုစုပေါင်း ၅၁ ချက်ကရော …

နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်သူများ မှတ်မိကြလိမ့်မည် ထင်ပါသည်။ ၂၀၁၇ မေလနှင့် ၂၀၁၈ ဇူလိုင်လတို့တွင် ကြီးကျယ်ခမ်းနာစွာ  ပြုလုပ်ခဲ့ကြသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် အခြားသော ပါဝင်သင့်ပါဝင်ထိုက်သူများပါ  ပါဝင်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဟူ၍ ကဏ္ဍကြီးငါးရပ်ခွဲခြားကာ အကြိတ်အနယ်ဆွေးနွေး  အဖြေအချို့ထွက်ခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် လွှတ်တော်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသည့် အချက်ပေါင်း ၅၁ ချက်ရှိသည်ဟု စာရေးသူကတော့ မှတ်မိနေပါသည်။ ထို့ကြောင့် ယခုအချိန်တွင် စဉ်းစားကြည့်သည်မှာ ယင်းအချက်များကရော အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင်  မည်မျှအရေးပါမည်နည်းဆိုသည့် အဆက်အစပ်မေးခွန်းဖြစ်ပါသည်။ ထို့ကြောင့် အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများအနေနှင့်  လက်ရှိလွှတ်တော်တွင်း ဆောင်ရွက်လျက်ရှိသော ခြေဥပြင်ဆင်ရေးနှင့် ယခင်နှစ်များက ညှိနှိုင်းသဘောတူထားသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများ မည်သို့ဆက်စပ်မှုရှိမည်ဆိုသည်ကို ဆွေးနွေးသွားကြမည်လောဟု သိချင်မိပါသည်။

စာရေးသူလေ့လာမိသလောက် ၄၅ ဦးကော်မတီ အစီရင်ခံစာ၏  လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အပိုဒ် (၂၃) တွင် ဆက်လက်ဆောင်ရွက်ကြမည့် ခြေဥမူကြမ်းအတွက် အကြံဉာဏ်ရယူမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများစာရင်းကို တွေ့ရပါသည်။ အဆိုပါစာရင်းထဲတွင်မူ‘တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ’ ဟု သတ်မှတ်ချက်တစ်ခု  ထည့်သွင်းဖော်ပြထားသော်လည်း NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သီးသန့်ဖော်ပြထားခြင်း မရှိသည်ကို သတိပြုမိပါသည်။ သို့ဆိုလျှင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အခန်းကဏ္ဍက ခြေဥပြင်ဆင်ရေးတွင် မည်သို့နည်း။ ခြေဥပြင်ဆင်ရေး မူကြမ်းရေးဆွဲသည့်အခါ ၎င်းတို့၏  အကြံဉာဏ်ကို ရယူမည်လောဟူသော မေးခွန်းများ စာရေးသူ စဉ်းစားမိလာပါသည်။ ဤသည်မှာ နိုင်ငံရေးဖြစ်ပါသည်။ ထို့ထက် မြန်မာနိုင်ငံ၏  အနာဂတ်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများအကြား  ယုံကြည်မှုတည်ဆောက်ရေးလည်း ဖြစ်ပါသည်။ အမှန်ဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အခြားသောနိုင်ငံအများစုကဲ့သို့ အစိုးရနှင့် အတိုက်အခံ အင်အားစုနှစ်ခုသာရှိသော နိုင်ငံရေးမဟုတ်ပါချေ။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများ စသဖြင့် အားပြိုင်ဆိုင်မှုဘက်ပေါင်းများစွာ ရှိနေပါသည်။ ထို့အတွက် အချင်းချင်းကြား ချိတ်ဆက်နိုင်ဖို့ လိုအပ်သည်ဟု ယူဆပါသည်။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်ပြုလုပ်နေသော ခြေဥပြင်ဆင်ရေးမှာ လိုလည်းလိုအပ်ပါသည်။ မြန်မာပြည်အနာဂတ်အတွက် အရေးလည်းကြီးပါသည်။ ထို့အတူ  ငြိမ်းချမ်းရေးမှာလည်း မြန်မာပြည်အနာဂတ်အတွက် အရေးကြီးပါသည်။  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုဆို၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုခေါ်ခေါ်  နိုင်ငံရေးအင်အားစုများအားလုံးက ပိုမိုကောင်းမွန်သော အနာဂတ်ကိုဦးတည်ရန် ကြိုးစားနေကြခြင်းဖြစ်ပါသည်။ သို့သော်လည်း အင်အားစုများက အချင်းချင်း အချိတ်အဆက်မရှိ၊ မမိကြလျှင်မူ  အနာဂတ်နိုင်ငံတော်ကြီး ပိုမိုကောင်းမွန်လာဖို့ မသေချာပါ။

ယခု လုပ်ဆောင်နေသော ခြေဥပြင်ဆင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်မှုသက်သက်ဟု ဝေဖန်ကြသူများလည်း ရှိပါသည်။ မူကြမ်းတစ်ခုထွက်လာပြီး လွှတ်တော်တွင်း ပြင်ဆင်အတည်ပြုမည် ဆိုလျှင်လည်း လက်ရှိ ခြေဥအခန်း (၁၂) ပုဒ်မ (၄၃၆) အရ တပ်မတော်၏  ထောက်ခံမှုမပါဘဲ ပြင်၍ရမည်မဟုတ်ပါ။ သို့သော်လည်း အချို့သောတိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းစဉ်က သဘောတူထားသည့်၊   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ၎င်း၏မိန့်ခွန်းများတွင် ထည့်သွင်းပြောဆို ကတိပေးထားသည့် ဖက်ဒရယ်နှင့် သက်ဆိုင်သော  အချို့ပုဒ်မများကိုမူ ပြင်ဆင်၍ ရကောင်းရနိုင်ပါသည်။ စာရေးသူ သေချာမသိပါ။ မည်သို့ပင်ဖြစ်စေ၊ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရမည်ကတော့  သေချာပါသည်။ ပြင်ဆင်သည့်အခါ မည်သည့်လမ်းကြောင်းက ပြင်ဆင်မည်ဆိုသည်ကိုလည်း ရေရာသေချာစေချင်ပါသည်။ လက်ရှိ မြန်မာနိုင်ငံတော်တွင် ပြုလုပ်နေဆဲဖြစ်သော နိုင်ငံရေးဆွေးနွေးပွဲများကို မေ့မထားစေချင်ပါ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းရင်းသားအင်အားစုများ တောင်းဆိုနေသော ဖက်ဒရယ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်  သက်ဆိုင်သော ၂၀၀၈ ခြေဥပါပုဒ်မများကို ပြင်ဆင်ဖို့ ဆွေးနွေးဆုံးဖြတ်ရာတွင် ၎င်းတို့၏သဘောထားများကို ပစ်ပယ်မထားစေချင်ပါ။ ၂၀၁၈  နိုဝင်ဘာလကတည်းက တစ်ဆို့မှုဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယခုခြေဥပြင်ဆင်ရေးတွင် ပြန်လည်အားကောင်းလာစေ ချင်ပါသည်။ ထို့ထက် ခြေဥပြင်ဆင်ရေးကို လက်တွေ့ကျစေချင်ပါသည်။

အဖွဲ့အစည်းတိုင်းတွင် ကိုယ်ကျိုးစီးပွားရှိပါသည်။ ဤသည်မှာ အပြစ်တစ်ခုမဟုတ်ပါ။ နိုင်ငံရေးပါတီများက ရွေးကောက်ပွဲအနိုင်ရဖို့  လုပ်ကြမည်။ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေကို တတ်နိုင်သလောက် ကာကွယ်ဖို့ ကြိုးစားမည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက  မိမိတို့နေရာဌာနများကို မိမိတို့ စိတ်ကြိုက် စီမံခန့်ခွဲနိုင်သည့် အခွင့်အရေးရရှိအောင် လက်နက်ကိုင်ထားရင်း ဆွေးနွေးတောင်းဆိုကြပါလိမ့်မည်။  ထိုသို့ မိမိတို့ အထိုင် (Position) မှနေ၍ ကိုယ့်အဖွဲ့အစည်း၏ လက်ရှိအနေအထား မပျက်ယွင်းမထိခိုက်အောင် ကြိုးစားနေကြရင်းမှပင်  တိုင်းပြည်နှင့် ပြည်သူ့မျက်နှာကို ထောက်ထားစွာဖြင့် လက်တွေ့ဆန်ပြီး ထိရောက်သည့် နိုင်ငံ့အရေးအပြောင်းအလဲကို ဆောင်ရွက်ကြဖို့ လိုပါသည်။ ဥပမာဆိုရလျှင် ဖက်ဒရယ်နှင့် သက်ဆိုင်သောပုဒ်မ (၂၆၁) တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတကခန့်အပ်သည့် ပုဒ်မကို  တိုင်း/ပြည်နယ် လွှတ်တော် သို့မဟုတ် တိုင်း/ပြည်နယ် ပြည်သူများမှ တိုက်ရိုက်ရွေးချယ်ခွင့်ရအောင် ပြင်ဆင်ရန် တိုင်းရင်းသားပါတီများက  အဆိုပြုထားသည်ကို တွေ့ရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်  ဖတ်ကြားတင်သွင်းကြသော စာတမ်းများတွင်လည်း ထိုနည်းလည်းကောင်းပင် တွေ့ရသည်။ သဘောထားကွဲလွဲမှုများ ရှိနေကြသေးသော်လည်း တပ်မတော်နှင့် အစိုးရအနေနှင့်လည်း ယင်းပုဒ်မပြင်ဆင်မှု ကို သဘောမတူစရာမရှိဟူသော သဘောထားများကို ခေါင်းဆောင်များ၏ ပြောကြားချက်များတွင် တွေ့ခဲ့ရဖူးပါသည်။ သို့သော်လည်း လက်တွေ့ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြလျှင် အဖြေက တစ်မျိုးပြောင်းနိုင်ပါသလားဆိုသော သံသယအားလုံးတွင် ရှိပါသည်။ အားလုံးပါဝင်မှု  (All Inclusive) မရှိသောကြောင့် လက်ရှိအချိန်တွင် ပြင်ဆင်ရန်  မသင့်တော်သေးဟူ၍လည်း ဖြစ်လာနိုင်ပါသည်။ တည့်တည့်ပြောရလျှင်  လက်ရှိခြေဥအရ တပ်မတော်ဘက်မှ သဘောမတူလျှင် လွှတ်တော်တွင်း  ၇၅ ရာခိုင်နှုန်းအကျော် ဆန္ဒမဲဖြင့် အခြေခံဥပဒေပြင်ဆင်ရန် မဖြစ်နိုင်ပါချေ။ ယခု ၄၅ ဦး ကော်မတီ ဆက်လက်လုပ်ဆောင်မည့် ခြေဥပြင်ဆင်ရေးမူကြမ်းကို တကယ်တမ်း မဲခွဲဆုံးဖြတ်သည့်အခါ တပ်မတော်ဘက်မှ  သဘောတူနိုင်ခြေရှိသည့် ပုဒ်မများကိုပင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းလည်းဖြစ်နိုင်ပါသည်။ သို့ဆိုလျှင်  ရလဒ်လည်းမထွက်၊ ဥပဒေအရ မည်သို့မျှ စောဒကမတက်နိုင်ပါ။ ပြည်သူများနှင့် တပ်မတော်အပါအဝင် နိုင်ငံရေး အင်အားစုများအကြား စိုးရိမ် ပူပန်စရာ သဘောကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်စရာသာ ရှိပါသည်။ ဤသည်မှာ တိုင်းပြည်အနာဂတ်အတွက်ကောင်းသည်ဟု စာရေးသူမထင်ပါ။  ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပြောရလျှင် ခြေဥပြင်နိုင်သော အခွင့်အာဏာရှိသည့် တပ်မတော်နှင့် တစ်ခါတည်း ချိတ်ဆက်ညှိနှိုင်းထားသင့်ပါသည်။  ထိုသို့ ညှိနှိုင်းရန်မှာလည်း လွှတ်တော်တွင်း ၄၅ ဦး ကော်မတီတွင်းထက်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံအစည်းအဝေး များက ပိုသင့်တော်ပါသည်။ ပို၍လည်း All Inclusiveဖြစ်ပါသည်။  အစိုးရ၊ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများရော၊ နိုင်ငံရေးပါတီများနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများပါ  ပါဝင်ဆွေးနွေးနိုင်ပြီး ပို၍လည်းပွင့်လင်းမြင်သာရှိပါသည်။ ယင်းမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများမှတစ်ဆင့် ယခုလုပ်ဆောင်လျက်ရှိသော ၄၅ ဦး ကော်မတီ အစီရင်ခံစာနှင့်  ချိတ်ဆက်ဆောင်ရွက်နိုင်ပါလျှင်မူ ခြေဥပြင်ဆင်ရေးအတွက် တကယ်တမ်းထိရောက်သည့် အရွေ့တစ်ခု ဖြစ်လာနိုင်သည်ဟု စာရေးသူ ယူဆပါသည်။  သို့သော် …

မြန်မာ့နိုင်ငံရေးတွင် သို့သော်တွေက များလွန်းလှပါသည်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က KNU နှင့် RCSS တို့ တရားဝင်ဆွေးနွေးပွဲများ မတက်သဖြင့် တစ်ဆို့လျက်ရှိချိန်တွင် ၄၅ ဦး ကော်မတီဖြင့်  လွှတ်တော်တွင်း ခြေဥပြင်ဆင်မှုများ ကြိုးပမ်းနေသည်။ တပ်မတော်က လိုလားပုံမရပါ။ ထို့ကြောင့် ရလဒ်၊ အဖြေ ထိရောက်မှုရှိရန် ဖြစ်နိုင်ခြေနည်းပါသည်။ ခြေဥပြင်ဆင်ရေး လက်တွေ့ကျပြီး ရလဒ်ကောင်း ရစေချင်ပါသည်။ ထို့ကြောင့် ၂၁ ပင်လုံ နှင့် ၄၅ ဦး ကော်မတီဟူသော Institution နှစ်ခုအကြား ချိတ်ဆက်ပြီး အမှန်တကယ် တိုင်းပြည်အတွက်  အကျိုးရှိစေမည့် အရွေ့တစ်ခုကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ပြည်သူတစ်ဦးအနေနှင့် စာရေးသူလိုလားမိပါသည်။ ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် မည်သို့ဆက်လုပ်ရမည်ကိုတော့ သက်ဆိုင်ရာ ဆုံးဖြတ်ခွင့်ရှိသည့် ခေါင်းဆောင်များကသာ ညှိနှိုင်းအဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါတော့သည်။

 

သခင်

၂၀၁၉၊ ဩဂုတ်လ ၆ ရက်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *