ကမ္ဘာဆန်ရာက ဒေသဆန်လာတဲ့ အရောင်းကွင်းဆက်များ

ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းရေးလို့ပဲ ခေါ်ခေါ်၊ ကမ္ဘာပြုရေးတို့၊ ကမ္ဘာဆန်ရေးတို့ပဲသုံးသုံး Globalisation အရှိန်နည်းလာလေတော့ Slobalization နှေးလာတဲ့ ကမ္ဘာပြုမှုလို့ နောက်ပြောင်စရာဖြစ်လာပါတယ်။ အခုတခါ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာဆန်ရေးလမ်းကြောင်းဟာ ဒေသဆန်ရေးလမ်းကြောင်း (Regionalisation) ပေါ်ကို ပြောင်းလဲရောက်ရှိလာတယ်လို့ သုံးသပ်နေကြပါတယ်။

သုတေသီအချို့ရဲ့အဆိုအရ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီးတဲ့နောက်ပိုင်း လုပ်ငန်းစု ၁၇ ခုထဲက ၁၆ ခုရဲ့ တန်ဖိုးကွင်းဆက် (Value Chain) တွေဟာ ကျုံ့လာနေတယ်လို့ ဆိုပါတယ်။ ၂၀၀၇ နဲ့ ၂၀၁၇ ကာလအတွင်းမှာ အမှန်တကယ်ကုန်သွယ်မှုတိုးပွားလာခဲ့ပေမယ့် အဲဒီတန်ဖိုးကွင်းဆက်ထဲမှာ ပို့ကုန်ရဲ့ အခန်းကဏ္ဍဟာ စုစုပေါင်းထွက်ကုန်ရဲ့ ၂၈ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အခုလို ဆိုးဆိုးဝါးဝါးကျဆင်းတာကို ကုန်သွယ်မှုလည်းများ၊ အဆင့်မြင့်နည်းပညာတွေလည်း အသုံးပြုတဲ့ အထည်ချုပ်၊ မော်တော်ယာဉ်နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ တွေ့ရပါတယ်။ တစ်နည်းပြောရရင် ကမ္ဘာ့ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း ထုတ်လုပ် တင်ပို့ရာကနေ အဓိကစားသုံးသူတွေရဲ့ ဈေးကွက်နဲ့ နီးနီးနားနားမှာ ထုတ်လုပ်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ စက်မှုလက်မှုနယ်ပယ်မှာ တရုတ်ရဲ့အခန်းကဏ္ဍ တဖြည်းဖြည်းကျဆင်းလာပေမယ့် လုံးဝကြီးကွယ်ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ လုပ်သားထုရှိနေတာရယ်၊ အခြေခံအဆောက်အဦတွေ ကောင်းမွန်တာရယ်ကြောင့် တရုတ်နိုင်ငံဟာ ထုတ်လုပ်မှုပြုလုပ်ဖို့ သင့်တော်တဲ့ နိုင်ငံတစ်ခုအနေနဲ့ ဆက်ရှိနေပြီး ကဏ္ဍအတော်များများမှာ နှာတစ်ဖျားသာနေပါသေးတယ်။ တရုတ်နိုင်ငံမှာ လူလတ်တန်းစားတွေ တိုးပွားလာနေတဲ့အတွက် လုပ်ငန်းအတော်များများဟာ ပြည်ပဈေးကွက်ကနေ ပြည်တွင်းဈေးကွက်ဘက်ကို ဦးလှည့်လာကြပါတယ်။ ဒါကြောင့် ခါတိုင်းလို အနောက်တိုင်းဈေးကွက် ဦးတည်တဲ့ပုံစံကို ပြန်လည်သုံးသပ်လာကြပေမယ့် အနာဂတ်အရေးက မသေချာလှပါဘူး။ စက်မှုလုပ်ငန်းတစ်ခုနဲ့တစ်ခုရဲ့ အခြေအနေချင်းကလည်း မတူညီကြလေတော့ ရွေးချယ်စရာလည်း တူမှာမဟုတ်ပါဘူး။

ကုမ္ပဏီတွေ ဘယ်ကဝယ် – ဘယ်ကိုရောင်းဆိုတဲ့ အရောင်းကွင်းဆက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ၊ ရှင်းရှင်းလင်းလင်း မြင်ရခဲပါတယ်။ အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းဆိုတာမျိုးက နှစ်နဲ့ချီနောက်ကျနေတတ်တာမျိုးပါ။ စက်မှုလုပ်ငန်းသုံးခုကို လေ့လာနှိုင်းယှဉ်ကြည့်ရင် တစ်ခုနဲ့တစ်ခုပုံစံမတူတာ တွေ့ရပါတယ်။

အထည်ချုပ်လုပ်ငန်းက ကမ္ဘာအနှံ့ခြေဆန့်ပေမယ့် မော်တော်ကားလုပ်ငန်းကျတော့ တချို့နေရာဒေသတွေကို ဗဟိုပြုဝိုင်းရံလှုပ်ရှားတာ တွေ့ရပါတယ်။ အီလက်ထရွန်နစ်လုပ်ငန်းတွေကတော့ တရုတ်နိုင်ငံမှာ အမြစ်တွယ်နေဆဲပါ။

အထည်ချုပ်နဲ့ ဖိနပ်လုပ်တဲ့လုပ်ငန်းတွေက ချုပ်လုပ်တာတွေအတွက် လုပ်အားကို အများဆုံးသုံးရတာဖြစ်လေတော့ စရိတ်ချွေတာချင်တဲ့သူဌေးတွေက စရိတ်သက်သာတဲ့ ဈေးကွက်နောက်ကိုလိုက်ပြီး မြှုပ်နှံကြတယ်။ ဒါကြောင့် လုပ်ခတွေ ဈေးတက်လာတဲ့ တရုတ်ပြည်မကြီးကနေ အရှေ့တောင်အာရှနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရွှေ့ကုန်ကြတယ်။ အခုဆိုရင် Nike တို့၊ Adidas တို့ကို တရုတ်ထက် ဗီယက်နမ်မှာ ထုတ်လုပ်တာက ပိုများပါတယ်။

Calvin Klein တို့၊ H & M တို့ကို ဆွဲခေါ်နိုင်တာက အီသီယိုပီးယားပါ။ လုပ်အားခက တစ်လမှ ၂၆ ဒေါ်လာ (မြန်မာငွေလေးသောင်းကျပ်) လောက်ပဲရှိတယ်လေ။ အထည်ချုပ်လုပ်ငန်းရှင်တွေ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့လူ့အခွင့်အရေးလေ့လာသူတွေကတော့ ဒီလုပ်ခငွေဟာ အလုပ်သမားတွေရဲ့ အခြေခံလိုအပ်ချက်ကိုတောင် ဖြည့်ဆည်းမပေးနိုင်ဘူး။ ဒါကြောင့်လည်း အလုပ်သမားတွေ မကျေမနပ်ဖြစ်ကုန်ကြတယ်လို့ ဆိုတယ်။ ထုတ်လုပ်မှုစွမ်းအားကလည်းနိမ့်၊ အလုပ်ပြောင်းတာ ထွက်တာတွေကလည်း အလွန်များဆိုတော့ ငွေရှာဖို့ဆိုတာ သိပ်လွယ်လှတာမဟုတ်ဘူး။

အထည်ချုပ်လုပ်ငန်းရှင်တွေက စရိတ်ထက် မြန်မြန်ဆန်ဆန်လုပ်နိုင်တာကို ပိုသဘောကျတယ်။ အချိန်မြန်တဲ့နေရာမှာ တရုတ်ကို မယှဉ်နိုင်ကြသေးဘူး။ ကမ္ဘာ့အဆင့်မီ အင်တာနက်ကနေ လက်လီရောင်းဝယ်တာတွေ၊ လူမှုရေးလည်းလုပ်၊ ကူးသန်းရောင်းဝယ်ရေးလည်းလုပ်တဲ့ တီထွင်ဆန်းသစ်သူတွေ၊ ခြေမြန်လက်မြန်ထုတ်လုပ်သူတွေ ရှိနေတာကိုး။ ဇီဇာကြောင်တဲ့ တရုတ်ပြည်တွင်းစားသုံးသူတွေကြောင့် တရုတ်အထည်ချုပ်လုပ်ငန်းတွေဟာ ထက်ထက်မြက်မြက်၊ သွက်သွက်လက်လက်ရှိနေနိုင်သေးတယ်။ တခြားနေရာတွေက အထည်ချုပ်လုပ်ငန်းရှင်တွေကတော့ ယုံကြည်စိတ်ချလို့မရတာရယ်၊ ထုတ်လုပ်မှုစွမ်းအားနိမ့်တာတွေရယ် ညည်းကောင်းနေကြတာ တွေ့ရပြန်တယ်။

ပေါချောင်ကောင်းလိုက်ရှာနေကြတဲ့ ပြိုင်ဘက်တွေနဲ့မတူဘဲ တရုတ်စက်ရုံတွေက အထူးပြုထုတ်လုပ်တဲ့စက်တွေ၊ ကျွမ်းကျင်တဲ့ လုပ်သားတွေရှိပြီး အထည်အလိပ်တွေ၊ တန်ဖိုးမြင့်အဝတ်အထည်တွေကို တရစပ်ထုတ်လုပ်နိုင်ကြတယ်။ ဒါကြောင့် အမျိုးသားဝတ်ဘောင်းဘီတွေထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုကတော့ တရုတ်ကထွက်ဖို့ စိတ်မကူးဘူးလို့ ဆိုပါတယ်။ ပြီးတော့ တရုတ်မှာ ကလေးအလုပ်သမားနဲ့ပတ်သက်တဲ့ ဥပဒေကို လိုက်နာမှုမြင့်မားသတဲ့။ တခြားဈေးကွက်တွေထက်သာသတဲ့။

၂၀၁၀ နောက်ပိုင်းမှာ တရုတ်က အများဆုံးအဝတ်အထည်တွေဝယ်နေတဲ့ ဂျပန်နဲ့ ဥရောပတို့ဟာ အရှေ့တောင်အာရှက တန်ဖိုးနည်းအဝတ်အထည်တွေဝယ်ယူမှု ပိုများလာပါတယ်။ ဒါပေမဲ့ အာရှဒေသဟာ ချည်တွေကို တရုတ်ကပဲ ဝယ်ယူနေရတာဖြစ်လို့ တရုတ်ရဲ့အာရှဒေသချည်ဈေးကွက်က ပိုကြီးမားလာတာကို တွေ့ရတယ်။ အာရှက ဂျပန်နဲ့ ဥရောပကို ချည်ထည်တွေ ရောင်းရလေ၊ တရုတ်က အာရှကို ချည်တွေရောင်းရလေပေါ့။ ဥပမာ – ၂၀၀၅ နဲ့ ၂၀၁၇ အတွင်းမှာ ဗီယက်နမ်ကို ချည်အရောင်းနှစ်ဆတက်လာခဲ့တယ်။ အဝတ်အထည်လောကမှာ တရုတ်ဟာဆက်ပြီးမကြီးစိုးနိုင်ပေမယ့် အရေးပါတဲ့ ဈေးကွက်သစ်တွေမှာတော့ အားကောင်းမောင်းသန်ရှိနေဆဲပါ။

မော်တော်ကားလုပ်ငန်းမှာတော့ ပြည်တွင်းရော၊ ဒေသတွင်းရော အနေအထားနှစ်မျိုးစလုံးကို တွေ့ရပါတယ်။ တရုတ်က မဝယ်မဖြစ်ဝယ်နေရတဲ့ ကားပစ္စည်းတွေရှိနေပေမယ့် နှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့အရောင်းကွင်းဆက်နဲ့ ဖြန့်ကြက်ချိတ်ဆက်ထားပြီးသားဖြစ်တယ်လို့ ဖို့ဒ်ကုမ္ပဏီက ဆိုပါတယ်။ အမေရိကတိုက်မှာ မက္ကဆီကို၊ အနောက်ဥရောပမှာ အရှေ့ဥရောပနဲ့ မိုရော့ကို၊ အာရှတိုက်မှာဆိုရင် အရှေ့တောင်အာရှနဲ့ တရုတ်တို့ဟာ ဒေသတွင်းမှာ အချက်အချာကျတဲ့ မော်တော်ကားထုတ်လုပ်မှုအဝန်းအဝိုင်းတွေ ဖြစ်လာနိုင်ပါတယ်။

ဒေသအလိုက် ဖြန့်ကြက် (Regionalisation) တဲ့ အကြောင်းတစ်ခုက အမေရိကန်ဈေးကွက်ဟာ ကမ္ဘာ့လမ်းကြောင်းကနေ တိမ်းစောင်းသွားလို့ပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ မီးခိုး (ကာဗွန်) ထုတ်လွှင့်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပစ်ပယ်ပြီး အိုဘားမားလက်ထက်ကကျင့်သုံးခဲ့တဲ့ လောင်စာချွေတာတဲ့ကားတွေထုတ်လုပ်ဖို့ အားပေးခဲ့ပါတယ်။ အမေရိကန်တွေက ပစ်ကပ်ကားတွေ၊ ပြိုင်ကားတွေကို သဘောကျ၊ တခြားနိုင်ငံတွေက ဆီစားတဲ့ကားတွေသဘောကျ၊ အကြိုက်တွေ ကွဲနေကြပါတယ်။ ဒါကြောင့် ဖို့ဒ်က ပြည်တွင်းမှာ လူစီးကား၊ ဆလွန်းတွေမထုတ်တော့ ဂျီအမ်က ဥရောပကထွက်၊ မြောက်အမေရိကမှာ သွားပေါင်းလုပ်လာကြပါတယ်။

မော်တော်ကားကုမ္ပဏီတွေ ဝိုင်းပြီးမြှုပ်နှံကြတော့ မက္ကဆီကိုဟာ မော်တော်ကားတင်ပို့တဲ့ နိုင်ငံဖြစ်လာပြီး ၂၀၁၀ နောက်ပိုင်းမှာ ပို့ကုန်နှစ်ဆတိုးလာလို့ ၂၀၁၈ မှာ ဒေါ်လာ ၅၀ ဘီလီယံဖိုးလောက်အထိ တင်ပို့နိုင်ခဲ့တယ်။ တရုတ်ကနေ အိန္ဒိယကို ကားပြောင်းထုတ်ဖို့ ကြံစည်ကြပေမယ့် အိန္ဒိယကို စိတ်မချကြပါဘူး။ မော်တော်ကားလုပ်ငန်းတွေရဲ့ အရောင်းကွင်းဆက်ကို ဒုက္ခပေးနိုင်တာက လျှပ်စစ်သုံးကားတွေ ၂၀၁၈ မှာ အမေရိကန်ဈေးကွက်ရဲ့ ၂ ရာခိုင်နှုန်းသာရှိရာက ၂၀၃၀ ကျရင် ၂၀ ရာခိုင်နှုန်း ကျော်လာမယ့်ကိစ္စပါ။ ကားပစ္စည်းတွေ လျော့သွားသလို ကားဈေးလည်း ကျမယ်တဲ့။ အီလက်ထရွန်နစ်ပစ္စည်းတွေ အများဆုံးထုတ်လုပ်တဲ့ တရုတ်မှာသွားထုတ်ရမလား၊ ဒါမှမဟုတ် တရုတ်နဲ့ နီးနီးနားနား စင်ကာပူမှာထုတ်ရမလား စဉ်းစားရွေးချယ်လာကြတာ တွေ့ရတယ်။

အီလက်ထရွန်နစ်ပစ္စည်းတွေ များများလည်းထုတ်၊ အဆင့်လည်းမြင့်တာက တရုတ်ပါ။ အမျိုးစုံထုတ်တာ၊ တီထွင်ဆန်းသစ်တာတွေမှာ အမေရိကန်တောင် လိုက်မမီ။

တရုတ်ကနေ ထွက်ဖို့ဆိုတာလည်း ထင်သလောက်မလွယ်။ အခြေကျပြီး လုပ်ငန်းတွေမဟုတ်လား။ တရုတ်နဲ့နီးတဲ့ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့ကို မျက်စိကျတဲ့သူများတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာနဲ့၊ ထုတ်လုပ်မှုစွမ်းအားနိမ့်ကျတဲ့ ပြဿနာ ရှိနေသေးတယ်။

အရောင်းကွင်းဆက်တွေတိုရုံနဲ့ မပြီး၊ မြန်ဖို့ကလည်း အရေးကြီးသေးသတဲ့။ 

 

ခင်မောင်ညို(ဘောဂဗေဒ)
၁၈.၀၇.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *