ဘူးလက်လှဆွေကို ထုတ်ထားသည့် ဖမ်းဝရမ်း တရားရုံးသို့ ပြန်မရောက်သဖြင့် အမှုကြန့်ကြာ

ရန်ကုန် ၊ သြဂုတ် ၁၄

ဘူးလက်လှဆွေဟု လူသိများသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို ဖမ်းဆီးရန် ထုတ်ထားသည့် ဖမ်းဝရမ်း တရားရုံးသို့ ပြန်မရောက်သေးသဖြင့် အမှုကိုတိုးတက်အောင် မဆောင်ရွက်နိုင် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးမှ ပြန်ကြားရေးအရာရှိ ဦးမျိုးမင်းသန့်က ပြောဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) အစိုးရကို အကြိည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသည့် ဦးလှဆွေ ကို ဖမ်းဝရမ်းထုတ်ထားသော်လည်း ၎င်းနေထိုင်သည့် ဂန့်ဂေါမြို့နယ်တွင် ရှာမတွေ့သဖြင့် အဆိုပါမြို့နယ် စာတိုက်မှတစ်ဆင့် ဖမ်းဝရမ်းပြန်သွင်းသော်လည်း တရားရုံးသို့ မရောက်လာသေးကြောင်း ၎င်းက ဆိုသည်။

ယနေ့ (သြဂုတ် ၁၄) တွင် ဖမ်းဝရမ်းပြန်သွင်းရန် ပြောကြားထားသော်လည်း ဖမ်းဝရမ်းသည် တရားရုံးသို့ ရောက်လာခြင်း မရှိကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

“ဝရမ်းလည်း မရောက်ရှိသေးတဲ့အတွက် အမှုကို တိုးတက်အောင် မဆောင်ရွက်နိုင်လိုက်ပါဘူး။ ဝရမ်းကို စောင့်ဆိုင်းနေတဲ့အဆင့်ပဲ ရှိပါသေးတယ်” ဟု ဦးမင်းသန့်က ပြောဆိုသည်။

ဦးလှဆွေကို သြဂုတ်လ ၇ ရက်နေ့တွင် တရားစွဲဆိုကာ နောက်တစ်ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကာ ဖမ်းဆီးရန် ရှာဖွေခဲ့ကြောင်း၊ ရှာမတွေ့သဖြင့် ဂန့်ဂေါမြို့မ စခန်းမှူး ဒုတိယရဲမှူး လှမောင်က သြဂုတ်လ ၉ ရက်နေ့က စာတိုက်မှ တစ်ဆင့် ဖမ်းဝရမ်းပြန်သွင်းခဲ့သော်လည်း တရားရုံးကို မရောက်သေးကြောင်း ဦးမင်းသန့်က ပြောဆိုသည်။

တပ်မတော်အကြီးအကဲများကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ခြင်းအပေါ် ကန့်ကွက်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သြဂုတ် ၃ ရက်နေ့က ကျင်းပခဲ့သည်။ ယင်းပွဲ၌ ဦးလှဆွေ ဟောပြောရာတွင် နိုင်ငံတော်အကြီးအကဲများကို ပြစ်တင်ပြောဆိုခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

လာမည့် သြဂုတ်လ ၂၈ ရက် ရုံးချိန်းတွင် ဖမ်းဝရမ်းပြန်သွင်းမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။

ယင်းအပြင် ဦးလှဆွေ၏ ပြောဆိုချက်များအပေါ် အစ္စလာမ်ဘာသာရေးဆရာတစ်ဦးကလည်း သာသနာ ညှိးနွမ်း စေမှုဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် သြဂုတ်လ ၇ ရက်နေ့က ဦးတိုက် လျှောက်ထားသေးသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *