တရားစွဲခံရသည့် ကျောင်းသားနှစ်ဦးအမှု သြဂုတ် ၂၀တွင် အမိန့်ချမည်

ရန်ကုန် ၊ သြဂုတ် ၁၄

ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားတွင် ချီတတ်အလေးပြုမှုကြောင့် တရားစွဲဆိုခံထားရသည့် ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားနှစ်ဦးကို သြဂုတ် ၂၀ ရက်နေ့တွင် အမိန့်ချမည် ဖြစ် ကြောင်း တရားစွဲခံထားရသည့် တကသကျောင်းသားဖြစ်သူ ကိုဇင်မင်းဖြိုးက ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ် ၁၉ ဖြင့် တရားစွဲထားသည့် အဆိုပါအမှုကို လှိုင်မြို့နယ်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး ယနေ့ (သြဂုတ် ၁၄) ရုံးချိန်းတွင် ဥပဒေအရာရှိက လျှောက်လဲ ချက်ပေးခဲ့ပြီး ကျောင်းသားများဘက်က တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တရားစွဲခံ ထားရသည့် ကျောင်းသား ကိုမင်းဟန်ထက်က ပြောဆိုသည်။

ပြစ်မှုထင်ရှား စီရင်ခံရပါကလည်း ငွေဒဏ်ကို ရွေးချယ်သွားမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါပုဒ်မ ၁၉သည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ကိုဇင်မင်းဖြိုးကလည်း တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ပြစ်ဒဏ်ကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ကျွန်တော်တို့မှာ အပြစ်မရှိဘူးလို့ ယူဆထားပါတယ်” ဟု ကိုဇင်မင်းဖြိုးက မီဒီယာများကို ပြောဆိုသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် သမဂ္ဂအဆောက်အုံမြေနေရာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ဆဲဗင်းဇူလှိုင် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ အဖွဲ့ချုပ်) က ဦးဆောင်ကာ စိုက်ပျိုးရေးမှတ်တိုင်မှ သမဂ္ဂ မြက်ခင်းပြင်အထိ လမ်းလျှောက် ချီတတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကလည်း မွန်းလွဲပိုင်းတွင် အင်းလျားကန်ဘောင်မှ သမဂ္ဂ မြက်ခင်းပြင်အထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

ယင်းချီတက်မှုများသည် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြခဲ့ခြင်းမရှိဟုဆိုကာ ကျောင်းသားရှစ်ဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဇူလိုင်လ ၁၈ရက်တွင် စတင် တရား စွဲဆိုခဲ့ပြီး တကသ ကျောင်းသားနှစ်ဦးသည် အာမခံ မယူ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ဗကသ အဖွဲ့ချုပ်က ကိုမင်းသွေးသစ်၊ မအိသီရိကျော်၊ ကိုစိုင်းသုဝဏ်၊ ကိုဝေယံဖြိုးမိုး၊ ကိုသူရလင်းနှင့် ကိုခန့်မင်းထက်တို့ကိုလည်း ကမာရွတ်နယ်မြေ တရားရုံးတွင် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *