“အက်​​ကြောင်း​လေး​တွေ ​ပေါ်လာပြီ မိုးကသည်းထန်​စွာ ရွာပြီဆို ခလုတ်​နှိပ်​လိုက်​သလို ချက်​ချင်းကိုပဲ​ မြေပြို​တော့တယ်​”

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မြေပြို၊ တောင်ပြိုခြင်း အန္တရာယ်များကို လေ့လာထားသူ ဘူမိဗေဒပညာရှင် ဒေါက်တာကျော်ထွန်းနှင့် မေးမြန်းခြင်း

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက တောင်မြေပြိုကျခဲ့ပြီး ယနေ့ (သြဂုတ် ၁၁) နံနက်ပိုင်းအထိ သေဆုံးသူ ၅၁ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေရှိထားပြီး ဖြစ်ကာ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။ ယင်းမြေပြိုမှုဖြစ်ရသည့်အကြောင်းအရင်း အပါအဝင် မြန်မာနိုင်ငံတွင် မြေပြိုခြင်း၊ တောင်ပြိုခြင်း အန္တရာယ်များကို သိရှိရှောင်ရှားနိုင်ကြရန် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မြေပြို၊ တောင်ပြိုခြင်း အန္တရာယ်များကို လေ့လာထားသူလည်းဖြစ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာ ဘူမိဗေဒဌာန ဧည့်ပါမောက္ခလည်းဖြစ်သူ ဒေါက်တာ ကျော်ထွန်းကို The Voice Journal က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

The Voice Journal – ဆရာ အခု ပေါင်မြို့နယ်မှာ မြေပြိုတာ ဘယ်လိုအကြောင်းလို့ ယူဆနိုင်လဲ။

Dr. KT – ခုဟာကတော့လေ ဒီတော်တော်များများက ဒီတနင်္သာရီဘက်မှာ ကျောက်ကျင်းတူးတာနဲ့ပတ်သက်ပြီး ပြိုတာများတာကိုး။ သစ်တောပြုန်းတာများတယ်။ အခုနေရာကတော့ ကျောက်ကျင်းတွေ တူးတာ ရှိလား၊ မရှိဘူးလား မသိရဘူး။ ဒါပေမဲ့ အခုကြည့်ရတာ၊ ပြိုကျထားတဲ့ မြေသားကြည့်ရတာက မူလကျောက်ကို မိုးရေချိန်များလို့ သူတဖြေးဖြေး မြေဆီလွှာဘက်ပြောင်းသွားပြီးတော့ သူ့အပေါ်မှာရှိတဲ့ သစ်ပင်တွေကလည်း�ကြီးကြီးမားမား မရှိတော့လေ၊ မိုးရွာတဲ့အခါကျတော့ မိုးရေဒဏ်ခံနိုင်တဲ့ သစ်ပင်တွေက မရှိတော့ မိုးများလို့ဖြစ်သွားတယ်လို့ ယူဆထားပါတယ်။

The Voice journal – မြေပြိုခါနီး ဘယ်လိုလက္ခဏာတွေ ပြလဲ။ ဘယ်လို သတိထားရမလဲ။

Dr. KT – အဲဒါက ဒေသခံတွေက တောင်ခြေမှာ နေတဲ့သူတွေက သိရမယ်။ တော်တော်လေးကို သတိ ထားရမယ်။ ကျွန်တော်တို့လည်း သတင်းစာကနေ၊ တီဗွီကနေ မကြာခဏ လက္ခဏာတွေ ပြောပြတယ်။ အဲဒီနေရာကလူတွေ သတိမထားမိလို့ နေလိမ့်မယ်။ စပြီးပြိုပြီဆိုရင် ငလျင်လှုပ်သလိုတော့ ချက်ချင်းပေါ်လာတာ မဟုတ်ဘူး။ သူက တဖြေးဖြေးနဲ့ မြေသားက အိကျလာတယ်။ ပြိုခါနီးကျရင် တောင်စောင်းကို ကြည့်ရင် အက်ကွဲကြောင်းလေး စပြီးပေါ်လာတယ်။ ပေါ်လာပြီးရင်း နည်းနည်းလေး နည်းနည်းလေး ကြာလာတာတော့ ‘ဟ ဟ’ လာပြီးတော့ နောက်ဆုံးအဆင့်မှာ လုံးဝကို ဆင်းသွားတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ခဲလုံးပြုတ်ကျ လာတာတို့၊ သစ်ပင်လေးလှုပ်လာ တာတို့။ ကျန်နေတဲ့ သစ်ပင်တွေ ယိမ်းယိုင်လာတာတို့၊ တည့်တည့်မတ်မတ် မရှိတာတို့ အဲဒါကို သတိပြုမိမယ်ဆိုရင် ဒါဟာမြေပြိုမယ့်လက္ခဏာတွေဆိုတာ ကျွန်တော်တို့ သိတာပေါ့လေ။ တိုက်အိမ်တွေဆိုရင် တံခါးဘောင်တွေ ကြပ်လာမယ်။ ခြံစည်းရိုးတွေ ယိုင်လာတာတို့၊ အက်ကွဲကြောင်းတွေ ပေါ်လာတာတို့ ဒါတွေက မြေပြိုမယ့် လက္ခဏာတွေလေ။ ဒါတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ Awareness လိုခေါ်တဲ့ အတွေအကြုံ မရှိတာတို့၊ ခုနက ပညာရပ်ကလေးတွေ အားနည်းတာကြောင့် ထင်ပါတယ်။ ဟားခါးလိုနေရာမျိုး စဉ်းစားကြည့်ဗျာ။ ပေ လေးရာကျော် ပျက်စီးတယ်။ လူတစ်ယောက်မှ မသေဘူး။ သေတာက ကားမှောက်လို့ နှစ်ယောက်သေတာ။ အဲဒါမြေပြိုလို့ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆို သူတို့က အမြဲပြိုနေတဲ့နေရာဆိုတော့ သူတို့မှာ အတွေ့အကြုံက ရှိနေတယ်လေ။ အတွေ့အကြုံရှိတော့ လူတွေရှောင်သွားနိုင်တယ်။ ဒီမှာကတော့ (ပေါင်မြေပြိုမှု) ပြိုခဲ့တဲ့ ဖြစ်စဉ်လည်း (အတွေ့အကြုံ) ရှိပုံမရဘူး။ သစ်တော ပြုန်းတီးမှုကလည်း ရှိလာ တယ်။ ဒါနဲ့ပတ်သက်တဲ့ အတွေ့အကြုံလည်း မရှိတော့ ရုတ်တရက်လည်း မြေပြိုလိုက်ရော လူတွေက အကုန်လုံးအများအပြား ၄၀ ကျော်လောက်သေတယ်ဆိုပြီး သတင်းထွက်လာတယ်။

The Voice Journal – ခုနကလို လက္ခဏာဖြစ်တာကိုသိပြီး အချိန်ဘယ်လောက်အတွင်း ပြင်ဆင်ရင် မြေပြိုတဲ့ဘေးက လွတ်နိုင်မလဲ။

Dr. KT – အဲဒါအချိန်ကန့်သတ်ချက်က ကြာတာနဲ့ နှေးတာက ခုနကပြောသလို မိုးတအားများလာပြီဆိုရင် တွန်း အား ပိုများတယ်လေ။ မြေကြီးထဲကို ဝင်သွားတဲ့ရေ၊ မျက်နှာပြင်ကို တိုက်စားသွားတဲ့ရေရယ်၊ နှစ်ခုကြုံလိုက်တော့ မြန်မြန်အောက်ကို ဆင်းတာပေါ့နော်။ သူက သဘောကလည်း မိုးကစီးစီးထန်ထန် မရွာဘဲနဲ့ နည်းနည်းချင်း များများရွာလာပြီဆို သူက တဖြေးဖြေးအိပြီးတော့မှ ဆင်းတာပေါ့နော်။ အဲဒီလိုကွာတယ်။�အက်ကြောင်းတွေ စပြီးပေါ်လာပြီ။ အက်ကြောင်းစပြီး ကျယ်လာတာ တွေ့တာနဲ့ ကျွန်တော်တို့စောစောစီးစီး ရှောင်ရတော့မယ်။ အဲဒီတော့ ခုနပြောသလို အက်ကြောင်းလေးတွေ ပေါ်လာပြီ မိုးကသည်းထန်စွာ ရွာပြီဆို ခလုတ်နှိပ်လိုက်သလို ချက်ချင်းကိုပဲ မြေပြိုတော့တယ်။

The Voice journal အဲဒါဆို ဆရာ မြေပြိုကျမှုက စက္ကန့်ပိုင်းဖြစ်သွားတာကရော ဘာလို့လဲ။ အဲဒါဖြစ်နိုင်လား။

Dr. KT – စက္ကန့်လောက်ပဲကြာတယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့သတိ မထားမိလို့။ ပြိုလာပြီိဆို အက်ကွဲကြောင်း စပေါ်တာပဲ။ ကျွန်တော်တို့ ဘယ်နေရာမှာမဆို မြေပြိုတယ်ဆိုရင် အက်ကွဲကြောင်း စပေါ်တယ်။ တလောက ဟိုပွင့်ဖြူဘက်မှာ ရွာထဲမှာ အက်ကွဲကြောင်း ပေါ်သေးတယ်လေ။ အဲဒါလည်း အက်ကွဲကြောင်းက တဖြေးဖြေး ကျယ်လာတာလေ။ (ပွင့်ဖြူ) ဟိုမှာက ခြံထဲမှာ ရေတွင်းတွေ စိမ့်စမ်းတွေကို တူးရင်းနဲ့ တဖြေးဖြေး ပျော့ပြီး ကျဉ်း သွားတဲ့အချိန်မှာ အက်ကွဲကြောင်းတွေ ပေါ်လာတယ်။ အဲဒါကတော့ မိုးရွာတာနဲ့ သိပ်မဆိုင်ဘူးပေါ့နော်။ အဲဒါကြောင့် မြေဆီလွှာပေါ်မှာ မူတည်တယ်။ အဲဒီ (တနင်္သာရီ) ဘက်ဒေသတွေက အကုန်လုံးတော့ Geology အခေါ်အရ နှမ်းဖက်ကျောက်မျိုး သူက ကျောက်ဘဝမှာဆိုရင် တော်တော်လေးကို ကောင်းတဲ့ ကျောက်မျိုး။ မာကျောတာပေါ့။ ဒါပေမယ့် သူက တဖြည်းဖြည်းမိုးရေနဲ့ တိုက်စားပြီးများတဲ့အခါကျရင် မြေသား Soil ကို တဖြေးဖြေးပြောင်းသွား တယ်။ Soil က သူ့အပေါ်မှာ အထူကြီးဖြစ်နေတယ်။ အထူကြီးဖြစ်နေတဲ့အခါကျတော့ ခုနကပြောသလိုသစ်ပင်တွေ ဘာတွေရှိတယ်ဆိုရင် အမြစ်တွေက ထိန်းသိမ်းထားလို့ မြေကြီးက ဒီလောက်မပြိုဘူး။ သစ်ပင်မရှိတော့ သူ့ကို ကာကွယ်ပေးမယ့်သူ ချုပ်နှောင်မယ့်သူ မရှိတော့ မြေပြိုမှုဆိုတာဖြစ်သွားတယ်။ သုံးစက္ကန့်ဆိုတာက ပြိုတဲ့ အချိန်ကို ပြောတာဖြစ်မယ်။ အခုကျွန်တော်တို့အဖွဲ တိုင်ပင်နေတယ်။ သွားလေ့လာဖို့၊ သွားကြည့်ဖို့။ သွားကြည့်ရင် ကျွန်တော်ထင်တယ် အပေါ်မှာ သပ်သပ် ထပ်ဆင်းမယ့် အက်ကွဲကြောင်းတွေရှိမယ်။ ရှိကောင်းရှိနိုင်တယ်။ အဲဒါတွေကလည်း နောက်ထပ်အလားအလာဖြစ်လို့ သတိထားရမယ်။ မိုးကလည်း မိုးတွင်းကာလ ဖြစ်နေလို့။ တောင်မှာနေတဲ့ သူတွေအတွက် အသိပညာဖြန့်ဝေပေးဖို့ ကားလေးတွေနဲ့ရှိလား။ မရှိလားမသိဘူး။ အဲဒီလိုဖြစ်သွားတဲ့နေရာမှာ မိုးတွင်းကာလလည်းဖြစ်နေလို့ ဆက်ပြီးတော့ နေရာမချတာကောင်းလိမ့်မယ်။

The Voice Journal – မြေပြိုကျနိုင်မယ့်နေရာတွေ ဘယ်နေရာတွေရှိလဲဆရာ။ အခုချိန်မှာ သတိထားနိုင်ဖို့ဘယ်နေရာတွေရှိမလဲ။

Dr. KT – အဲဒါကျွန်တော်တို့ မြေပုံတစ်ခုထုတ်ထားတယ်ဗျ။ မြေပြိုမှု လက်စွဲဆိုတဲ့ စာအုပ်လေး UNDP က ပုံနှိပ်ထုတ်ပြီး ကျွန်တော်ရေးပေးတာပေါ့နော်။ အဲဒီမှာ တနင်္သာရီဘက်ဆိုရင် ကျွန်တော်တို့ အနီရောင်လေးတွေ ပြထား တယ်။ ဧရာဝတီမြစ်တစ်လျှောက်ဆိုလည်း ပြိုကျနိုင်မယ့် နေရာလေးတွေကို လိုင်းလေးတွေနဲ့ပြထားတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် အဲဒါတွေကို လုပ်ထားတာပေါ့။ အဲဒီတုန်က အရင်တုန်းက အထောက်အထားက မြေပြိုလေ့ ပြိုထမရှိဘူး။ ကျွန်တော်တို့ မြေပုံလုပ်နေချိန်မှာ သစ်တောပြုန်းတီးမှာ ဘာညာဆိုတဲ့ အပိုင်းကလည်း နည်းသေးတာကိုး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လုပ်ထားတာ။ ကျွန်တော်တို့ ဆွဲတုန်းက မြေပြိုသွားတဲ့နေရာတွေ၊ မြေပြိုနိုင်မယ့် နေရာတွေကို မြေပြိုနိုင်ဖို့အလားအလာရှိတဲ့နေရာတွေကို Satellite တို့ မြေပုံ။ ကောင်းကင်ဓာတ်ပုံကြည့်ပြီး လုပ်ရတာလေ။ အဲဒီမြေဆီလွှာပြိုကျမှုက မပြဘူး။ ငလျင်လို အက်ကွဲကြောင်းရှိမှ Fault ရှိမှ ငလျင်ဇုန်လို့ သတ်မှတ်ရသလိုပဲ။ မြေပြိုတာကျတော့ Fault လိုင်းနဲ့မဆိုင်တော့ဘူး။ မြေသား မြေဆီလွှာ၊ သစ်ပင်ပေါက်ရောက်မှုရယ်၊ လူတွေရဲ့မြေအသုံးချမှုရယ်၊ အဲဒါတွေကြည့်ပြီးမှ လုပ်ရတော့တဲ့အတွက် မြေပုံက နှစ်အလိုက် ပြောင်းလဲပေးဖို့လိုတယ်။

�The Voice Journal – မြန်မာနိုင်ငံမှာ မြေပြိုနိုင်မှုနဲ့ လေ့လာထားတာတွေရှိလား။ ဘယ်မြေက အန္တရာယ်ရှိတယ်။ နေထိုင်လို့ရလားဆိုတာမျိုးပါ ဆရာ။

Dr. KT – အဲဒါမျိုး အသေးစိတ်လုပ်ထားတာ မရှိဘူး။ ကျွန်တော်တို့မှာ အချိန်လည်း များများရယ် ငွေကြေးရယ်လိုတယ်။ ကျွန်တော်လုပ်နိုင်တာကတော့ ရခိုင်ပြည်နယ်ကို လုပ်ထားတယ်။ ကျန်တဲ့ ချင်းပြည်နယ် ဟားခါးတစ်ခုက လုပ်ထားပြီးပြီ။ ကျန်တဲ့နေရာတွေအတွက် လူကရှိနေပြီ။ ခုနကပြောသလို ရန်ပုံငွေတို့ အချိန်ပေးနိုင်မှု အဲဒါတွေ လိုသေးတယ်။

The Voice Journal – ခုချိန်ကစပြီး ဘေးအန္တရာယ်ရှိတဲ့ မြေပုံရေးဆွဲဖို့ လုပ်ဖို့လိုနေပြီလား။

Dr. KT – လုပ်သင့်နေတာကြာပါပြီ။ ဘာလို့လည်းဆို ကျွန်တော့်တို့က NGO ဆိုတော့ ရန်ပုံငွေ အတိုင်းအတာရှိတယ်။ လုပ်ချင်ပေမယ့် တစ်ဖက်က ရန်ပုံငွေကြည့်ရသေးတယ်။ ထောက်ပံ့ ပေးမယ့်သူရှိရင် အားရဝမ်းသာနဲ့ အဲဒီလိုဟာများတွေလုပ်ပေးချင်ပါတယ်။

The Voice Journal – အစိုးရပိုင်းက ကူညီမှုဘယ်လိုရှိလဲ။

Dr. KT – အစိုးရပိုင်းကလည်း ဒါမျိုးတွေ ကူညီဖို့်လိုပါတယ်။ သဘာဝဘေးအဖွဲ့တော့ ရှိတာပေါ့။ သူတို့က ဖြစ်လာမှ ဆန်ဝေမယ်။ ဆီဝေမယ်။ ကယ်ဆယ်ရေးဘယ်လိုလုပ်မယ်ဆိုပြီး သူတို့အပိုင်းက သူတို့လုပ်နေတာပေါ့။ ဒါပေမဲ့ ကြိုပြီးတော့ အန္တရာယ်ပြ မြေပုံကလေးတွေ လုပ်ဖို့ အစိုးရဘက်က ဦးဆောင်လုပ်မယ်ဆိုရင် အတော်ကလေး ပိုပြီးအဆင်ပြေနိုင်မယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *