တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ် ကျော်လွန်

ပုံစာ - တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာအုပ်စု ဘန်းပြည့်ကျေးရွာ ရေလွှမ်းမှု အခြေအနေ

မြိတ်၊ သြဂုတ် ၁၁

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြို့၏ မြစ်ရေမှာ တဖြည်းဖြည်း မြှင့်တက်လာရာ သြဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအချိန် တိုင်းတာချက်အရ မြစ်ရေမှာ ၂၅ ပေ ၂ လက်မ သို့ ရောက်ရှိနေသဖြင့် အန္တရာယ်ရေ အမှတ်ထက် ကျော်လွန်နေပြီး လမ်းတံတားများလည်း ပျက်စီးမှုများရှိနေကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

တနင်္သာရီမြစ်ရေကို စိုးရိမ်ရေ အမှတ်ကို ၁၇ ပေသတ်မှတ်ထားကာ အန္တရာယ်ရေအမှတ်ကို ၂၄ ပေအဖြစ် သတ်မှတ်ထားသည်။

မြစ်ရေ မြင့်တက်လာသဖြင့် သြဂုတ်လ ၇ ရက်မှစပြီး ဒေသခံများသည် နီးစပ်ရာဆွေးမျိုးများနေအိမ်များနှင့် ကယ်ဆယ်ရေး စခန်းများသို့ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

လက်ရှိ သြဂုတ်လ ၁၁ ရက်အထိ ပြောင်းရွှေ့အိမ်ခြေ ၃၇၅ အိမ်၊ အိမ်ထောင်စု ၃၇၅ စုမှ လူဦးရေ ၁၉၂၅ ဦးရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြစ်ရေတက်ပြီး ရေကြီးရေလျှံမှုများကြောင့် သြဂုတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ စာသင်ကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရသည်။

“မြို့ထဲမှာ ရေအနက်ဆုံးနေရာမှာ ၆ ပေလောက် ရှိနေပြီ” ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဇဝဲကျေးရွာနှင့် တကူ၊ သာရဘွင်ကျေးရွာသို့ ဆက်သွယ်သွားလာရသည့် မြေသားလမ်း ပြတ်တောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် မြစ်ရေများ ထပ်မံမြှင့်တင်လာနိုင်မည်ဖြစ်ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောပြသည်။

တနင်္သာရီမြို့ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကို လှူဒါန်းလိုသူများအနေနှင့် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် သဘာဘေးအလှူခံဌာနသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Dawei Watch

ပုံစာ – တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာအုပ်စု ဘန်းပြည့်ကျေးရွာ ရေလွှမ်းမှု အခြေအနေ

ဓာတ်ပုံ-မင်းပြည့်စိုး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *