၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons  for the 21st  Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

သင်ခန်းစာ (၆) လူ့ယဉ်ကျေးမှု (Civilisation)

ကမ္ဘာမှာ လူ့ယဉ်ကျေးမှုတစ်မျိုးပဲရှိတယ် (အပိုင်း-၂)

လူသားအုပ်စုများနှင့် တိရစ္ဆာန်မျိုးစိတ်များအကြားတွင် ပို၍ပင် နက်ရှိုင်းသော ကွာခြားချက်ရှိသေးပေသည်။  တိရစ္ဆာန်မျိုးစိတ်များမှာ မတူညီသော မျိုးစိတ်များအဖြစ် ကွဲပြားသွားနိုင်သော်လည်း မတူသော  မျိုးစိတ်များမှ မျိုးစိတ်တစ်ခုအဖြစ် ပေါင်းသွားသည်ဟူ၍ မရှိချေ။  လွန်ခဲ့သော နှစ်သန်းပေါင်း ခုနစ်သန်းခန့်က ချင်ပန်ဇီမျောက်ဝံများနှင့်  ဂေါ်ရီလာလူဝံများမှာ တစ်ခုတည်းသော တူညီသည့် ဘိုးဘေးမျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယင်းတူညီသော ရှေးမျိုးစိတ်တစ်ခုမှ မတူညီသော အုပ်စုနှစ်ခုအဖြစ် ကွဲပြားသွားပြီး ဆင့်ကဲဖြစ်စဉ်တွင်  မတူညီသော လမ်းနှစ်ခုကို လျှောက်လှမ်းသွားကြခြင်းဖြစ်သည်။ ထိုသို့  ကွဲပြားသွားပြီးနောက် ပြန်လည်ပေါင်းစည်း၍ မရတော့ပေ။ မတူညီသော မျိုးစိတ်နှစ်ခုမှ သတ္တဝါနှစ်ကောင်ပေါင်းစည်းပြီး မျိုးဆက်ပွား၍ ရနိုင်သော သားသမီးမထွန်းကားနိုင်သောကြောင့် မျိုးစိတ်နှစ်ခုမှာ ဘယ်သောအခါမှ ပြန်လည်မပေါင်းစည်းနိုင်ပေ။ ဂေါ်ရီလာလူဝံနှင့် ချင်ပန်ဇီမျောက်ဝံ  ပေါင်းစည်းလို့မရသလို၊ သစ်ကုလားအုတ်နှင့် ဆင်နှင့် ပေါင်းစည်း၍မရ။ ထို့အတူ ခွေးသည်လည်း ကြောင်နှင့် ပေါင်းစည်းပြီး မျိုးပွား၍မရနိုင်ပေ။

လူသားအုပ်စုများမှာမူ အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးကြီးမားသော အုပ်စုများအဖြစ်သို့ ပေါင်းစည်းလာတတ်သည့် သဘောရှိသည်။  ယနေ့ခေတ် ဂျာမန်များမှာ ဆက်ဇွန် (Saxons)၊ ပရက်ရှန်း (Prussians)၊  ဆွာဘီးယန်း (Swabians) နှင့်  ဘာဗေးရီးယန်း (Bavarians) အုပ်စုများ ပေါင်းစည်းရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းအုပ်စုများမှာ  သိပ်မကြာခဲ့သေးသော ကာလအတွင်းက တစ်အုပ်စုနှင့် တစ်အုပ်စု တည့်လှသည် မဟုတ်ချေ။ Otton von Bismarck က (ဒါဝင်၏ မျိုးစိတ်များ၏  ပင်မမူရင်းအကြောင်း – On the Origin စာအုပ်ကို ဖတ်ပြီးနောက်) မှတ်ချက်ချသည်မှာ ဩစတြီးယန်းများနှင့် လူသားများအကြား ပျောက်ဆုံးနေသည့် ကွင်းဆက်မှာ ဘာဗေးရီးယန်းများဖြစ်သည် ဟူသတတ်။ ပြင်သစ်များမှာ ဖရန့်များ (Franks)၊ နော်မန်များ  (Normans)၊ ဘရက်တန်များ (Breton)၊ ဂတ်စ်ကွန်များ (Gascons)  နှင့် ပရိုဗန်ဆဲများ (Provencal) ပေါင်းစည်းရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရေလက်ကြားတစ်ဖက်တွင်မူ အင်္ဂလိပ်များ၊ စကော့များ၊ ဝေးလ်များ၊ အိုင်းရစ်များ တဖြည်းဖြည်းချင်း (ပေါင်းစည်းချင်သည်ဖြစ်စေ၊ မပေါင်းစည်းချင်သည်ဖြစ်စေ) ပေါင်းစည်း၍ ဗြိတိသျှများ ဖြစ်လာလျက်ရှိသည်။ သိပ်မဝေးလှသော အနာဂတ်တွင် ဂျာမန်များ၊  ပြင်သစ်များ၊ ဗြိတိသျှများ ပေါင်းစည်းသွားပြီး ဥရောပသားဟုသာခေါ်သော အုပ်စုအဖြစ် ရောက်ကောင်းရောက်လာနိုင်လေသည်။

ပေါင်းစည်းသော အုပ်စုများမှာ ကြာကြာခံချင်မှလည်း ခံပေလိမ့်မည်။ ယနေ့ခေတ် လန်ဒန်၊ အက်ဒင်ဗရာနှင့် ဘရက်ဆဲလ်ရှိ လူအများမှာ  ထိုအချက်ကို ကောင်းကောင်းသိပါသည်။ ဗြိတိန် ဥရောပမှ နုတ်ထွက်သည့် ဖြစ်စဉ် (Brexit) က အစပြုပြီး ဗြိတိန်ရော ဥရောပသမဂ္ဂပါ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အစည်းပြေသွားသည့်အဖြစ်မျိုးလည်း ကြုံကောင်းကြုံလာရနိုင်သည်။ ရေရှည်တွင်မူ သမိုင်း၏ လားရာမှာ ထင်ရှားပြီးဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က လူသားမျိုးနွယ်မှာ မရေမတွက်နိုင်သော သီးခြားအုပ်စုလေးများအဖြစ် ရပ်တည်နေခဲ့ကြသည်။ ထောင်စုနှစ်တစ်ခုကို ကျော်ဖြတ်တိုင်း လူသားအုပ်စုများမှာ ပေါင်းစည်းလာပြီး ပိုပြီးကြီးမားသော အုပ်စုများအဖြစ်ရောက်ကာ သီးခြားလူ့ယဉ်ကျေးမှု အုပ်စုများအဖြစ် ပေါ်ပေါက်လာသည်။ လွန်ခဲ့သော မျိုးဆက်အနည်းငယ်အတွင်းမှာမူ ကျန်ရှိနေသည့် လူ့ယဉ်ကျေးမှုအုပ်စုများမှာ တစ်ခုတည်းသော ကမ္ဘာ့လူ့ယဉ်ကျေးမှုအဖြစ်သို့ ပေါင်းစည်းလာနေခြင်း  ဖြစ်သည်။  နိုင်ငံရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးကွဲပြားမှုများ  ရှိနေသေးသော်လည်း ယင်းကွဲပြားမှုများကြောင့် အခြေခံပေါင်းစည်းနေမှုမှာ ပျက်ပြားမသွားချေ။ အမှန်အားဖြင့်ပင် အချို့ကွဲပြားမှုများ ရှိနေနိုင်ခြင်းမှာ အလုံးစုံလွှမ်းခြုံထားသည့် တူညီသောပုံစံရှိနေခြင်းကြောင့်ဖြစ်သည်။ ဥပမာဆိုရသော် – အလုပ်ကိစ္စများကို ခွဲဝေပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း (Division of Labor) မှာ တစ်ခုတည်းသော ဈေးကွက် ရှိနေခြင်းကြောင့်ဖြစ်သည်။ ဂျုံနှင့်စပါးစိုက်သည့် အခြားနိုင်ငံများထံမှ  စားစရာဝယ်နိုင်ခြင်းကြောင့်သာ နိုင်ငံတစ်နိုင်ငံသည် ကားထုတ်လုပ်သည့်နိုင်ငံ သို့မဟုတ် ရေနံထုတ်လုပ်သည့်နိုင်ငံအဖြစ် ဆောင်ရွက်နိုင်ခြင်း  ဖြစ်သည်။

လူသားများပေါင်းစည်းခြင်းမှာ မတူညီသည့် ပုံစံနှစ်မျိုးဖြင့် ဖြစ်ပွား ခြင်းဖြစ်သည်။ ပထမတစ်မျိုးမှာ မတူညီသောအုပ်စုများအကြား အချိတ်အဆက်များထူထောင်ခြင်းနှင့် ဒုတိယတစ်မျိုးမှာအုပ်စုများအကြား  လုပ်နည်းကိုင်နည်းများတူညီအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ကူးလူးဆက်ဆံရေး အချိတ်အဆက်များမှာ လုပ်ပုံလုပ်နည်းမတူညီသော အုပ်စုများအကြားတွင်ပင် ပေါ်ပေါက်လာနိုင်သည်။ အမှန်အားဖြင့်  တစ်ဖက်နှင့် တစ်ဖက် ငြှိုးသူရန်ဘက်ဖြစ်နေကြသော အုပ်စုများအကြားတွင်ပင် ကူးလူးဆက်ဆံရေး အချိတ်အဆက်များ ပေါ်ပေါက်လာတတ်သည်။  စစ်ပွဲများကြောင့်ပင် လူသားများတစ်ဦးနှင့်တစ်ဦး ပေါင်းစည်းဆက်ဆံသည့် အားအကောင်းဆုံး နှောင်ကြိုးများ ပေါ်ပေါက်လာတတ်သေးသည်ကိုး။ သမိုင်းပညာရှင်များက ဆိုလေ့ရှိသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်မှာ ၁၉၁၃ တွင် အထွတ်အထိပ်ရောက်ပြီး ကမ္ဘာစစ်နှစ်ခုနှင့် စစ်အေး ကာလခေတ်ကာလများတွင် နှစ်ပေါင်းများစွာ ဆုတ်ယုတ်ခဲ့ကာ ၁၉၈၉  နောက်ပိုင်းကြမှသာ ပြန်လည်ဖြစ်ထွန်းလာသည်ဟု ဆိုကြသည်။ အဆိုပါအချက်မှာ စီးပွားရေးဆိုင်ရာပေါင်းစည်းမှု ဂလိုဘယ်လိုက်ဇေးရှင်းအတွက် မှန်ကောင်းမှန်နိုင်ပါသည်။ သို့သော်ထိုအချက်နှင့်ထပ်တူ အရေးကြီးပြီး မတူညီသောပေါင်းစည်းမှု ပုံစံတစ်မျိုးဖြစ်သည့် စစ်ရေးဆိုင်ရာ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို လျစ်လျူရှုထားရာကြပါသည်။  စစ်ပွဲများမှာ အတွေးအခေါ်အယူအဆများ၊ နည်းပညာများ၊ လူသားများကို  စီးပွားရေးထက်ပင်များစွာ မြန်မြန်ဆန်ဆန် ကူးလူးပျံ့နှံ့စေပါသည်။  ၁၉၁၃ ထက်စာလျှင် ၁၉၁၈ တွင် အမေရိကန်ပြည်ထောင်စုမှာ ဥရောပနှင့် ပိုမိုကူးလူးဆက်ဆံနီးစပ်မှုရှိပြီး စစ်ပွဲများ ရပ်ဆိုင်းသွားသည့်ကာလ များတွင် နှစ်ဖက်ပြန်လည်ဝေးကွာသွားပြန်သည်။ ဒုတိယကမ္ဘာစစ်နှင့်  စစ်အေးကာလခေတ်ရောက်မှသာ နှစ်ဖက်စလုံး၏ ကံကြမ္မာခွဲခြားမရအောင် အတူတူပြန်လည်ချိတ်ဆက်မိသွားကြခြင်းဖြစ်သည်။

စစ်ပွဲများက လူသားများကို တစ်ဖက်အကြောင်းတစ်ဖက် ပို၍ သိချင်စိတ်ပေါ်လာစေသည်။ အမေရိကန်ပြည်ထောင်စုမှာ စစ်အေးကာလအတွင်း ရုရှားအကြောင်း အသေးစိတ်အသိဆုံးအချိန်ဟု ဆို၍ရသည်။  မော်စကိုတစ်နေရာမှ ချောင်းဟန့်လိုက်လျှင်ပင် ဝါရှင်တန်တွင် ပျားပန်းခတ်လူများ အလုပ်ရှုပ်သွားစေသည်။ လူသားများမှာ သူတို့၏ စီးပွားရေး ကုန်သွယ်ဖက်များထက် ရန်သူကို ပိုပြီးဂရုစိုက်ကြသည်။ ထိုင်ဝမ်နှင့်ပတ်သက်သည့် အမေရိကန်ရုပ်ရှင်တစ်ကားရှိသည်ဆိုလျှင် ဗီယက်နမ် အကြောင်းရိုက်ထားသည့် ရုပ်ရှင်ကားငါးဆယ်လောက် ရှိတတ်ပေသည်။

၂၁ ရာစု အစောပိုင်းကမ္ဘာမှာ မတူညီသောအုပ်စုများအကြား  အချိတ်အဆက်များ ပေါ်ပေါက်သည်ထက် များစွာကျော်လွန်ရှေ့ရောက်နေပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူအများမှာ တစ်ဦးနှင့်တစ်ဦး ထိတွေ့ ဆက်သွယ်နိုင်ရုံမျှမက အတွေးအခေါ်အယူအဆများ၊ လုပ်နည်းကိုင်နည်းများ ပို၍ပို၍ တူညီလာနေကြပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က  ကမ္ဘာပေါ်မှာ မတူညီသော နိုင်ငံရေးစုဖွဲ့မှု မော်ဒယ်လ်များ ဒါဇင်နှင့်ချီ၍  ပေါ်ပေါက်ခဲ့သည်။ ဥရောပကိုကြည့်လျှင် လွတ်လပ်သော မြို့ပြနိုင်ငံငယ်များနှင့် ကျောင်းတော်က အုပ်စိုးသော နိုင်ငံငယ်လေးများ အပြိုင်အဆိုင် ပြည့်နှက်နေသည့် မြေရှင်ပဒေသရာဇ်စနစ်ကို တွေ့ရမည်ဖြစ်သည်။ မွတ်ဆလင်ကမ္ဘာကိုကြည့်လျှင် တစ်ကမ္ဘာလုံးကို အုပ်စိုးသည်ဟု ကြွေးကြော်သော ကာလိဖိတ်များကို တွေ့ရမည်ဖြစ်ပြီး ဘုရင်အုပ်စိုးသော နိုင်ငံငယ်လေးများ၊ စော်ဘွားများ၊ စူလ်တန်များ အုပ်ချုပ်သည့် နိုင်ငံငယ်လေးများကိုလည်း တွေ့ရမည်ဖြစ်သည်။ တရုတ်အင်ပါယာများမှာလည်း သူတို့ကိုယ်  သူတို့  တစ်ခုတည်းသော တရားနည်းဆီလျော်သည့် နိုင်ငံရေးစုဖွဲ့မှုများအဖြစ် ယုံကြည်ကြပြီး မြောက်ဘက်နှင့် အနောက်ဘက်ရှိ လူမျိုးအုပ်စုကိုယ်စီဖြင့် စုဖွဲ့ထားသည့် မဟာမိတ်နိုင်ငံများမှာ ပျော်ပျော်ပါးပါးကြီး  တစ်ဖက်နှင့်တစ်ဖက် စစ်ပွဲဆင်နွှဲကြလေသည်။ အိန္ဒိယနှင့် အရှေ့တောင် အာရှတွင်လည်း ပန်းစကြာမှန်ပြောင်းကို ကြည့်ရသလို အုပ်ချုပ်မှုပုံစံအမျိုးမျိုး မရိုးရအောင် တွေ့နိုင်ပြီး အမေရိက၊ အာဖရိကနှင့် ဩစတြေးလျ- အာရှ နေရာများရှိ နိုင်ငံရေးအစုအဖွဲ့များမှာလည်း အမဲလိုက်အုပ်စုပုံစံမှအစ ပြန့်ကျဲနေသည့် အင်ပါယာများအထိ ပုံစံမျိုးစုံဖြင့် တွေ့ရလေသည်။  နိုင်ငံတကာ ဥပဒေမဆိုထားဘိဦး၊ အိမ်နီးချင်း လူသားအုပ်စုအချင်းချင်းပင်  သံတမန်လုပ်ထုံးလုပ်နည်းများကို ဘုံသဘောတူညီချက်ရဖို့ အလွန်ခက်ခဲ လေသည်။ လူ့အဖွဲ့အစည်းကိုယ်စီတွင် ကိုယ်ပိုင်နိုင်ငံရေးစံနှုန်းများရှိနေပြီး  အခြားအုပ်စုများ၏ နိုင်ငံရေး သဘောတရားများကို နားလည်ဖို့၊ အသိအမှတ်ပြုဖို့ ခက်ခဲလေသည်။

ယနေ့ခေတ်တွင်မူ တစ်ခုတည်းသော နိုင်ငံရေးစံနမူနာ ပုံစံတစ်ရပ်ကိုပင် နေရာတိုင်းတွင် လက်ခံထားကြသည်။ ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံ ၂၀၀ နီးပါးရှိသည်ဟု ဆိုနိုင်ပြီး ယေဘုယျအားဖြင့်  တူညီသော သံတမန်လုပ်ထုံးလုပ်နည်း ပရိုတိုကောများနှင့် ဘုံတူညီသည့် နိုင်ငံတကာဥပဒေများ ရှိလေသည်။ ဆွီဒင်၊ နိုင်ဂျီးရီးယား၊ ထိုင်းနှင့် ဘရာဇီးနိုင်ငံအားလုံးတို့မှာ မြေပုံစာအုပ်များတွင် တူညီသော အရောင်စုံပုံစံများဖြင့် တွေ့ရမည်ဖြစ်ပြီး သူတို့အားလုံးမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။ မတူညီမှုများ အမြောက်အမြားရှိသော်လည်း သူတို့အားလုံးကို တူညီသည့် အခွင့်အရေးများနှင့် ခံစားခွင့်များရှိသည့် အချုပ်အခြာအာဏာပိုင် နိုင်ငံများအဖြစ် အသိအမှတ်ပြုထားသည်။  တကယ်တမ်းဆိုရလျှင် အဆိုပါနိုင်ငံအားလုံးမှာ နိုင်ငံရေးအယူအဆများနှင့် လုပ်နည်းကိုင်နည်းများများစွာ တူညီကြလေသည်။ ဆိုရလျှင် လူထုကိုယ်စားပြု အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူတိုင်းမဲပေးပိုင်ခွင့်၊ လူ့အခွင့်အရေး အစရှိသည့် ကိစ္စရပ်များတွင် အနည်းဆုံးမည်ကာ မတ္တအားဖြင့်တော့ လက်ခံထားကြသည်သာ ဖြစ်လေသည်။ လန်ဒန်နှင့် ပဲရစ်ကဲ့သို့ပင် တီဟီရန်၊ မော်စကို၊ ကိပ်တောင်းနှင့် နယူးဒေလီတို့တွင်  ပါလီမန်များ ရှိလေသည်။ ကမ္ဘာ့လူထုက အကောင်းမြင်စေရန် အစ္စရေးသား နှင့် ပါလက်စတိုင်းသားများ၊ ရုရှားများနှင့် ယူကရိန်းသားများ၊ ကာ့ဒ်များ နှင့် တာ့ခ်များ အပြိုင်ကြိုးစားကြရာတွင် လူ့အခွင့်အရေး၊ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ နိုင်ငံတကာဥပဒေ အစရှိသည့် တူညီသောဘာသာစကားကိုသုံးပြီး  ကြိုးစားကြခြင်း ဖြစ်သည်။

ကမ္ဘာမှာ “ကျဆုံးနေသောနိုင်ငံများ (Failed States)” များဖြင့်  ပြည့်နှက်နေကောင်း ပြည့်နှက်နေနိုင်သော်လည်း အောင်မြင်သော နိုင်ငံတစ်ခုဖြစ်ဖို့အတွက်မူ ပုံစံတစ်မျိုးသာရှိလေသည်။ သို့ဖြစ်လေရာ  ကမ္ဘာ့နိုင်ငံရေးမှာ Anna Karenia ဥပဒေအတိုင်း အောင်မြင်သော နိုင်ငံများမှာ အားလုံးပုံစံတူကြပြီး ကျဆုံးနေသော နိုင်ငံများမှာမူ သူ့နည်းသူ့ဟန်နှင့် ကျဆုံးခြင်းဖြစ်လေသည်။ ကျဆုံးနေသော နိုင်ငံများမှာ  ကမ္ဘာတွင် လက်ခံကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ထဲမှ တစ်ခုခုပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် မအောင်မမြင်ဖြစ်ရခြင်းဖြစ်လေသည်။ အစ္စလာမ်မစ်နိုင်ငံတော် (IS) မှာ ယင်းကမ္ဘာတွင် ကျင့်သုံးနေသော နိုင်ငံရေးစနစ်တစ်ခုလုံးကို လုံးလုံးလျားလျားလက်မခံဘဲ  အကုန်လုံးကို အုပ်ချုပ်စိုးမိုးသည့် ကာလိဖိတ်ဆိုသည့် လုံးဝမတူညီသော  နိုင်ငံရေးပုံစံတစ်ရပ်ဖန်တီးရန် ကြိုးပမ်းခြင်းက ထူးခြားချက်ဖြစ်လေသည်။  သို့သော် ယင်းသို့ ငြင်းပယ်ခြင်းကြောင့်ပင် အစ္စလာမ်မစ်နိုင်ငံတော်   (IS) မအောင်မြင်ရခြင်းဖြစ်သည်။ ပြောက်ကျားစစ်ဆင်နွှဲသော အဖွဲ့များစွာနှင့် အကြမ်းဖက်အဖွဲ့အစည်းအများအပြားမှာ နိုင်ငံသစ်ထူထောင်ခြင်း သို့မဟုတ် ရှိနှင့်ပြီးသား နိုင်ငံတစ်နိုင်ငံကိုသိမ်းပိုက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ကမ္ဘာတွင်ရှိနေသော  နိုင်ငံရေးစနစ်အစီအစဉ်၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို အမြဲ လိုက်နာလေ့ရှိပြီး ဆောင်ရွက်ခြင်းဖြစ်သည်။ တာလီဘန်အဖွဲ့ပင် အချုပ်အခြာအာဏာပိုင် အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုရရှိအောင် ကြိုးပမ်းဆောင်ရွက်ရသေးသည်။ ကမ္ဘာ့ နိုင်ငံရေး၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို ငြင်းပယ်သည့် မည်သည့်အဖွဲ့မဆို နယ်မြေတခုခု အထင်အရှား ကြာရှည်သိမ်းပိုက်နိုင်သေးသည့်  အဖြစ်မျိုးမရှိသေးချေ။

ကမ္ဘာ့နိုင်ငံရေးစနစ်လားရာ မည်မျှအားကောင်းသနည်းဆိုသည်ကို စစ်ပွဲများ၊ သံတမန်ရေးရာများ စသည့် ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးမေးခွန်းများဖြင့် မဆန်းစစ်ဘဲ ၂၀၁၆ ရီယိုအိုလံပစ်လိုမျိုး အဖြစ်အပျက်နှင့်  ဆန်းစစ်လို့ရသည်။ အိုလံပစ်အားကစားပွဲများ ကျင်းပပုံကို ပြန်လည်စဉ်းစားကြည့်ပါ။ အားကစားသမား ၁၁,၀၀၀ ကို ဘာသာရေး၊ လူတန်းစား သို့မဟုတ် ဘာသာစကားဖြင့် အုပ်စုခွဲထားခြင်း မဟုတ်ဘဲ နိုင်ငံအလိုက်  အုပ်စုခွဲထားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာအုပ်စု၊ အလုပ်သမားလူတန်းစားအုပ်စု သို့မဟုတ် အင်္ဂလိပ်စကားပြော အုပ်စုဟူ၍မခွဲပေ။ ထိုင်ဝမ်နှင့် ပါလက်စတိုင်းကဲ့သို့သော ချွင်းချက်အနည်းငယ်မှလွဲ၍  အားကစားသမားများကို နိုင်ငံအလိုက် အုပ်စုခွဲခြင်းမှာ လွယ်ကူရိုးရှင်းသော ကိစ္စဖြစ်လေသည်။

အိုလံပစ်ဖွင့်ပွဲနေ့ ၂၀၁၆ ဩဂုတ်လ ၅ ရက်နေ့တွင် အားကစား သမားများမှာ နိုင်ငံအလံများကို ဝှေ့ယမ်းကာ နိုင်ငံအုပ်စုအလိုက် ချီတက်ကြသည်။ မိုက်ကယ်ဖဲလ်က ရွှေတံဆိပ်တစ်ခုရတိုင်း အမေရိကန်နိုင်ငံတော်သီချင်း (Star – Spangled Banner) ကိုဖွင့်ကာ ကြယ်များနှင့် မျဉ်းကြောင်းများပါသော အမေရိကန်အလံကို လွှင့်ထူသည်။ အမ်မလီအန်ဒီရောက ဂျူဒိုတွင် ရွှေတံဆိပ်ရသောအခါ သုံးရောင်ခြယ်ပြင်သစ်အလံကို လွှင့်ထူကာ ပြင်သစ်နိုင်ငံတော် သီချင်း (Marseillaise) ကို ဖွင့်လေသည်။

အဆင်ပြေလွယ်ကူစေသည့်အချက်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် ပုံစံတူညီသည့် နိုင်ငံတော်သီချင်းရှိလေသည်။ နိုင်ငံတော်သီချင်းအားလုံးလိုလို မှာ မိနစ်ပိုင်းကြာမြင့်ပြီး သံစုံတီးဝိုင်းဖြင့်တီးသည့် သီချင်းများဖြစ်သည်။ အစဉ်အလာဘုန်းတော်ကြီးများပါဝင်သည့် အထူးလူတန်းစားတစ်ရပ်ကသာ ရွတ်ဆိုရသည့် မိနစ် ၂၀ လောက်ရှည်သည့် ဂါထာမဟုတ်ပေ။  ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန် နှင့် ကွန်ဂိုတို့လို နိုင်ငံမျိုးပင် သူတို့၏ နိုင်ငံတော်သီချင်းများအတွက် အနောက်တိုင်းဂီတပုံစံဖြင့် ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ ယင်းနိုင်ငံတော် သီချင်းအများစုမှာလည်း ဘင်သိုဗင်  အပျင်းပြေရေးထားသည့် ဂီတမျိုးနှင့် ပိုတူလေသည်။ (စာဖတ်သူအနေနှင့်  တစ်ရက်ရက်တွင် Youtube  မှ နိုင်ငံတော်သီချင်းအမျိုးမျိုးဖွင့်ကြည့်ပြီး  သူငယ်ချင်းများနှင့် ဘယ်နိုင်ငံမှ နိုင်ငံတော်သီချင်းဖြစ်လဲ ခန့်မှန်းကြည့် တမ်း ကစားလို့ရပါသည်။) နိုင်ငံတော်သီချင်းစာသားများမှာလည်း  တစ်ကမ္ဘာလုံး အတူတူနီးပါးပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံရေးနှင့်  အုပ်စုအပေါ် သစ္စာရိုသေမှု သဘောတရားများ အတူတူဖြစ်သည်ဆိုသည့်  သဘောပင်ဖြစ်ပါသည်။ ဥပမာပြရမည်ဆိုလျှင် အောက်ပါနိုင်ငံတော် သီချင်းစာသားကိုဖတ်ကြည့်ပြီး ဘယ်နိုင်ငံကသီချင်းလဲ စာဖတ်သူ ခန့်မှန်းကြည့်ပါ။ (ကျွန်တော့်အနေနှင့် နိုင်ငံ၏ နာမည်ကိုသာ ယေဘုယျဆန်ဆန် ‘ကျွန်ုပ်နိုင်ငံ’ ဟုသာ ပြောင်းလဲထားပါသည်) –

          “တို့ပြေ၊ တို့မြေ

          ကျွန်ုပ်တို့ သွေးမြေကျခဲ့တဲ့မြေ၊

          အမိမြေကို ကာကွယ်ဖို့

          ဒီနေရာမှာ ကျွန်ုပ် ရပ်တည်နေပေ။

          တို့ပြေ၊ တို့မြေ

          ကျွန်ုပ်တို့ ပြည်သူများနှင့် ကျွန်ုပ်တို့ အမိမြေ

          ညီညာစွာတို့တွေ

          ‘တိုင်းပြည်ကို စုစည်းကြစို့’

          ကမ္ဘာမကြေ၊ အမြဲတည်တံ့စေ

          တို့ပြေ၊ တို့အမိမြေ၊ တပြည်လုံးကို စုစည်းလို့

          အသက်ဝိဉာဉ်ကို တည်ဆောက်ကြစို့၊ တိုင်းပြည်ကို တည်ဆောက်ကြစို့

          ကြီးမြတ်လေတဲ့ တို့တိုင်းပြည်အတွက်

          ကြီးမြတ်တဲ့ တို့တိုင်းပြည်

          တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ

          ကျွန်ုပ်အမိမြေ၊ ကျွန်ုပ်ချစ်တဲ့ တိုင်းပြည်

          ကြီးမြတ်တဲ့ တို့တိုင်းပြည်

          တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ

          ကမ္ဘာမကြေ တို့တိုင်းပြည်”

အဖြေက အင်ဒိုနီးရှားဖြစ်ပါသည်။ သို့သော် စာဖတ်သူအနေနှင့် အဖြေမှာ ပိုလန် သို့မဟုတ် နိုင်ဂျီးရီးယား၊ ဘရာဇီးဖြစ်ပါသည်ဆိုရင်ရော  အံ့အားသင့်ပါမည်လော။

နိုင်ငံအလံများမှာလည်း ပျင်းစရာကောင်းလောက်အောင် ခပ်ဆင်ဆင်တွေချည်းသာ ဖြစ်ကြသည်။ နိုင်ငံအလံအားလုံးမှာ ချွင်းချက်တစ်ခုမှလွဲ၍  လေးထောင့်ပုံပိတ်စပေါ်တွင် အရောင်အမျိုးအစား ရှိတတ်သမျှကလေးကို  အစင်းများ၊ ဂျီဩမေတြီပုံများ စုထားသည့် ပုံများဖြစ်သည်။ နီပေါသာ  သူများထက် ဆန်းပြီး တြိဂံနှစ်ခုစုထားသည့် ထူးခြားနေသော အလံဖြစ်သည်။ (သို့သော် နီပေါနိုင်ငံမှာ တစ်ခါမှ အိုလံပစ်တွင် ဆုမရဖူးချေ။)  အင်ဒိုနီးရှားအလံမှာ အဖြူရောင်တစ်ကြောင်းအပေါ်တွင် အနီရောင်တစ်ကြောင်းပါသည့် အလံဖြစ်သည်။ ပိုလန်နိုင်ငံအလံမှာ အနီရောင်တစ်ကြောင်းပေါ်တွင် အဖြူတစ်ကြောင်းပါသည့် အလံဖြစ်သည်။ မိုနာကိုနိုင်ငံအလံမှာ အင်ဒိုနီးရှားနိုင်ငံနှင့် အတူတူဖြစ်သည်။ ဘယ်လ်ဂျီယံ၊  ချက်၊ အိုင်ဗရီကို့စ်၊ ပြင်သစ်၊ ဂွန်နီယာ၊ အိုင်ယာလန်၊ အီတလီ၊ မာလီနှင့်  ရိုမေးနီးယားနိုင်ငံအားလုံးမှာ မျဉ်းကြောင်းသုံးကြောင်းကို အရောင် အမျိုးမျိုးခြယ်ထားသည့် အလံဖြစ်သောကြောင့် အရောင်အချို့ကို ခွဲခြား မမြင်နိုင်သည့် အချို့သောသူများအတွက် ခွဲမသိနိုင်ပေ။

ဤနိုင်ငံများထဲမှ အချို့နိုင်ငံများမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ခါးခါးသီးသီး စစ်ပွဲဆင်နွှဲဖူးကြလေသည်။ သို့သော် အုတ်အော်သောင်းနင်းဖြစ်နေသည့် နှစ်ဆယ်ရာစုအတွင်းတွင်ပင် အိုလံပစ်အားကစားပွဲမှာ သုံးခါသာ  ဖျက်သိမ်းရဖူးသည် (၁၉၁၆၊ ၁၉၄၀ နှင့် ၁၉၄၄ တို့တွင် ဖြစ်သည်)။  ၁၉၈၀ တွင် အမေရိကန်ပြည်ထောင်စုနှင့် သူ့မဟာမိတ်အချို့မှာ မော်စကိုအိုလံပစ်ကို သပိတ်မှောက်ခဲ့ပြီး ၁၉၈၄ တွင် လော့စ်အိန်ဂျလိစ် အိုလံပစ်ကို ဆိုဗီယက်အုပ်စုက သပိတ်မှောက်ခဲ့သည်။ အိုလံပစ်ပွဲမှာ တစ်ခါတစ်ရံတွင်လည်း နိုင်ငံရေးမုန်တိုင်းတိုက်နေသည့် အခြေအနေမျိုးနှင့် ကြုံခဲ့ရသည်များလည်း ရှိသည် (အထူးသဖြင့် ၁၉၃၆ နာဇီဂျာမနီတွင် အိုလံပစ်ပွဲကျင်းပစဉ်က ဖြစ်သည်။ နောက်တစ်ခေါက်မှာမူ ၁၉၇၂ မြူးနစ်အိုလံပစ်တွင်  အစ္စရေးကိုယ်စားပြုအဖွဲ့ကို ပါလက်စတိုင်း အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်စဉ်က ဖြစ်သည်)။ သို့သော် ခြုံပြောရမည်ဆိုလျှင် နိုင်ငံရေးအငြင်းပွားမှုများကြောင့် အိုလံပစ်ပွဲ ပျက်သွားရသည့်အဖြစ်မျိုး မရှိသေး။

 

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *