နိုင်ငံတကာ မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သည့် ထိုင်ဝမ်နှစ်ဦးကို ကျပ်သိန်းသောင်းချီ တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိ

Photo - CCDAC Myanmar

ရန်ကုန်၊ သြဂုတ် ၁၀

နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသူ ထိုင်ဝမ် နှစ်ဦးကို အိုက်စ် ကျပ်သိန်း ခြောက်သောင်းနီးပါးဖိုးနှင့်အတူ တောင်ဥက္ကလာပမြို့နယ်တွင် သြဂုတ်လ ၉ ရက်နေ့က ဖမ်းမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယင်းသို့ သံသယရှိသူ တရုတ်လူမျိုး Chen Ying Chou ဆိုသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိကာ ဩစတြေးလျ နိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်ပို့မည်ဟု ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) ၏ သတင်းဖလှယ်မှုအရ စုံစမ်းဖော်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါနိုင်ငံခြားသားသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဟောင်ကောင်မှ ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် ငှားရမ်းနေထိုင်ခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၄ရက်နေ့တွင် လေကြောင်းဖြင့် တာချီလိတ်မြို့သို့ သွားရောက်ပြီး ဩဂုတ်လ ၆ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Chen Ying Chou ငှားရမ်းနေထိုင်သည့် နေအိမ်ကို စောင့်ကြည့်နေစဉ် ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းတွင် ၎င်းနှင့်အတူ တရုတ် (ထိုင်ဝမ်) လူမျိုး KuoChia-Enနှင့် စကားပြန်ဖြစ်သူ မြန်မာနိုင်ငံသား သန်းနိုင် (ခေါ်) ဖြိုးဝေလင်းတို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

၎င်းတို့ကို ဝင်ရောက်စစ်ဆေးရှာဖွေရာ အိုက်စ် ၇၄ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၈၀၀ နှုန်းဖြင့် တန်ဖိုးကျပ်သိန်း ခြောက်သောင်းနီးပါး) ၊ မော်တော်ယာဉ်များတွင် အသုံးပြုသည့် ကရိုင်းရှပ် ၃၁ ချောင်း ဖမ်းမိကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူများကို ကနဦးစစ်ဆေးချက်အရ မူးယစ်ဆေးဝါးသိုဝှက် သယ်ဆောင်ရန် ပြင်ဆင်ထားသည့် ကရိုင်းရှပ် များသည် DHL ပါဆယ်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းဖြင့် ထိုင်ဝမ်မှ မြန်မာသို့ လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့ ကြောင်း၊ ယင်းနောက်မရမ်းကုန်းမြို့နယ်ရှိ စက်မှုလက်မှုအလုပ်ရုံတစ်ခု၌ လှည့်ဖွင့်ပိတ်နိုင်သည့် အပေါက်ဖောက် လိုင်းရစ်များဖော်၍ ကရိုင်းရှပ်များအတွင်းသို့ အိုက်စ်များကို သိုဝှက်ထည့်သွင်းပြီး ဩစတြေးလျသို့ ပေးပို့ရန် ပြင်ဆင်ထားသည်ဟု သိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဖမ်းမိထားသူ သုံးဦးကို တောင်ဥက္ကလာပမြို့နယ်မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) / ၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *