“အဓိကတော့ ဆန်တွေ စားသောက်စရာတွေ သွားပို့ချင်တယ်။ ပို့ဖို့တော်တော်ခက်နေတယ်”

Photo - Naing Naing FB

ရေးမြို့နယ် ရေကြီးမှုအခြေအနေကို မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းခြင်း

မွန်ပြည်နယ်တွင် မိုးသန်းထည်စွာရွာသွန်းကာ မြို့နယ်များတွင် ရေကြီးခြင်း၊ မြေပြိုကျမှုများဖြစ်ပွားနေသည်။ ရေးမြို့နယ်တွင်လည်း ရေကြီးမှုအခြေအနေဆိုးဝါးနေပြီး မြို့ပေါ်တွင် တစ်မြို့လုံးနီးပါး ရေကြီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့ကြောင့် ရေကြီးမှုအခြေအနေကို ရေးမြို့နယ်သို့ ရောက်ရှိနေသည့် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးနှင့် ယနေ့ (သြဂုတ် ၁၁) မွန်းလွဲ ၁နာရီကျော်က မိနစ်အနည်းငယ် မေးမြန်းခွင့်ရခဲ့သည်များကို ဖော်ပြအပ်ပါအသည်။

The Voice Journal – အခုရေးမြို့နယ်မှာ ရေကြီးအခြေအနေတော်တော်ဆိုးတယ်လို့ သတင်းကြားရတယ်။ အခြေအနေဘယ်လို ရှိလဲခင်ဗျာ။

Dr ANO – ရေးမှာကတော့ ရေက နေရာတော်တော်များများ ရေကြီးနေတာပေါ့နော်။ မြို့ပေါ်ရပ်ကွက်တွေ အပြင်ကို မြို့နဲ့အလှမ်းဝေးတဲ့ မြို့နယ်အတွင်းက ရွာတွေမှာလည်း ရေတော်တော်ကြီးတယ်။

The Voice Journal – ရေက ဘယ်နှစ်ပေလောက် ကြီးနေလဲ။ အနိမ်ဆုံး ဘယ်လောက်ရှိမလဲ။ အများဆုံး ဘယ်လောက်အထိ ကြီးလဲ။

Dr ANO – ကျွန်တော် ရေ Level တော့ မသိဘူးဗျ။ ပြောရရင်တော့ ရပ်ကွက်တော်တော်များများကတော့ ရေဖုံး လွှမ်းနေတယ်။ ဒါပေမဲ့ အတိအကျ ကိန်းဂဏန်းတော့ မသိဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကို မေးရင်တော့ ပိုအဆင်ပြေမယ်။ ကျွန်တော်ကတော့ လာကူပေးတဲ့သဘောပါ။

The Voice Journal – မျက်မြင် အခြေအနေအရဆိုရင် ဘယ်လောက်အထိ ကြီးတယ်လို့ ပြောလို့ရမလဲ။ ဥပမာ နေအိမ်ခေါင်မိုးအထိ ရေကြီးနေတာလား။

Dr ANO – မြို့ပေါ် ရပ်ကွက်တွေက အောက်ထပ်အထိ ရေလွှမ်းနေတယ်။ အောက်တစ်ထပ်ပေါ့နော်။

The Voice Journal – ရေကြီးတာကြောင့် ပိတ်မိနေတဲ့သူတွေ ရှိနေလားခင်ဗျာ။

Dr ANO – မြို့ပေါ်ရပ်ကွက်တွေမှာကျတော့ ယာယီနေထိုင်ရေးစခန်းကို ပို့ထားတယ်။ အဲဒီမှာ တတ်နိုင် သလောက် ဝိုင်းပြီးတော့ ကူညီထောက်ပံ့မှုတွေ ပေးနေကြတယ်။ တချို့ကလည်း ထမင်းလှူတယ်။ တချို့ကလည်း သောက်ရေလာလှူကြတယ်။ ပေးတာတော့ရှိတာပဲ။

The Voice Journal – ပိတ်မိနေတဲ့သူတွေရော ရှိနေလားခင်ဗျာ။

Dr ANO – သိပ်ကြီးကြီးမားမားတော့ မရှိဘူး။ တချို့ရွာတွေမှာတော့ ပိတ်တယ်။ ဟံဂါမ်တို့ မာန်အောင်တို့ ရွာတွေကျတော့ ပိတ်တယ်။ အဲဒီရွာတွေမှာက သွားဖို့တောင် တော်တော်အခက်အခဲဖြစ်နေတယ်။ သူတို့ရွာရှိတဲ့ ဆန်တွေ ဆီတွေ စားသောက်စရာနဲ့ပဲ သူတို့ ရပ်တည်နေကြတယ်။ အဲဒီလို ဖြစ်နေတဲ့အနေအထားမျိုးဖြစ်တယ်။

The Voice Journal – ရေလမ်း၊ ကုန်းလမ်းအကုန်လုံး သွားလို့မရဘူးဖြစ်နေတာလား။

Dr ANO – ဟုတ်ပါတယ်။ ရေလမ်းကလည်း တောင်ကျရေ ဆင်းထားတော့ တော်တော်လေးကို ရေစီး သန်တယ်။ ကားလမ်းကလည်း သွားလို့မရဘူး။ အဲဒီရေစီးသန်တဲ့နေရာကို သွားဖို့ ကျတော့လည်း ရှိတယ် လှေတွေ၊ လူအင်အားတွေနဲ့ ပြန်လုပ်နေရတယ်။ အဓိကတော့ ဆန်တွေ စားသောက်စရာတွေ သွားပို့ချင်တယ်။ ပို့ဖို့တော်တော်ခက်နေတယ်။

The Voice Journal – အဲဒီရွာတွေမှာ ရေကြီးတော့ ယာယီခိုလုံဖို့ နေရာရောရှိရဲ့လား။

Dr ANO – ရွာမှာကတော့ သူတို့အဆင်ပြေတဲ့ နေရာတွေမှာ နေကြတယ်။ ဘုန်းကြီးကျောင်းတွေရော အဆင်ပြေ သလို နေနေကြတာပဲ။ ရပြီနော်။ ကျွန်တော်လည်း ဒီမှာ အလုပ်တော်တော်များနေတယ်။

The Voice Journal – အခု မိုးရွာနေတုန်းပဲလား။ ရေကရော ဆက်ကြီးနိုင်သေးလား။

Dr ANO – မိုးက ရွာနေသေးတယ်။ ရေကလည်း ပြောလို့မရသေးဘူး။ ငြိမ်နေတာပဲ။ သိပ်လျော့တာလည်း မရှိသေးဘူး။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *