ရေးမြို့အပါအဝင် ရေးတောင်ပိုင်း ကျေးရွာအများစု စံချိန်တင် ရေကြီးနစ်မြုပ်

ပုံစာ - သြဂုတ်လ ၁၁ ရက် နံနက်ပိုင်း ရေးမြို့ရေကြီး နစ်မြုပ်မှု အခြေအနေ

ရေး၊ သြဂုတ် ၁၁

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့အပါအဝင် ရေးတောင်ပိုင်းဒေသက ကျေးရွာအများစု စံချိန်တင် ရေကြီး နစ်မြုပ်လျက်ရှိပြီး အရေးပေါ်ကူညီကယ်ဆယ်မှုများ လိုအပ်လျက်ရှိနေကြောင်း ဒေသခံနှင့် ကူညီကယ်ဆယ်မှုလုပ်ဆောင်နေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သည်းထန်စွာ ရွာသွန်းသည့်မိုးကြောင့် သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှစပြီး ရေးမြို့ပေါ်ရပ်ကွက် အားလုံးနီးပါးနှင့် ရေးတောင်ပိုင်းဒေသ ဟံဂံ၊ အံဒင်း၊ ကလော့၊ ကိုးမိုင်၊ မာန်အောင် အစရှိသည့် ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်ဖြစ်ပြီး ဖုန်းလိုင်းဆက်သွယ်ရေးလည်း ပြတ်တောက်လျက် ရှိသည်။

“ရေးမြို့မှာတော့ တစ်မြို့လုံးနီးပါး ပြောလို့ရတယ်။ မြင့်တဲ့ ရပ်ကွက်လောက်ပဲ မမြုပ်တာ၊ ဒီနှစ်ကတော့ မနှစ်ကထက် ရေများတယ်၊ အခု (မွန်းလွဲ ၁ နာရီအချိန်) မြို့လယ်မှာ ၁ ပေကျော်ကျော်လောက် ရေကျသွားပြီ” ဟု ရေဘေးကယ်ဆယ်မှု လုပ်နေသည့် ရေးမြို့ခံ မင်းအောင်ထူးက ပြောကြားသည်။

လက်ရှိအနေအထားအရ ရေပြန်ကျနေသော်လည်း ကူညီကယ်ဆယ်မှုများ လိုအပ်လျက်ရှိကြောင်း၊ ကယ်ဆယ်ရေး မရောက်သည့် နေရာများရှိနေသည့်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း အထူးသဖြင့် ဆက်သွယ်ရေး ပြတ်တောက်သွားသည့် ကျေးရွာများသို့ ကူညီကယ်ဆယ်ရေး လိုအပ်လျက်ရှိကြောင်း မင်းအောင်ထူးက ပြောဆိုသည်။

အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကိုးမိုင်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၀၀ ခန့် ရေလွှမ်းသွားကြောင်း ကူညီကယ်ဆယ်မှု မရောက်သည့်အတွက် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း ကိုးမိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောကြားသည်။

“ဒီလိုမျိုး ရေကြီးတာ ကျွန်တော်တို့ရွာမှာ တစ်ခါမှ မကြုံဖူးဘူး။ လမ်းတွေမှာဆိုရင် ရေ လေးပေ ငါးပေ လောက်ထိ ဖြစ်သွားတယ်။ အခုတော့ (မွန်းလွဲ ၁ နာရီ) ရေပြန်ကျနေတယ်။ ဒါပေမယ့်လည်း မိုးက ရွာနေ သေးတယ်။ အခြေအနေတော့ ကြည့်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။

ရေပြန်ကျနေသော်လည်း စားရေးသောက်ရေးနှင့် နေထိုင်ရေးအတွက် အကူအညီ လိုအပ်လျက်ရှိပြီး လက်ရှိတွင် လူမှုရေးအသင်းအဖွဲ့တို့က ထမင်းထုပ်များ လာရောက် ကူညီထားကြောင်းလည်း ကိုးမိုင်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

သြဂုတ်လ ၁၀ ရက် ညနေပိုင်းခန့်မှစပြီး ရေးမြို့တစ်မြို့လုံးနီးပါး ရေကြီး နစ်မြုပ်သွားကာ အချို့မှာ ညတွင်းချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း အချို့မှာ ညလုံးပေါက် အိမ်ထဲပိတ်မိနေပြီး သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှသာ ရောက်ရှိလာ သည့် ကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီကယ်ဆယ်မှုဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရေးကြီးနစ်မြုပ်မှု အခြေအနေဆိုးရွားနေသည့် ရေးမြို့သို့ ယနေ့နံနက်ပိုင်းမှ ပြည်နယ်အစိုးရအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်က ကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိလာပြီး ကူညီကယ်ဆယ်မှုကို ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

အရေးပေါ်ကူညီမှု လိုအပ်နေသည့် ရေးမြို့နယ်သို့ ရာသီဥတု အခြေအနေအရ ရဟတ်ယာဉ်ဆင်းသက်ရန် အဆင်မပြေ၍ မော်တော်ယာဉ်များဖြင့် သွားရောက်ကူညီလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အတူ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် ပြည်ထောင်စုနှင့် ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် စံချိန်တင် ရေကြီးနစ်မြုပ်မှုဖြစ်နေသည့် ရေးမြို့သို့ သွားရောက်လျက် ရှိသည်။

Dawei Watch

ပုံစာ – သြဂုတ်လ ၁၁ ရက် နံနက်ပိုင်း ရေးမြို့ရေကြီး နစ်မြုပ်မှု အခြေအနေ

Image may contain: outdoor
Image may contain: sky, house, cloud and outdoor
Image may contain: sky, ocean, tree, outdoor and nature

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *