ရေကြီးရေလျှံမှုကြောင့် မွန်တွင် လူဦးရေ တစ်သောင်းကျော် ရေဘေးသင့်

ပုံစာ - မော်လမြိုင်မြို့ပေါ် ရေကြီးရေလျှံနေသည့်မြင်ကွင်း

မော်လမြိုင်၊ သြဂုတ် ၁၀

မွန်ပြည်နယ်တွင် သြဂုတ်လ ပထမအပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့်နှင့် တောင်ကျ ချောင်းရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ လူဦးရေ ၁၁၀၀၀ ကျော် ရေဘေးသင့်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ မော်လမြိုင်အပါအဝင် သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအတော်များများ ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။

သြဂုတ်လ ၁၀ ရက်နေ့ထိ အိမ်ခြေ ၂၀၅၃ လုံး၊ အိမ်ထောင်စု ၄၅၈၁ စုတို့မှ လူဦးရေ ၁၁၀၇၆ ဦး ရေဘေးသင့်ကာ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၆၃ ခုတို့တွင် ပြောင်းရွှေ့ခိုလှုံနေကြရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ရှိ စာရင်းအရ သိရသည်။

“ရေအခြေအနေကတော့ ဒီနေ့ကတော့ သွားလို့ လာလို့ရပြီ၊ မနေ့ကဆို အခြေအနေ တော်တော်ဆိုးတယ်၊ ဒီနေ့ဆိုရင် ရေကျမယ့် အခြေအနေတော့ ရှိတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။

ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုနှင့် လတ်တလောဖြစ်ပေါ်နေသည့် ရာသီဥတု အခြေအနေအရ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၄၀၀ ခန့်ကိုလည်း ပိတ်ထားရသည်။

ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုအပြင် သဘာဘေးရန်ပုံငွေမှလည်း ကူညီ ထောက်ပံ့ထားသည့်အတွက် ရိက္ခာအတွက် စိုးရိမ်စရာ မရှိဟု ၄င်းက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့က မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းတွင် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာတွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ကားလမ်းပေါ် ၂ ပေခန့် မြေကြီးဖုံးလွှမ်းသွားသည့်အတွက် ကားလမ်း ပိတ်ဆို့မှု ဖြစ်ပွားခဲ့သသည်။

မော်လမြိုင်-ရေး ကားလမ်းပိုင်းတချို့လည်း ရေတိုက်စားပြီး ကားလမ်းပျက်စီး၊ ကားလမ်းရေကျော်မှု ရှိခဲ့သည်။

သြဂုတ်လ ၁၀ ရက်မှာတော့ မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းနှင့် မော်လမြိုင်-ရေးကားလမ်းပိုင်းတို့တွင် ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ပြီဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာမှ အကူအညီ ဆောင်ရွက်ပေးနေသည့်အပြင် လူမှုကူညီ ကယ်ဆယ်ရေး အသင်းနှင့် မြို့ပေါ်က လူထုတွေကလည်း ကူညီဆောင်ရွက်ပေးနေသည်ဟု ရေဘေးသင့်သူတို့ထံမှ သိရသည်။

“မနေ့က အခြေအနေ တော်တော်ဆိုးတယ်။ မကြုံဖူးဘူး ရေတွေကလည်း စီးတာ မြန်တယ်။ ဒီနေ့ကတော့ မိုးလည်း တိတ်မရွာတော့ တချို့နေရာမှာဆို ရေပြန်ကျသွားတယ်။ ဒါပေမဲ့လည်း မိုးက ဘယ်လိုလာမလဲမသိဘူး။ ထပ်ရွာရင်တော့ အခြေအနေမကောင်းဘူး” ဟု ကယ်ဆယ်ရေးစခန်းရောက်နေသည့် မော်လမြိုင်မှ ဦးတင်အောင်က ပြောသည်။

မိုးလေဝသ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ သြဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ မော်လမြိုင်မြို့ မိုးရေချိန်သည် ၁၃.၈၆ လက်မရှိပြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မနက်ဖြန်နံနက်အထိ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

Dawei Watch

 

Image may contain: outdoor and nature

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *