ရှင်မော်ဘုရားတောင်နှင့်လမ်းတွင် မြေပြိုသဖြင့် ဂေါပကအဖွဲ့ဝင်အချို့နှင့် ဈေးသည်အချို့ ပိတ်မိ

ပုံစာ - ရှင်မော်ဘုရားလမ်းပိုင်းအချို့မြေပြိုနေမှုမြင်ကွင်း။

ထားဝယ်၊ သြဂုတ် ၁၀

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်တောင်နှင့် လမ်းတစ်လျှောက်တွင် မြေပြိုကျမှုသဖြင့် ရှင်မော်ဘုရားဂေါပကအဖွဲ့အဝင်အချို့နှင့် ဈေးသည်အချို့ ပိတ်မိနေကြောင်း ၎င်းတို့ကို သွားရောက်ကူညီရန် ကြိုးစားနေသည့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များထံမှ သိရသည်။

လူဦးရေမည်မျှ ပိတ်မိနေသည်ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။

သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းက မြေပြိုသောကြောင့် လာရောက်ကူညီခေါ်ဆောင်ပေးရန် ဂေါပကအဖွဲ့က အကြောင်းကြားခဲ့ကြောင်း မြတ်မိခင်ပရဟိတလူမှုကူညီရေးအသင်းဝင် ကိုသက်ဇော်မြတ်က ပြောကြားသည်။

သို့သော် အောက်ကျောက်ဝပ်ကျေးရွာနှင့် ရှင်မော်တောင်အကြား မြေပြိုကျမှု ငါးနေရာခန့် ရှိနေသည့်အတွက် သွားရောက်ရန် အခက်အခဲရှိနေကြောင်း ကိုသက်ဇော်မြတ်က ပြောဆိုသည်။

ဂေါပကအဖွဲ့ဝင်အချို့နှင့် လူအချို့အား လှေဖြင့် သွားရောက်ခေါ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း လှိုင်းကြီးနေသဖြင့် သွားရောက်မခေါ်ဆောင်နိုင်သေးကြောင်း ကိုသက်ဇော်မြတ်က သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြောဆိုသည်။

ယင်းကြောင့် အောက်ကျောက်ဝပ်ကျေးရွာ မြေပြိုသည့်နေရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်း၍ ဘက်ဟိုး အငယ်တစ်စီးဖြင့် ရှင်းလင်းနေကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်မတ်တပ်ကျေးရွာကြားတွင်လည်း ကားအချို့ပိတ်မိနေကြောင်း ဇမ္ဗူသီရိအဖွဲ့ဝင် ကိုဟိန်းအာကာက ပြောကြားသည်။

ရှင်မော်ဘုရားဂေါပကအဖွဲ့ထံသို့ ဖုန်းဖြင့် ဆွယ်သွယ်ရန်ကြိုးစားခဲ့သော်လည်း မွန်းလွဲ ၂ နာရီခန့်အချိန်အထိ အဆက်အသွယ်မရသေးပေ။

Dawei Watch

 

Image may contain: one or more people, people standing, outdoor and nature

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *